မြန်မာ့ ပထမဆုံး One billion rising

Thursday, February 14, 2013

ဒီနေ့ ချစ်သူများနေ့မှာ ထူးခြားတဲ့ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မြို့ လူစည်ကားရာနေရာတွေဖြစ်တဲ့ ပြည်သူ့ရင်ပြင်၊ ဗိုလ်ချုပ်ဈေး၊ ကန်တော်ကြီး၊ အင်းလျားကန်ဘောင်၊ တော်ဝင်စင်တာ၊ Junction Square စတဲ့နေရာတွေမှာ လုပ်ခဲ့ပါတယ်။ 

 
(ဗိုလ်ချုပ်ဈေးရောက် One Billion Rising) 

ဒီလှုပ်ရှားမှုရဲ့ နာမည်က One Billion Rising ပါတဲ့။ သူတို့ရဲ့လှုပ်ရှားမှုပုံစံကတော့ လူစည်ကားတဲ့နေရာမှာ ရုတ်တရက် သီချင်းသံတွေထွက်ပေါ်လာပြီး လူတွေထဲမှာ ရောနှောနေတဲ့ One Billion Rising အဖွဲ့သားတွေက တယောက်ပြီးတယောက် ထွက်လာကြပြီး အကတွေ က ကြတာပါ။ 

ဒါကို flash mob လို့ ခေါ်ပါတယ်။ ဒီလို flash mob အကတွေကို နိုင်ငံတကာမှာ တော်တော်များများ က နေကြတာ ကြာပါပြီ။ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့အခါမျိုးတွေမှာတောင် ဒီလို flash mob အကအဖွဲ့ကို ငှားရမ်း အကူညီတောင်းပြီး လက်ထပ်ခွင့် တောင်းတာတွေကိုလည်း မြင်ဖူးတွေ့ဖူးကြမှာပါ။ မြန်မာပြည်မှာကတော့ ဒါဟာ ပထမဆုံးပါပဲ။ 

One Billion Rising (Myanmar) အဖွဲ့သားတွေဟာ Break the Chain ဆိုတဲ့ သီချင်းနဲ့ လူအုပ်ထဲမှာ ရုတ်တရက် ကပြကြ၊ သူတို့ ပြောချင်တဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ စကားတွေကို ပြောဆိုကြပြီးတော့ နောက်တနေရာကို ဆက်သွားကြတဲ့ ပုံစံတွေနဲ့ လှုပ်ရှားခဲ့ကြတယ်လို့သိရပါတယ်။  

(ပြည်သူ့ရင်ပြင်က One Billion Rising) 

One Billion Rising ဆိုတာဟာလည်း ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ တက်ကြွသူတွေစုပေါင်းပြီး အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတွေကို တနေ့တည်း၊ တရက်တည်းမှာ တပြိုင်နက် ကျင်းပကြတဲ့ လှုပ်ရှားမှုတခုရဲ့ နာမည်ပါ။ ဒီလှုပ်ရှားမှုကို အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ Eve Ensler ဆိုသူ အမျိုးသမီးက စတင်ခဲ့တာပါ။

 မြန်မာနိုင်ငံမှာတော့ On Billion Rising ဆိုတာ ဒီနှစ်မှာမှ ပထမဆုံး စ လုပ်တာပါ။  
 
(ကန်တော်ကြီး ပန်းခြံရောက် One Billion Rising) 

One Billion Rising အကြောင်း One Billion Rising (Myanmar) ရဲ့ Facebook စာမျက်နှာမှာ ဒီလိုရေးထားပါတယ်။ 

ကမ္ဘာ ပေါ် ရှိ အမျိုး သမီး သုံးဦး တွင် တစ်ဦးမှာ အဓမ္မ ပြု ကျင့် မှု ခံ နေရ ပါသည်။ အမျိုးသမီး သန်းတစ်ထောင် အကြမ်းဖက် ခံနေရ ခြင်းသည် အလွန် ရက်စက် မှု ဖြစ်သည်။ အမျိုးသမီး သန်းတစ်ထောင် ကခုန် နေခြင်းသည် တော်လှန်မှု တစ်ခု ဖြစ်သည်။ ချစ်သူများနေ့ (V-day) ၁၅ နှစ်ပြည့် သည့် ၂၀၁၃ ဖေဖာဝါရီ ၁၄ ရက် နေ့ တွင် အမျိုးသမီးများ အပေါ် အကြမ်းဖက် မှု ရပ်တန့် ရန် လမ်းလျောက် ခြင်း၊ ကခုန် ခြင်း စသည့် လှုပ်ရှားမှု များ တွင်ပါဝင်ရန် စိတ် ၀င်စားသူ အမျိုး သမီး သန်းတစ်ထောင် ကို ကျွန်မ တို့ က ဖိတ်ခေါ်လိုက်ပါသည်။ One Billion Rising လှုပ်ရှားမှု သည် နိုင်ငံ တိုင်း ရှိ အမျိုး သား၊ အမျိုးသမီး အားလုံး ကို လှု့ံဆော် လာပါလိမ့်မည်။ ချစ်သူများနေ့ ဟာ ကမ္ဘာ ကြီး ကို နယ် နမိတ် ဖြတ် ကျော်ပြီး ကျွန်ုပ် တို့ ဧ။် စုပေါင်းစွမ်းအား၊ လူထု အင်အား နှင့် တလုံးတ၀တည်း ဖြစ် နေမှု ကို မြင် စေချင် ပါသည်။ 
One Billion Rising သည် ဘယ်လို ပုံစံဖြစ်နေမည်လဲ? ၂၀၁၃ ဖေဖော်ဝါရီ ၁၄ သည် တော်လှန် ရေး တစ်ခု ကဲ့ သို့ ဖြစ် နေပါလိမ့် မည်။ ( onebillionrising.org မှ တိုက်ရိုက် ဘာသာပြန်ဆိုပါသည်။) 

ဒီနေ့ကျရောက်တဲ့ ချစ်သူများနေ့မှာ အမျိုးသမီးတွေကို အလေးထားဖို့၊ အမျိုးသမီးအကြမ်းဖက်မှုကို ကာကွယ်ဖို့ လှုံဆော်တဲ့ One Billion Rising လှုပ်ရှားမှုကို မြန်မာနိုင်ငံမှာသာမကပါဘူး၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း လှုပ်ရှားမှုတွေ လုပ်ပါတယ်။ 

ဒီနေ့ညနေပိုင်း အိန္ဒိယပါလီမန်နားမှာ အိန္ဒိယတက္ကသိုလ်ကျောင်းသူလေးတွေရဲ့ One Billion Rising သီချင်းနဲ့ အက၊ ရိုးရာအကတွေနဲ့ လှုပ်ရှားမှုတွေ လုပ်မှာဖြစ်ပါတယ်။ 

ဓာတ်ပုံများကို One Billion Rising Myanmar ရဲ့ Facebook ကနေ ရယူပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved