ဒဏ်ရာများနဲ့ လက်ပံတောင်းတောင် အနုပညာ ပြပွဲ ဘာဆက်ဖြစ်နေလဲ

Thursday, February 21, 2013

စနေလင်း ~ 

ရန်ကုန်မြို့ ယုဒသန်ရိပ်သာတွင် ဖွင့်လှစ်ပြသလျှက်ရှိသော လက်ပန်းတောင်းတောင်အား အနုပညာဖြင့်ဖွဲ့ ဆိုမှု ပန်းချီဓာတ်ပုံပြပွဲကို သက်ဆိုင်ရာမှ နာမည်ပြောင်းရန် ပြောကြားခဲ့သော်လည်း ယခုနာမည်ဖြင့် ပြီးဆုံးသည့်တိုင် ဆက်လက် ပြသသွားမည်ဖြစ်ကြောင်း ပြပွဲစဉ်စီသူများထံမှ သိရသည်။ 

သမီးအထိန်းသိမ်းခံရလို့ ပူဆွေးသောကရောက်နေတဲ့ မိခင်ပါ။ သမီး မအေးနက်က လယ်မြေ အသိမ်းခံရလို့ ကြေးနီစီမံကိန်းရပ်ဆိုင်းပေးဖို့ တောင်းဆိုရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဓာတ်ပုံ - ဂျေပိုင် (ဧရာဝတီ) ~ 

ပြပွဲစတင်ပြသသည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ က ပြပွဲ ခွင့်ပြုချက် မရသေးသောကြောင့် ပြပွဲကို ရပ်ထားရန် အကြောင်း ကြားခဲ့ကြောင်း၊ နောက် တစ်နေ့ 
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်တွေ့ဆုံခဲ့ရာတွင် ပြပွဲကို ရပ်တန့်ရန်မဟုတ် သော်လည်း ပြပွဲနာမည်ကိုသာ ပြောင်းလဲစေချင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုထွန်းမြင့် အောင်က ပြောသည်။ 

 “ ကျွန်တော်တို့က ဒီပြပွဲအတွက် ခွင့်ပြုချက်တင်ခဲ့တာ ပြပွဲမတိုင်ခင် ၁၉ ရက်လောက်ထဲကပါ။ ဘာမှ အကြောင်းပြန်ကြားခြင်းမရှိခဲ့သလို ခွင့်ပြု မပြုကိုလည်း ပြန်ပြောတာမျိုးမရှိခဲ့ဘူး။ ပြပွဲက ဒီရက်မှာ ပြမယ် ဆိုတာ ကြေညာထားတော့ ကျွန်တော်တို့က ပြဖြစ်တယ်။ အဲဒါကို ပြပွဲဖွင့်ပြီးတော့မှ ဒီလိုပြောတော့ ဘယ်လိုမှ လုပ်မရဘူး။ ကျွန်တော်တို့ဘက်ကမလွန်ဘူး ” ဟု ၄င်းက ဆိုသည်။ 

မည်သည့်အကြောင်းကြောင့် ပြပွဲနာမည်ကို ပြောင်းလဲပေးရန်ပြောဆိုသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူး 
ဖြစ်သူမှ ပြောဆိုနိုင်ခြင်းမျိုးလည်း မရှိကြောင်း၊ တရားဝင် စာများ ထုတ်ပြန်ပေးရန်ပြောဆိုသော်လည်း ၄င်းတို့က မထုတ်ပေးခဲ့ကြောင်း ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။ ထို့အပြင် မြို့နယ် အုပ်ချုပ်ရေး မှူးဖြစ်သူ ကို လက်ပန်တောင်းတောင်အား အနုပညာဖြင့် ဖွဲ့ဆိုမှု ပန်းချီဓါတ်ပုံပြပွဲ၏ နာမည်ဖွင့်ဆိုမှုနှင့် ပက်သက်ပြီး လက်ပံတောင်း တောင်နှင့်တကွ မြန်မာ့ရေမြေတောတောင်အလှများ မပပျောက်စေရေးနှင့် လက်ပံတောင်းတောင် ဒေသခံများဘ၀ သာယာလှပရေးအတွက် အနုပညာဖြင့် ဖော်ကြူးခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြောင်း ၄င်းက ဆက်ဆိုသည်။ 

ယခုနာမည်ကို လုံးဝ ပြောင်းလဲသွားမည်မဟုတ်ပဲ ပြီးဆုံးသည်အထိ ပြသသွားမည်ဟု ပြပွဲစီစဉ်သူ နွယ်နီ ယဉ်ကျေးမှု ရပ်ဝန်းမှ ကဗျာဆရာ ဇော်လူစိမ်းက ပြောသည်။ သက်ဆိုင်ရာမှ ယခုလို လုပ်ဆောင်နေခြင်းက မိမိတို့ကို အခက်တွေ့အောင်လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ယူဆကြောင်း ၄င်းက ဆက်ပြောသည်။ 

 “ ကျွန်တော်တို့က ဒီမှာမပြလို့ တခြားလဲ ပြောင်းပြဖို့က မဖြစ်နိုင်ဘူး။ ပြပွဲခွင့်ပြုချက်တောင်းခံထားတာ လည်း ကြာပြီ။ သူတို့ဘက်ကသာ အကြောင်းမပြန်တာ။ သူတို့ဘက်က ဘယ်လိုယူဆတယ်ဆိုတာကိုတော့ မပြောတတ်တော့ဘူး ” ဟု ၄င်းက ဆိုသည်။ 

ထိုပြပွဲနှင့်ပက်သက်ပြီး မိမိတို့ကို ဖိအားမပေးသော်လည်း ပြပွဲကျင်းပသည့် ယုဒသာန်ရိပ်သာမှ တာဝန်ရှိ သည့် အသင်းတော် ဆရာတော်များကို ဖိအားပေးလျှင် မိမိတို့က လမ်းပေါ်ထွက်ပြီး လူထုသိရန် ပြောကြား သွားမည့်အကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောဆိုခဲ့သည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်း
ဆောင် တစ် ဦးဖြစ်သည့် ကိုထွန်းမြင့် အောင်က ပြောသည်။ 

ထိုအသင်းတော်ဘက်သို့ သက်ဆိုင်ရာမှ လာရောက်ဖိအားပေးခြင်းမျိုး၊ ပြပွဲနှင့်ပက်သက်ပြီး လာရောက် 
ပြောကြားခြင်းမျိုးမရှိသေးကြောင်း ပြပွဲစီစဉ်သူ တစ်ဦး ဖြစ်သည့် ကိုမျိုးသန့်ကလည်း ပြောသည်။ 

“ အခုချိန်အထိတော့ ဘာမှ အသံမကြားသေးဘူး။ သူတို့ အသင်းတော်ဘက်ကို ပြောရင် ကျွန်တော်တို့ လည်း သိရမှာပါ ” ဟု ၄င်းက ဆိုသည်။ 

ထိုကိစ္စနှင့်ပက်သက်ပြီး ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူထံသို့ တယ်လီဖုန်းဆက်သွယ် 
မေးမြန်ရာတွင် ၄င်းအနေဖြင့် တယ်လီဖုန်းဖြင့် လက်ခံဖြေဆိုခဲ့ ခြင်းမရှိခဲ့ပေ။  

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved