၁,၂,၃ နဲ့ စည်ကားတဲ့ ပြည်

Thursday, February 21, 2013

ကောင်းမြတ်မင်း ~

ဦးသိန်းစိန်အစိုးရသစ်လက်ထပ် အကျင့်ပျက်ချစားမှုတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ မကြာခဏ မိန့်ခွန်းတွေမှာ ပြောသလို ဋ္ဌာနဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူတွေကို ခေါ်ယူ အသိပေးပြောကြား
နေကြောင်း သတင်းစာ၊ ဂျာနယ်များနှင့် ရုပ်မြင်သံကြားသတင်းတွေမှာ မကြာခဏ မြင်တွေ့ခဲ့ရပါသည်။ 

ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပြည်မြို့ တနေရာ၊ ဓာတ်ပုံ- ကောင်းမြတ်မင်း ~


မနက်မိုးလင်းလို့ အိပ်ယာကနိုးရင် ခြေရင်းခေါင်းရင်းအိပ်တွေက ဒီနေ့ဘာရလဲလို့ အပြန်အလှန် 
မေးနေကြစကား နေ့တိုင်းကြားနေကြပင်ဖြစ်သည်။ ဒီနေ့ဘာရလဲဆိုတာ ဟင်းစား(ဟင်းချက်ရန် အသား၊ ငါး) ကိုမေးတာလို့ ထင်ကောင်းထင်ကြမယ် ထင်ချင်လဲထင်စရာကို အဲဒိလိုမေးတာ အသက်လေးဆယ်
ကျော် အမျိုးသမီးကြီးတွေဖြစ်နေတော့ မီးဖိုချောင်မှာ ချက်ပြုတ်ဖို့ ဘာရလဲလို့ ထင်ကောင်းထင်မှာပါ။ 

သို့သော် ပြည်မြို့မှာတော့ ဒီလိုမေးတာကို အဲဒိလိုထင်ရင် တတ်တတ်ဆင်အောင်လွဲပါလိမ့်မည်။ စတော့ရှယ်ယာ ဈေးကွက်ရဲ့ အတတ်အကျရှယ်ယာ ကိန်းဂဏန်းတွေရဲ့ နောက်ဆုံး ဂဏန်း ၂ လုံးကိုယူပြီး ကံစမ်းနေကြသူများတွေကတော့ အချင်းချင်း ဘာဂဏန်းရလဲလို့ မနက်ကိုးနာရီ ပွဲအတွက် ဂဏန်းဖလှယ်နေ ကြခြင်းသာဖြစ်သည်။ 

တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ( ၉ ) နာရီ၊ နေ့လည် ( ၁၂ ) နာရီ၊ နေ့လည် ( ၂ ) နာရီ၊ ညနေ ( ၄ ) နာရီခွဲ အချိန်တွေမှာ စတော့ရှယ်ယာဈေးကွက်မှ ရှယ်ယာအတတ်အကျ နောက်ဆုံး ဂဏန်းတွေကို ယူကာ ကံစမ်းတဲ့ ( ၂) လုံးထီကို တရက်မှာ လေးကြိမ် ကံစမ်းနိုင်ပါတယ်။ 

ဂဏန်းပေါက်တဲ့သူကိုတော့ လျော်ကြေးငွေအဖြစ် အဆ (၈၀) အဖြစ် ယေဘူယျ ဒိုင်တွေက ပေးပါတယ်။ လကုန်ရက်နဲ့ လလည် ၁၆ ရက်နေ့တွေမှာလည်း ပြည်မြို့ကလူတွေအတွက် ရင်ခုန်စရာ သုံးလုံးကစားပွဲ လည်းရှိနေပါသေးတယ်။ 

ပြီးခဲ့တဲ့ ၁၆ ရက်နေ့က အသိတယောက်က မြောက်ကိုရီးယားနဲ့ အိုဗားမားကို ကျေးဇူးတင်ကြောင်းပြော လို့ မေးမြန်းကြည့်တော့။ 

“မနက်က ဘာထိုးရမှန်းမသိဘူး။ အဲဒိအချိန် အသိတယောက်က ဂျာနယ်တစောင်ကိုင်လာတယ်။ ခဏယူ ဖတ်လိုက်တော့။ အဲဒိမှာတိုက်ဆိုင်မှု ၂ ခု သွားတွေ့တယ်။ မြောက်ကိုရီးယားက နယူးကလီးယား စမ်းသပ်မှု ပြုလုပ်တဲ့အချိန်နဲ သမ္မတအိုဗားမား အိမ်ဖြူတော်မှာ မိန့်ခွန်းပြောတဲ့အချိန်က ၂း၂၅ မိနစ်ဖြစ် 
နေတော့ ၂၂၅ ထိုးဖို့စီစဉ်ပြီးမှ အလယ်က ၂ နေရာမှာ ၇ နဲ့ ပါဝါချိန်းပြီး ချက်ခြင်း ဖုန်းဆက်ထိုးလိုက်တာ။ ငါးထောင်ဖိုးလောက် တော့ပေါက်တယ်။ ” 

ချဲထိုးတာတောင် ဖုန်းနဲ့ဆက်ထိုးလို့ရတဲ့အခြေအနေမျိုး ဖန်းတီးထားနိုင်တဲ့ လောင်းကစားဒိုင်တွေကို မကြာခဏ တာဝန်သိသူတွေက နေပြည်တော်အထိ တိုင်ပါအုန်းတော့ ဘယ်လို ဖမ်းနိုင်မယ်ဆိုတာ မစဉ်းစားတတ်တော့ပါ။ 

 “ ကျမတို့ဆို လိုင်းကြေးလည်းပုံမှန်ပေးတယ်။ ရောင်းခိုင်းတာလဲ ရဲတွေ ကိုယ်တိုင်ရောင်းခိုင်း တာ နေပြည်တော် က လမ်းကြောင်းရှိရင် ငါတို့အကြောင်းကြားမယ်လို့ နယ်ထိန်းကိုယ်တိုင်ကပြောတယ်။ လိုင်းကြေး မပေးတဲ့ နေ့တော့အဖမ်းခံရမှာလို့ပြောလို့ ကျမတို့လိုင်းကြေးပုံမှန်ပေးထားတဲ့ နယ်ထိန်း ကိုယ် တိုင် က ကျမယောက်ျား ကိုကျော်ကြီးကို တရားဥပဒေစိုးမိုးရေး လောင်းကစားမှု ပပျောက်ရေးဆို တဲ့ ခေါင်းစဉ်နဲ့ဖမ်းသွားတယ်။ 

တိုင်လို့ဖမ်းတယ်ဆိုရင်လဲ လမ်းဘေးကွမ်းယာဆိုင်တို့ ရပ်ကွက်ထဲက ပါချီပါချပ် ကော်မရှင်စားတွေကိုပဲ နယ်မြေခံရဲတပ်ဖွှဲ့ဝင်တွေ ဖမ်းတာပါ။ ပြည်မြို့မှာ ဒိုင်ချုပ်တွေ ၁၀ ယောက်ထပ်မနည်းရှိတယ်။ အဲဒိလူတွေ တယောက်မှ မဖမ်းဘူး။” ဟု ကွမ်းယာဆိုင်ရောင်းရင်း ၂ လုံးထီရောင်းခဲ့ဘူးသူ မပပလှိုင်က ပြောသည်။ 

ဒါပဲလားဆိုတော့မဟုတ်သေးပါဘူး။ စနေ၊ တနင်္ဂနွေနဲ့ အင်္ဂါ၊ ကြာသပတေး ရက်တွေဆို ပြည်မြို့ကို (၁)လုံးက ထပ် ဖမ်းစားပြန်ပါတယ်။ 

အင်္ဂန်လန်နဲ့ ဥရောပက နာမည်ကြီး ပရီးမီးယားလိဒ်၊ ချန်ပီယံလိဒ်၊ UEFA ၊ စပိန်လာလီဂါနဲ့ စီးရီးအေ ပွဲစဉ်တွေကလဲ ပြည်မြို့က အမျိုးသားများတင် ဖမ်းစားထားခြင်းမဟုတ်ပဲ အမျိုးသမီးများကိုယ်တိုင်က မန်ယူ၊ လီပါပူး၊ ရိုးမား၊ ဘိုင်ယန်၊ ဘာဂါ၊ အေစီ စတဲ့ဘောလုံးအသင်းတွေနဲ့ အပေါ်ကြေး လား အောက် 
ကြေးလား၊ တမတ်၊ ငါးမူး၊ ဂိုးပေါင်းတို့ Focous တို့ဆိုတဲ့ ဝေါဟာရတွေကို အမျိုးသမီးတွေကိုယ်တိုင် တွင်တွင်ကျယ်ကျယ် ပြောဆိုလာပါတယ်။ 

“လောင်းကစားဒိုင်တွေကြောင့်လို့တော့ မပြောလိုဘူး။ ဒါပေမဲ့ လူတွေရဲ့အကျင့်စာရိတ္တကတော့ ပျက်ဆီး 
နေတာ သေချာတယ်။ လွယ်ရင် သူကြွယ်တောင်မနေဘူးဆိုတဲ့ စကားအတိုင်းပဲ ဒီလို လွယ်လွယ် ကူ ကူ လောင်းကစားလုပ်လို့ရတဲ့ အရပ်မှာနေတဲ့ လူတွေရဲ့ စာရိတ္တကလည်း အကောင်း ဘက်ကို ရောက်သွား ဖို့ဆိုတာ တော်တော်ရာခိုင်နှုန်းနဲလိမ့်မယ်” ဟု ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဘစိန်က ပြော သည်။ 

သမ္မတဦးသိန်းစိန်က အကျင့်ပျက်ချစားမှုတွေကို ဘယ်လိုအရေးယူဆောင်ရွက်နေပါတယ်လို့ ပဲပြော 
ပြော ပြည်မြို့ကတော့ ယခင်စစ်အစိုးရလက်ထပ်ကအတိုင်းပဲ တလလုံး နားရက်တရက်မှကို မရှိတဲ့ ၁,၂,၃ နဲ့ စည်ကားမြဲ စည်ကားနေတဲ့ ပြည်မြို့ပဲ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved