အီရတ်ပန်းချီဆရာ နှင့် မေးခွန်းတချို့

Thursday, February 14, 2013


~



နိုင်စွမ်း ~


အီရတ် နိုင်ငံသား ၁၉၃၉ ခုနှစ်ဖွား အလာဘာရှား (Ala Bashir) ဟာ တကယ့်ကို ထင်ရှား ကျော်ကြားတဲ့ အနုပညာရှင် တဦးပါ။ သူဟာ ပန်းချီဆရာ တဦးဖြစ်သလို ပန်းပုဆရာတဦးလည်း ဖြစ်နေပါတယ်။ ပြီးတော့ Plastic Surgery ခွဲစိတ် ကုသရာမှာလည်း အထူးကျွမ်းကျင်တဲ့ ဆရာဝန်တဦးပါ။ သူ့ရဲ့ လက်ရာတွေကို ပြင်သစ်က (Paris, Cagnes-sur-Mer) မှာ၊ အင်္ဂလန်နဲ့ အိုင်ယာလန်မှာ၊ သြစတြီးယားက (Vienna) မှာ၊ ဂျာမနီမှာ၊ ယူဂိုစလားဗီးယား က (Belgracie) မှာ၊ အီတလီက (Rome) မှာ၊ ရုရှားက (Moscow) မှာ၊ ကာတာက (Doha) မှာ၊ မော်ရိုကိုက (Robat) မှာ လစ်ဗျားက (Tripoli) မှာ၊ အိနိ္ဒယက(New Delhi) မှာ၊ တူနီးရှားက(Tunis) မှာ၊ အီဂျစ်က (Cairo) မှာ၊ အမေရိကန်နဲ့ အီရတ်နိုင်ငံက ဘဂ္ဂဒက်မှာ စသည်ဖြင့် ပြင်တွင်းမှာရော ပြည်ပမှာပါ ပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

အီရတ်လို တိုင်းပြည်မှာ ပန်းချီဆရာတဦး (အနုပညာရှင်တဦး) အဖြစ် ရပ်တည်နိုင်ဖို့၊ အနုပညာအလုပ်တွေ လုပ်ကိုင်နိုင်ဖို့ ဆိုတာ လုံးဝမလွယ်ကူတဲ့ အခြေအနေပါ။
အထူးသဖြင့် အနုပညာဖန်တီးမှုကို ဘာသာရေးကွပ်ထိန်းမှု ရှိနေတဲ့အတွက် ပိုမလွယ်ကူ လှပါဘူး။

ဘာရှားဟာ အီရတ်မှာရော ပြည်ပမှာပါ ဆုတံဆိပ်တွေ အများကြီး ဆွတ်ခူး ရရှိခဲ့သူပါ။
 ၁၉၈၈ ခုနှစ် ဘဂ္ဂဒက်မှာ ကျင်းပခဲ့တဲ့ ပန်းချီပြပွဲ (Biennale International Exhibition in Baghdad) မှာ ရွှေတံဆိပ်ရရှိခဲ့ပြီး၊ ၁၉၈၃ မှာ ပြင်သစ်နိုင်ငံ Paris မှာ ပြုလုပ်ခဲ့တဲ့ International Poster Exhibition မှာ ဒုတိယဆု ရခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အီရတ်နိုင်ငံ ကိုယ်စားပြု အနုပညာ အမြင့်ဆုံးဆု တခုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဘာရှားဟာ သမိုင်းဝင်ပန်းပု လက်ရာ ၂ ခု ကိုလည်း ဘဂ္ဂဒက်မှာ ဖန်တီးခဲ့ပါသေးတယ်။
ပထမတခုက 'The Union' ဆိုတဲ့ ရုပ်တုပေါ့။ ရုပ်တုရဲ့ အမြင့်က ၇၃-ပေရှိပြီး တန်ချိန် ၉၇၀-ရှိတဲ့ ပန်းပုလက်ရာကြီးပါ။ မိန်းမနဲ့ ယောက်ျားတို့ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် 'The Union' ဆိုတဲ့  ပန်းပု လက်ရာကြီးကို ယခုအခါ အဖျက်အဆီးခံလိုက်ရပါပြီ။ ဒုတိယ ပန်းပုလက်ရာက 'The Cry' ပေါ့။ အမြင့် ၂၇-ပေရှိပြီး ကြေးနီနဲ့ ထုဆစ်ပုံသွင်းထားပါတယ်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ မှာတုန်းက ပထမဆုံး ရေလက်ကြား စစ်ပွဲမှာ အပြစ်မဲ့ အမျိုးသမီးတွေနဲ့ ကလေး ၄၀၀ ကျော် လေကြောင်းက တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရမှုအတွက် အောက်မေ့ဖွယ် ပန်းပုလက်ရာပါ။
 ဒီရုပ်တုလက်ရာကို အခင်းဖြစ်ပွားခဲ့တဲ့ Amiyria အဆောက်အဦအနီးမှာ ထားရှိထားပါ တယ်။
              
ဘာရှားအပေါ် ဝေဖန်သုံးသပ်မှုများ
အီရတ်ပန်းချီဆရာ အလာဘာရှားအပေါ် ပညာရှင်အမျိုးမျိုးတို့က မှတ်ချက် ပြု ဝေဖန်သုံးသပ်ကြပါတယ်။
သူတို့သုံးသပ်မှုက အလွန်စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဘာရှားရဲ့ ပန်းပုရုပ်တွေ၊ ပန်းချီကားတွေကို အီရတ် အမျိုးသားပြတိုက်၊ ဂျော်ဒန်နိုင်ငံက အနုပညာပြတိုက်၊ ကာတာနိုင်ငံက အနုပညာပြတိုက်နဲ့ Corvus Art Centre in New Heaven, CT, USA စတဲ့ ပြတိုက်နဲ့ ပြခန်းတွေမှာ အမြဲတမ်းပြသထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီမှာ Corvus Art Centre  ရဲ့ တာဝန်ခံလက်စလေရွိုင်းက ဘယ်လိုမှတ်ချက် ပြုသလဲဆိုတော့ -
“အလာဘာရှားရဲ့ ပန်းပုတွေ ပန်းချီကားတွေနဲ့ ပုံကြမ်း Sketch တွေဟာ အစစ်အမှန်အကြောင်းအရာတွေကို အားလုံးနားလည်နိုင်တဲ့ ဘာသာစကားနဲ့ ပြောပြ ဖော်ညွှန်းနေပါတယ်။ ဆရာဝန်တဦးရဲ့ တိကျတဲ့သေချာတဲ့ ဖော်ညွှန်း ဖန်တီးမှုပါပဲ။
သူ့ရဲ့ ဖော်ညွှန်းမှု ဆိုလိုရင်းကို လူသားအားလုံး အလွယ်တကူ နားလည်နိုင်ကြသလို သူ့ဘ၀ဖြတ်သန်းမှုနဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာတရား၊ ပြီးတော့ သူ့ရဲ့ ပါရမီထူးကိုလည်း မြင်သာနေပါတယ်” တဲ့။
                                      
ပြီးတော့ - International Artists' Magazine အယ်ဒီတာ မော်ရင်းဘလွန်းဖီးလ်ဒ် က ၂၀၀၆-ခုနှစ် အောက်တိုဘာလထုတ်မဂ္ဂဇင်းမှာ မှတ်ချက်ပြု ရေးသားထား တာကိုလည်း ကြည့်ပါဦး။

“အီရတ်ပန်းချီဆရာ အလာဘာရှားရဲ့ လက်ရာတွေက Surreal ဆန် နေတယ်လို့ ဆိုပေမယ့် စိတ်ကူးယဉ် အိပ်မက်တခု သို့မဟုတ် အတွေးအမြင် တခုကို ပုံဖော်ပြသတာမဟုတ်ဘဲ သူ့ဘ၀ဖြတ်သန်းခဲ့ရမှု (Time & Space) ထဲက တကယ့် ထိတ်လန့်ဖွယ် အခြေအနေတွေကို အရင်းအတိုင်း ပုံဖော်ပြထားတာ တွေ့ရတယ်” လို့ မှတ်ချက်ပြုပါတယ်။

အလာဘာရှားကို ၂၀၀၆-ခုနှစ်ရဲ့ လေးစားစရာ အကောင်းဆုံး Artist အဖြစ် NAMTA (National Art Material Trade Association)  မှ ချီးမြှင့် ခဲ့ပါတယ်။ အဲဒီနှစ် NAMTA ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး၊ အမှာစကားပြောစေခဲ့ပါတယ်။ NAMTA ရဲ့ ဥက္ကဌလည်းဖြစ်၊ HK Holbein  ရဲ့ ဒုတိယဥက္ကဌလည်း ဖြစ်တဲ့ တင်မိုသီ မှတ်ချက်ပြုတာက -

“ဘာရှားကို အနှိုင်းမဲ့ဖြစ်စေတာက သမိုင်းတလျှောက် တွေ့ခဲ့ရတဲ့ တင်းကျပ်တဲ့ အုပ်စိုးမှုအောက်မှာ ရှင်သန် ရပ်တည်နေကြရသူတွေ ဘယ်လို ယုံကြည် မျှော်လင့်ရမယ် ဆိုတာ ပေါ်လွင်အောင် ဖော်ပြရေးဆွဲနိုင်ခြင်းပဲ”




အီရတ်-အီရန် စစ်ပွဲကာလ အတွင်းတုန်းက အီရတ်စစ်သားတွေကို ကိုယ်ဖိရင်ဖိ ကျွမ်းကျင်စွာ ပြုစုကုသပေးခဲ့တာကြောင့် ဘာရှားရဲ့ အရည်အချင်းကို သိရှိ သတိပြုမိပြီး ကျန်းမာရေး အကြံပေး အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
 ပြီးတော့ ၁၅ နှစ်ကျော် ကြာ ဆက်ဒမ်ဟူစိန်ရဲ့ အတွင်းလူ (ဆက်ဒမ်ရဲ့ ကျန်းမာရေး အတွက် တာဝန်ယူစောင့်ရှောက်ရသူ ဆရာဝန်) အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရပါသေးတယ်။ အခုတော့ ဘာရှားဟာ အင်္ဂလန်မှာ နေထိုင်နေပါပြီ။ သူဟာ 'The Insider: Trapped in Saddam's Brutal Regime' စာအုပ်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ အဲဒီစာအုပ်ကို Publisher's Weeklyမှာ ဘယ်လို မှတ်ချက်ပြု ရေးသားထားသလဲဆိုတော့ -

“ဆက်ဒမ်ဟူစိန်ရဲ့ ကျန်းမာရေးကို တာဝန်ယူစောင့်ကြပ်ရတဲ့ ဆရာဝန် တဦးဖြစ်သလို သူ့နဲ့ သူ့မိသားစုအတွက် အချိန်မရွေး ဆိုးကျိုးရလဒ်တခု ဖန်လာနိုင်တဲ့ အုပ်ချုပ်ရေး တင်းကြပ်မှုအောက်မှာ အနှစ် ၂၀ ကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့ရတဲ့ အမှောင်လွှမ်းခဲ့တဲ့ နေ့ရက်တွေအကြောင်း၊ ပြီးတော့ ဆက်ဒမ်ရဲ့ “ယုံမရသော အတွင်းလူ”လို့ သတ်မှတ်ခံခဲ့ရတဲ့ အကြောင်းတွေကနေ စာဖတ်သူကို သမ္မတနေအိမ်တော်၊ သွေးလွှမ်းခဲ့ရတဲ့ စစ်ဆင်ရေးခန်းမနဲ့ သွေး အလူးလူး အဂ်္ဂဒက်အကြောင်း ဖော်ဆောင်ဖွင့်ချပါလိမ့်မယ်” တဲ့။

ပြီးတော့ ၂၀၀၃-ခုနှစ် အမေရိကန်က တိုက်ခိုက်သိမ်းပိုက်မှုအပြီး ၂၀၀၄- ခုနှစ်မှာ အယ်ဂျာဇီးရားကို ရေးသား ပြောဆိုခဲ့ရာမှာ သမိုင်းသစ် ရေးထိုးနိုင်ကြဖို့ နဲ့ ပတ်သက်ပြီး “အီရတ်နိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့ မှားယွင်းစွာ နားလည် လက်ခံရတာတွေရှိတယ်။
အဲဒီအပေါ် ကျနော်သိရှိ နားလည်တဲ့ အတိုင်း အမှန်ကို ပြောပြဖို့က ကျနော်ရဲ့ လေးနက်တဲ့ တာဝန်တခုလို့ ခံယူပါတယ်။ အီရတ်ပြည်သူတွေရဲ့ လိုလားမှန်းဆချက်တွေကို ကြားပါတယ်” တဲ့။

ဘာရှားပြောတဲ့ စကားအချို့
“ကျိန်စာသင့်နေသလို သေခြင်းတရားတွေက ပတ်ချာလည် ၀ိုင်းဝန်း နှိပ်စက်နေချိန်မှာ လူသားဟာ သူ့ဘ၀ဖြစ်တည်မှုကို အလေးအနက် တွေးတော ဆန်းစစ်ကြည့်တယ်။ အဲဒီမှာ ချစ်ခြင်းမေတ္တာနဲ့သာ လွတ်မြောက်လမ်းကို ရနိုင် တယ်လို့ သဘောပေါက်လာတယ်။
 သေချာတဲ့ လွတ်မြောက်ရာအတွက် မလိုတာတွေ ဖယ်ရှားပစ်လိုက်တယ်။ ကျနော်တို့ဟာ သေမင်းကို မကျော်လွန် နိုင်ပေမယ့် ကျနော့်ပန်းချီကားတွေထဲမှာတော့ ချစ်ခြင်းတရားနဲ့ မျှော်လင့်ချက် တို့ရဲ့ ပဲ့တင်ဟိန်းသံတွေ ပါဝင်နေမှာပါ” တဲ့။


ဒီစကားကို ၁၉၉၅ ခုနှစ်က ဘာရှား ပြောခဲ့တာပါ။ ၂၀၀၅ ခုနှစ်မှာ ပြော ခဲ့တဲ့စကားကလည်း မှတ်သားစရာပါ။
ဘာဖြစ်လို့လဲဆိုတော့ ပန်းချီအနုပညာ အပေါ်အမြင်၊ သူတွေ့ရှိခဲ့တဲ့ အတွေ့အကြုံတွေ ပါဝင်နေလို့ပါပဲ။

“ငယ်ရွယ်စဉ်တုန်းကတော့ သေခြင်းတရားဆိုတာ ကြေကွဲဖွယ်အကောင်းဆုံး အဖြစ်အပျက်ပဲလို့ နားလည်ထားခဲ့တယ်။
 ဒါပေမဲ့ ၁၉၅၈ ခုမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုကြောင့် “အမုန်းတရားဆိုတာ ပျက်သုဉ်းရေးတရားပါလား”လို့ သဘော ပေါက်သွား ပါတယ်။
ပန်းချီဆရာ ဖြစ်လာတော့ မြင်နေရတဲ့အရာဆိုတာ မမြင်နိုင်တဲ့ စွမ်းအားကိုပြတဲ့ ထင်ရှားတဲ့ သာဓကပဲလို့ သဘောပေါက် လာခဲ့တယ်။ အစစ်အမှန်ရဲ့ အနေအထားကို ကျနော့်စိတ်ထဲမှာ ပုံသဏ္ဌာန် နောက်တမျိုးနဲ့ မြင်နေတယ်။
တချိန်တည်းမှာ အာရုံတွေရဲ့ လှည့်ဖြားမှုကိုလည်း သတိပြုမိလာတယ်။ အမှောင်ဆိုတာ ကျနော်တို့ စတင်ခဲ့ ရာဖြစ်သလို အဆုံးသတ်ရာပါပဲ။
အမှောင်နယ်ထဲမှာ အလင်းရောင်သွားလာမှုကို မမြင်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြင်နိုင်တာက အရာဝတ္ထုတွေရဲ့ ထင်ဟပ် ရောင်ပြန်ဟပ်မှုကိုပဲလေ။
အမှန်တရားဆိုတာ ကျနော်တို့ မြင်နိုင်တာ ရဲ့ အလွန်မှာရှိနေပါတယ်။ ကျနော့် အနုပညာဟာ ဒီအချက်ကို နားလည်စေနိုင်ဖို့ လမ်းခင်းပေးတဲ့ သဘောပါ”



အာဖဂန်ရဲ့ သားကောင်းရတနာ စာရေးဆရာ ခါလစ်ဟိုဆေနီနဲ့ စကား ပြောခြင်းဆိုပြီး အင်တာဗျူးဆောင်းပါးကို ၂၀၀၉ ခုနှစ် စင်တင်ဘာလထုတ် နွယ်နီမဂ္ဂဇင်းမှာ ဖတ်ရှုခဲ့ရပါတယ်။ အာဖဂန်နိုင်ငံသား ခါလစ်ဟိုဆေနီကို Mother' Jones မဂ္ဂဇင်း က အင်တာဗျူး ပြုလုပ်ခဲ့တာကို ဘာသာပြန်ဖော်ပြပေး ထားတာပါ။
အဲဒီမှာ အာဖဂန်အပေါ် ဟိုဆေနီရဲ့အမြင်၊ မျှော်လင့်ချက် တွေကို တွေ့ရှိရတော့ အီရတ်နိုင်ငံသား အလာဘာရှားကရော အီရတ်နဲ့ ပတ်သက်ပြီး အမြင်ဘယ်လိုရှိ မှာပါလိမ့်လို့ တွေးမိတယ်။ ဒါနဲ့ ကျနော်ဘာရှားဆီကို e-mail ပို့ ဆက်သွယ်မေးမြန်းကြည့်တော့ သူပြန်လည်ဖြေကြားတာတွေကလည်း စိတ်ဝင်စားစရာပါ။
ကျနော် တိုက်ရိုက် မေးမြန်း ဖြေကြားပေး တာတွေကို တင်ပြမျှဝေလိုက်ပါတယ်။

ဒေါက်တာ အလာဘာရှားခင်ဗျား   
အီရတ်လို သမိုင်းနောက်ခံရှိနေတဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိတယ်ဗျ။ ဥပမာ - အာဖဂန်ပေါ့။ အီရတ်အပေါ် ခင်ဗျား ဘယ်လိုသဘောထား တယ်။ ဘယ်လိုမျှော်လင့်တယ်ဆိုတာက စိတ်ဝင်စားစရာပါပဲ။ (အခုတော့ ခင်ဗျား UK မှာ နေထိုင်နေပြီလေ) အခု ကျနော်မေးမယ့် မေးခွန်း ၅ ခု ကို ပွင့်ပွင့်လင်းလင်း ဖြေကြားပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

၁။ ခင်ဗျား အီရတ်ကို ပြန်ဖြစ်သေးလား။ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့ပြီလဲ။ အဲဒီအပေါ် ခင်ဗျား ဘယ်လိုခံစားမိလဲ။
၂။ ခင်ဗျားရဲ့ အနုပညာက ခင်ဗျားဇာတိ တိုင်းပြည်က လူတွေကို တစုံတရာ တွန်းအားပေး မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်မလား။
၃။ အီရတ်လို သမိုင်းကြောင်းနောက်ခံရှိနေတဲ့ နိုင်ငံက Artist တွေကို ခင်ဗျား ဘာပြောချင်ပါသလဲ။
၎။ ဆရာဝန်ဘ၀နဲ့ Artist ဘ၀ ဘယ်ဟာကို ပိုနှစ်ခြိုက်ပါသလဲ။
၅။ ခင်ဗျား ဆက်လက်ဆောင်ရွက်မယ့် ရှေ့အစီအစဉ်တချို့ကို သိပါရစေ။
                                ကျေးဇူးပါခင်ဗျား။
                              
မစ္စတာနိုင်
အခုလို စာရေးမေးမြန်းတဲ့ အတွက် ကျေးဇူးပါ။ ခင်ဗျားရဲ့ မေးခွန်းတွေကို ကျုပ် စာပိုဒ်တွေနဲ့ဖြေမယ်။ ပြီးမှ ခင်ဗျား အဆင်ပြေသလို ခွဲလိုက်ပေါ့။
ကျုပ် ဖြေတာတွေက ခင်ဗျားမေးခွန်းတွေအပေါ် ခြုံငုံနိုင်မိမယ် ထင်ပါရဲ့လေ။

ပန်းချီဆရာအဖြစ်ရော ဆရာဝန်တဦးအဖြစ်နဲ့ပါ ကျုပ်က နေသားကျ နေပြီဗျ။
အနုပညာကတော့ ဘ၀ရှင်သန် ဖြတ်သန်းမှု ကို ပိုပြီးနက်ရှိုင်းတဲ့ အနေအထား တရပ်က ရှုမြင်နိုင်အောင် ကူညီပေးသလို လူသားဘ၀တွေမှာ ဘက် နှစ်ဖက် ရှိနေတယ် ဆိုတာအထိ တွေ့ရှိစေခဲ့တယ်။ တခုက “ဖုံးကွယ်မထား တဲ့ဘက်”၊  နောက်တခုက “ဖုံးကွယ်ထားတဲ့ဘက်”တွေပေါ့။ ဖုံးထားတဲ့ ဘက်က အန္တရာယ်ကြီးတယ်။
ဘာဖြစ်လို့လဲဆိုတော့ တခြားလူတွေ မမြင်နိုင်၊ မခံစားနိုင်ဘူးလေ။ အဲဒီ ဖုံးထားတဲ့ဘက်ကို ဘယ်အချိန်မှာ မြင်ရသလဲဆိုတော့ လုပ်ပိုင်ခွင့် အာဏာရလာတဲ့အချိန်ကျမှသာ မြင်ရတာမျိုးပဲ။ အဲဒီအချိန်မှာ သူတို့ဟာ လွှမ်းမိုးချုပ်ကိုင်သူ ဖြစ်သွားတော့တာပဲ။ အခြားသူတွေရဲ့ လွတ်လပ်မှု ကို ထိပါး ဖိနှိပ်တာတွေ ဖြစ်သွား တော့တာပဲ။
အနုပညာက အဲဒီလို ပျောက်လွင့်ဆုံးရှုံးသွားရတဲ့ လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ပြန်လည်ရယူဖို့ နည်းမှန် လမ်းမှန်နဲ့ စေ့ဆော်မြှင့်တင်ပေးနိုင်တယ်။ မျှော်လင့်ချက်တွေ ရစေနိုင်တယ်လို့ ယုံကြည်တယ်။



အီရတ်ဟာ ဒီလိုလွှမ်းမိုးချုပ်ကိုင်သူ လက်အောက်မှာ ရှိခဲ့တုန်းက ပြည်သူတွေလည်း ဖိနှိပ်ချုပ်ချယ်မှု အောက်မှာ မပျော်ရွှင် ခဲ့ကြရပါဘူး။
အဲ အပြောင်းအလဲ တခုနဲ့ကြုံတော့ ပြည်သူတွေ ပျော်ကြတယ်။ အနာဂတ်မျှော်လင့်ချက် အသစ်တွေ ရလာကြတယ်။
သို့ပေမယ့်ပေါ့ဗျာ။ ဘာဖြစ်သွားရပြန်သလဲဆိုတော့ ပြည်သူကို အလုပ်အကျွေးပြုပြီး တိုင်းပြည်ကို ဦးစီးဦးဆောင် လုပ်ကြဖို့ထက် အခွင့်အာဏာနဲ့ ငွေကြေးရဖို့ပဲ ဦးတည်နေတဲ့ ဦးဆောင်သူတွေ ပေါ်ထွက်လာ ကြပြန်ရောပဲ။
သုံးသပ်ကြည့်တော့ ပညာကောင်းကောင်း မတတ်ခဲ့ကြလို့ပဲ။
 ပြီးတော့ ဘာသာရေး၊ လူမှုရေးဓလေ့ ထုံးထမ်းတွေကို နိုင်ငံရေး နယ်ပယ်ထဲ ဆွဲယူထည့်သွင်း လုပ်ကိုင်နေကြလို့ပဲ။ ဒီလိုအခြေအနေမှာ ရှိနေတဲ့ နိုင်ငံအတွက် တကယ့် ဒီမိုကရေစီ ဆိုတာရဖို့ အချိန်ပိုယူ၊ ပိုကြာနိုင်တယ်ဗျ။
 ဒါနဲ့ကျုပ်လည်း အီရတ်ကို အခုအထိပြန်မရောက်ဖြစ်သေးဘူး ဆိုပါတော့။


ကျုပ်က ဆေးပညာကိုချစ်သလို အနုပညာကိုလည်း မြတ်နိုးသူပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ နှစ်ခုစလုံးက လူသားနဲ့ ဆက်နွယ်နေတာကိုး။
ဆေး ပညာက လူ့ခန္ဓာကိုယ် ဘယ်လိုတည်ဆောက်ထားတယ်။ ဘယ်လိုအလုပ်လုပ် တယ်ဆိုတာ သိရှိစေသလို အနုပညာကလည်း လူသားနဲ့ အခြားအရာဝတ္ထုတွေ (သဘာဝတရား) ဆက်စပ်တည်ရှိမှုကို အတွင်းကျကျ သိရှိစေတယ်။
အဲဒီထက် ပိုပြောရရင် ကျုပ်တို့ရဲ့ ကိုယ်ခန္ဓာကြီးရဲ့ အလှအပ အမြင်တရားအပြင် လူ့ဘ၀ ရှင်သန် ဖြတ်သန်းမှု ရဲ့ အတွင်းပိုင်း အလှအပ တရားကိုလည်း တွေ့မြင်ခံစားရစေ ပါတယ်။ အဲ ခင်ဗျားမေးသလို အဲဒီနှစ်ခုက ဘယ်ဟာကို ပိုနှစ်သက်သလဲ ဆိုရင်တော့ အနုပညာကိုပဲ ရွေးတယ်လို့ ပြောမယ်။
ကျုပ်ဆက်ပြီးလုပ်မယ့် လုပ်ငန်းစဉ်တွေ ကတော့ ပန်းချီကားတွေရေးမယ်။ အထူးသဖြင့်ပေါ့ အခွင့်အာဏာ အတွက် အသုံးချခံနေရတဲ့ လူတွေအတွက် တစုံတရာ သိမြင်စေဖို့ပဲ။

ကျုပ်ဖြေထားတာတွေက ခင်ဗျားမေးတာနဲ့ အဆင်ပြေမယ် ထင်ပါရဲ့ဗျာ။ တခြားမေးချင်တာရှိရင်လည်း မေးနိုင်ပါတယ်။

အလာဘာရှား

အီရတ်ပန်းချီဆရာ ဒေါက်တာအလာဘာရှားနဲ့ ဆက်သွယ်လိုရင်တော့ သူ့ရဲ့ ၀က်ဆိုဘ် www.alabashir.com, နဲ့ www.corvusart center.com  တွေမှာ ကြည့်ရှုဆက်သွယ်နိုင်ပါတယ်။


(၂၀၀၉-နိုဝင်ဘာ၊ နွယ်နီမဂ္ဂဇင်း)
              

             





















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved