“ချင်းတွေက တပ်ထဲကနေ ထွက်ထွက်သွားတယ်”

Wednesday, February 6, 2013

~


ဦးခွန်လိန်းနဲ့ အင်တာဗျူး ဒုတိယပိုင်း
ဖလမ်းမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်းနဲ့ အင်တာဗျူး ဒုတိယပိုင်းမှာ ချင်းတိုင်းရင်းသားတွေ တပ်မတော်ကနေ ထွက်သွားကြတာ ဘာကြောင့်လဲ၊
အမျိုးသားနိုင်ငံရေး၊ တိုင်းရင်းသားစာပေ စတဲ့ အကြောင်းအရာများကို ဖတ်ရမှာပါ။
ဧရာဝတီ သတင်းထောက် လ၀ီဝမ်က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

ဧရာဝတီ -  ဦးနေ၀င်းခေတ်က ချင်းပြည်နယ်မှာ စစ်သားထွက်တယ် ဆိုတော့ အခုရော ထွက်သေးလား။
ဦးခွန်လိန်း -  စစ်သား လုံးဝ မထွက်တော့ဘူး၊ ဘာကြောင့်လဲဆိုရင် ဆိုရှယ်လစ်လမ်းစဉ်ခေတ်နောက်ပိုင်းကစပြီး ချင်းတပ်ရင်းတွေကို အကုန် ဖျက်သိမ်းလိုက်တယ်၊ ဖျက်ပြီး ဗမာနဲ့ ရောလိုက်တယ်။ ကချင်တပ်ရင်းလည်း ထိုနည်းလည်းကောင်းပဲ။ အဲဒီကတည်းက ချင်းတွေက တပ်ထဲကနေ ထွက်ထွက်သွားတယ်။
စစ်တက္ကသိုလ်ဆိုတာ ရှိတယ်၊ အဲဒီကို  ချင်းတွေ ၀င်လို့ မရတော့ဘူး၊ စစ်တက္ကသိုလ်ပြီးရင်လည်း  သုံးပွင့်အပြင် မရတော့ဘူး၊ (ဗိုလ်ကြီးအဆင့်ထက် ကျော်လွန်တဲ့ရာထူး မရတော့ဘူး) စစ်တပ်ထဲမှာ .... ချင်းလည်းဖြစ်မယ်၊ ခရစ်ယာန်လည်း ဖြစ်မယ် ဆိုရင် ဗိုလ်ကြီးရာထူးထက် ပိုမပေးရဘူး ဆိုတာ ရှိတယ်၊ သက်ရှိထင်ရှားတဲ့ စစ်တပ်ထဲကထွက်လာတဲ့ အပေါင်းအသင်းတွေကိုယ်တိုင်က ပြောပြတာ။ “ခ”  နှစ်ထပ် လို့ ပြောတယ်။ “ခ” ဆိုတာ မှတ်ပုံတင်မှာ ချင်း၊ နောက် တ “ခ” က ခရစ်ယာန် ဖြစ်မယ် ဆိုရင် လုံးဝ ရာထူး မတိုးဘူး။ အဲဒီတော့ ချင်းတွေက န၀တခေတ်မှာ လုံးဝ စစ်ထဲမ၀င်တော့ဘူး။ ဘာရာထူးမှ မရတဲ့အတူတူ ဘာလုပ်မလဲ မ၀င်တော့ဘူး။ မ၀င်တော့ ဘာလုပ်သလဲ၊ နိုင်ငံခြားကို ထွက်သွားတယ်။  အခု ချင်းပြည်နယ်မှာ လူငယ်လူရွယ် ပညာတတ်တွေက အင်မတန် ရှားနေပြီ။

ဧရာဝတီ -  ချင်းစာ နဲ့ စကားအကြောင်း ပြောပါဦး။
ဦးခွန်လိန်း -  ချင်းက စာ တူတယ်၊ မတူတာက စကား။ မတူတဲ့စကားကို တူတဲ့စာနဲ့ရေးတယ်။ မြောက်ပိုင်း ငါးမြို့နယ်က စကားမတူဘူး။ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်။ စကားမတူပေမယ့် စာတူတဲ့အတွက် တွန်းဇံမြို့နယ်ကစာ ဖတ်တတ်တယ်၊ တွန်းဇံကလူကလည်း ဖလမ်းစာကို အကုန်လုံး ဖတ်တတ်တယ်။ ချင်းတွေရဲ့စကားဆိုတာ တကယ်တမ်း သုတေသနလုပ်မယ် ဆိုရင် ချုပ်လိုက်ရင် အရင်းက အတူတူပဲ။ နေရာဒေသ ပထ၀ီအနေအထားအရ ကူးလူးဆက်ဆံရေး ခက်ခဲလာတဲ့အခါမှာ၊ တတောင်နဲ့တတောင် အတားအဆီးတွေ များလာတဲ့အခါမှာ ကာလကြာရှည်တဲ့အခါ စကားတွေက ကွဲသွားတာပဲရှိတယ်။ စကားတွေရဲ့ ပင်မက အတူတူပဲ။ ဒါတောင် ဒီ ငါးမြို့နယ်က အကုန် ပြောလို့ရတယ်။


ဧရာဝတီ -  ဘာသာရေးပိုင်းမှာ အကန့်အသတ်ခံနေရတယ် ဆိုတဲ့ သတင်းတွေ ထွက်တယ်၊ အဲဒါ ဟုတ်သလား။
ဦးခွန်လိန်း -  ဒါက န၀တ ခေတ်မှာ ပြောဖို့တောင် မလိုတော့ဘူး။ ဗုဒ္ဓဘာသာက တောင်ထိပ်မှာ စေတီ တည်တယ် မဟုတ်လား၊ ကျနော်တို့လည်း ထိုနည်းလည်းကောင်းပဲ၊ ထင်ပေါ်ထင်ရှားတဲ့နေရာ၊ လူအများ မြင်သာတဲ့နေရာတွေမှာ ကားတိုင်စိုက်လေ့ရှိတယ်။ ကားတိုင်ဆိုတာ ကယ်တင်ရှင်ယေရှုခရစ်တော် လောက အပြစ်သားတွေကို  ကယ်တင်ဖို့ သူ့ရဲ့ အသက်ကိုစွန့်တဲ့နေရာ။ အသက်သွေးစွန့်တဲ့နေရာ။ အဲဒါ ခရစ်ယာန်ရဲ့ အထွတ်အမြတ်။ အဲဒီ အထွတ်အမြတ်ထားတဲ့ဟာတွေ အကုန်လုံးကို ဖြိုဖျက်တာ ရှိတယ်။  အဲဒါ ကြားဖူးသလား။

ဧရာဝတီ -  အစီရင်ခံစာထဲမှာတော့ ဖတ်ဖူးတယ်၊ ဓာတ်ပုံတွေလည်း တွေ့တယ်။
ဦးခွန်လိန်း -  အဲဒီလိုရှိတယ်၊ ဘုရားကျောင်း မဆောက်ရ၊ ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရ။

ဧရာဝတီ -  လက်ရှိအစိုးရလက်ထက်မှာရော ဘယ်လိုလဲ။
ဦးခွန်လိန်း -  န၀တ နယက လက်ထက်မှာ ဒါတွေ ရှိခဲ့တယ်။ အခု အစိုးရခေတ်မှာတော့ ဘယ်ရှိတော့မလဲ။ ရှိလို့ ဘယ်ရမလဲ။ ဒီမိုကရေစီ ဖြစ်နေပြီပဲ။

ဧရာဝတီ -  အစိုးရက တိုင်းရင်းသားတွေကို ပစ်ထားခဲ့ပေမယ့် ဆက်ပြီး ရှင်သန်နေတာ ဘာကြောင့်လဲ။
ဦးခွန်လိန်း -  ဘာသာရေး ရှိလို့။ ခရစ်ယာန်ဘာသာရေးမှာ ကျမ်းစာအုပ်ရှိတယ်၊ သီချင်းစာအုပ်ရှိတယ်၊ သီချင်းတွေ ကျမ်းတွေ ကိုယ့်ဘာသာစကားနဲ့ဖြစ်ကြတဲ့အခါမှာ ဒါတွေကို ဖတ်နိုင်ဖို့ရာ လူတိုင်း ကိုယ့်ဘာသာစကားကို တတ်ဖို့ လိုတယ်၊ ဘုရားကျောင်းတွေမှာ တာဝန်ယူပြီး ချင်းစာသင်ပေးတယ်။ ချင်းစာ မတိမ်ကော၊ မပပျောက်အောင်ပေါ့။ ဒီလို တာဝန်ယူပြီး လုပ်ပေးရာမှာ အများစုက တတ်နေပါတယ်။ တပိုင်တနိုင် လုပ်နေကြတာပါ။ အစိုးရက ထောက်ပံ့မှုမရှိတဲ့အတွက် တပိုင်တနိုင်လို့ပဲ ပြောရမယ်။ ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုကို တန်ဘိုးထားတဲ့အတွက် မပပျောက်သွားအောင် ကိုယ့်အစီအစဉ်နဲ့ ကိုယ် တာဝန်ယူပြီး ထိန်းသိမ်းလာကြတာ။

ဧရာဝတီ -  တိုင်းရင်းသားတွေက Independent (အမှီအခိုကင်းမဲ့ရေး) လို့ ပြောပြီး အခု ဖက်ဒရယ်လို့ ပြောနေကြတယ်။
ဦးခွန်လိန်း -  Independent လို့ ဘယ်တိုင်းရင်းသားကမှ မပြောဘူး၊ တယောက် နှစ်ယောက်ကပဲ ပြောရင် ပြောမယ်။ ပင်လုံမှာစုစည်းပြီးနောက်ပိုင်းမှာ Independent ကို  မပြောဘူး၊ ကျနော်တို့ လိုချင်တာ မိမိကြမ္မာကို ဖန်တီးနိုင်ခွင့်။ လွှတ်တော်မှာလည်း ပြောဖူးတယ် - မြန်မာပြည်သည် တိုင်းရင်းသားပေါင်းစုံနဲ့ စုစည်းထားတဲ့ပြည်ဖြစ်တယ်၊ နိုင်ငံ ဖြစ်တယ်၊ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ ချင်း၊ ရခိုင်၊ မွန် တိုင်းရင်းသား ၇ မျိုး ပါဝင်တယ်၊ ဒီ တိုင်းရင်းသား ၇ မျိုးနဲ့ တည်ထောင်ထားတဲ့ပြည် ဖြစ်တယ်၊ ပြည်ထောင်တွေ စုထားတဲ့ပြည်ဖြစ်တယ်လို့ ကျနော် ပြောဖူးတယ်၊ ချင်းပြည်၊ ဗမာပြည်၊ ရှမ်းပြည်၊ ကချင်ပြည်၊ မွန်ပြည်၊ ရခိုင်ပြည်၊ ကရင်ပြည်၊ ကယားပြည်တွေ စုပေါင်းပြီးတော့ ဖြစ်လာတဲ့အတွက် ပြည်ထောင်စုကြီး ဖြစ်လာတယ်။ ဒါကြောင့် ပြည်ထောင်စုရဲ့ အနှစ်သာရကို ကျင့်သုံးဖို့လိုတယ် လို့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောဖူးတယ်။ တိုင်းရင်းသားရေးရာနဲ့ပတ်သက်တဲ့အဆိုကို ဆွေးနွေးတဲ့အခါ ကျနော် ထည့်ပြောတယ်။

ဧရာဝတီ -  တိုင်းရင်းသားစာပေ သင်ခွင့်တောင် မပေးခဲ့တာနဲ့ ပတ်သက်ပြီး နည်းနည်း ပြောပြပေးပါ။
ဦးခွန်လိန်း -  လွှတ်တော်မှာ စာပေကိစ္စ ကျနော်  ဆွေးနွေးတဲ့အခါမှာ ၀န်ကြီးက ဘယ်လို ပြန်ဖြေသလဲဆို တိုင်းရင်းသား ၁၃၅ မျိုးရှိတာ ဘယ်လို သင်ပေးနိုင်မလဲ ဆိုတဲ့ သဘောမျိုး၊ သက်ရောက်တဲ့ အဖြေမျိုး ပေးတယ်။ သို့သော်လည်း သူတို့မသိသေးတာက တိုင်းရင်းသား ၁၃၅ မျိုးစလုံးရဲ့ စာပေကို ဟိုတုန်းကလည်း သင်ကြားခဲ့တာ မဟုတ်ဘူး။ ချင်းပြည်နယ် မြောက်ပိုင်း ငါးမြို့နယ်မှာ ဆိုရင် ကိုယ့်မြို့နယ်စာပေပဲ ပြောတဲ့၊ ကျင့်သုံးတဲ့ အများဆုံးစာပေပဲ သင်တာ။ မတူပီမြို့မှာ မတူပီစာ သင်တယ်၊ မတူပီမြို့နယ်ထဲမှာ လူမျိုးကွဲတွေ အများကြီး ရှိသေးတယ်၊ သူတို့အားလုံး မတူပီစာကိုပဲ သင်တာ။ ပလက်ဝမြို့မှာ ထိုနည်းလည်းကောင်းပဲ။ ဘာမှ ပြဿနာ မရှိခဲ့ဖူးဘူး။ အဲဒါကို ဆိုလိုခြင်းဖြစ်တယ်။ အဲဒီလိုသင်ရင် ကျနော်တို့ရဲ့စာပေ ရှင်သန်မှာပဲ။
ကျနော်တို့ကို ကျွန်ပြုတဲ့ အင်္ဂလိပ်တွေက ကျနော်တို့ကို သွေးခွဲစနစ်နဲ့ အုပ်ချုပ်တယ်လို့ သမိုင်းမှာလည်း ရေးတယ်၊ နေ့တိုင်း ပြောတယ်။ ထိုနည်းလည်းကောင်းပဲ၊ ယနေ့ ဗမာတွေက ကျနော်တို့ကို သွေးခွဲပြီး အုပ်ချုပ်နေတယ်လို့ ကျနော်တို့ အဲဒီလို ခံစားရတယ်။

ဦးခင်မောင်လတ် (RNDP ပါတီ) နဲ့ ဦးခွန်လိန်း တို့ကို ချင်းမိုင်မြို့ ဧရာဝတီရုံးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တွေ့ရပုံ
ဧရာဝတီ -  အမျိုးသားနိုင်ငံရေး ဆိုတာကရော။
ဦးခွန်လိန်း -  အမျိုးသားနိုင်ငံရေး ဆိုတာ ကျနော် မယုံကြည်ဘူး။ အလကား၊ ဘာအမျိုးသားလဲ။ နိုင်ငံရေးဆိုတာ နိုင်ငံရေးပဲ။ လူတိုင်းလူတိုင်းရဲ့အရေးပဲ။ လူတိုင်းလူတိုင်းရဲ့အရေးကို အကောင်းဆုံး လုပ်ဆောင်ဖို့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာဟာ နိုင်ငံရေးလုပ်တာပဲ။ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ဟိုနိုင်ငံရေး၊ ဒီနိုင်ငံရေး ကျနော် သိပ်ပြီးတော့ အဓိပ္ပာယ် မဖော်တတ်ဘူး။ ကျနော်သိတဲ့ နိုင်ငံရေးက ကျနော်ကိုယ်စားပြုတဲ့ လူထုအတွက် အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်ပေးမယ်။ ဘယ်နေရာမှာလဲ ... လူတွေရဲ့ လိုအင်ဆန္ဒဖြစ်တဲ့ လူတွေအတွက် လိုအပ်တဲ့ဟာမှန်သမျှ ဖြည့်ဆည်းပေးနိုင်အောင် ကျနော် ကြိုးစားမယ်။ အမှန်တကယ် ဖြည့်ဆည်းနိုင် မဖြည့်ဆည်းနိုင်တော့ ကျနော်တို့အပေါ် လုံးလုံး မမူတည်ဘူးလေ၊ အစိုးရမှာလည်း မူတည်အုံးမယ်။ အမျိုးမျိုးသော အကြောင်းတရားပေါ်မှာ မူတည်မှာ။

ဧရာဝတီ -  တိုင်းရင်းသားတွေက သူတို့အားနည်းချက်တွေနဲ့ ရှိနေတာ တွေ့ရတယ်။ ခိုင်မာတောင့်တင်း ညီညွတ်လာအောင် ဘယ်လို လုပ်သင့်တယ် ထင်လဲ။
ဦးခွန်လိန်း -  အဲဒါကတော့ ပြောရ တော်တော်ခက်တယ်။ ပြည်ထောင်စုစစ်စစ်စနစ်ကို ကျင့်သုံးပြီးရင် ကိုယ့်ပြည်နယ်တွေမှာ ကိုယ့်ကြမ္မာဖန်တီးခွင့် ရှိလာတဲ့အခါမှာ - အဲဒီအချိန်မှာတော့ တန်းတူရည်တူ ဆက်ဆံပြီးတော့ နားလည်မှုတွေ၊ ချစ်ကြည်မှုတွေ၊  စည်းလုံးညီညွတ်ရေးတွေ ရရှိနိုင်မယ်လို့ပဲ ကျနော် မြင်တယ်။

ဧရာဝတီ -  အနာဂတ်နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်လဲ။
ဦးခွန်လိန်း -  ကျနော် အရင်က နိုင်ငံရေးသမား မဟုတ်ဘူး၊ ကျနော်က လူမှုရေးလုပ်ငန်းပဲ အများဆုံး လုပ်လာတဲ့သူဖြစ်တယ်။ တက္ကသိုလ်ကဘွဲ့ရပြီးတဲ့နောက် ကျောင်းဆရာဖြစ်တယ်၊ ကျောင်းဆရာဖြစ်ပြီး၊ ပညာရေးမှူးတွေ ဖြစ်ပြီးတော့ ပညာရေးပိုင်းမှာပဲ။ ပညာရေးဆိုတာ လူမှုရေးနဲ့ ဆက်နွယ်နေတယ်လေ။ အငြိမ်းစားယူသွားတဲ့အခါမှာလည်း ချင်းတွေရဲ့ အရေးတွေ တတ်နိုင်သလောက် သာရေးနာရေးမှာ ဆောင်ရွက်ပေးတာပဲ ရှိတယ်။

ဧရာဝတီ -  ဒါဆို အရင်တုန်းက ချင်းပြည်နယ်က ကျောင်းဆရာပေါ့။
ဦးခွန်လိန်း -  ကျောင်းဆရာ၊ ပညာရေးဝန်ထမ်းပေါ့။ မြို့နယ်ပညာရေးမှူး အဖြစ် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းမှာ လုပ်ခဲ့တယ်၊ ရန်ကုန်တိုင်းကနေ ၂၀၀၁ မှာ အငြိမ်းစားယူတယ်။

ဧရာဝတီ -  ဘာကြောင့် ရွေးကောက်ပွဲ ၀င်ခဲ့တာလဲ။
ဦးခွန်လိန်း -  (ဒီမေးခွန်းအတွက် ကျနော့် အဖြေဟာ) ကိုယ့်ကိုယ်ကိုယ်သော်လည်းကောင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားတွေကို နှိမ်ရာရောက်မလား မသိဘူး၊ အဲဒါဆိုရင်တော့ ကျနော့်ကို ခွင့်လွတ်ပေါ့။  ၂၀၀၈ အခြေခံဥပဒေကို အယုံအကြည်မရှိတဲ့လူတွေ များတယ်၊ လူတိုင်းမှာ ကြောက်စိတ်ဆိုတာ ရှိတယ်၊ ကြောက်နေကြတယ်။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့သူတွေ အဖမ်းခံရတယ်။ ဟုတ်တယ်နော်။ ကစဥ့်ကလျား နိုင်ငံတကာကို ထွက်ပြေးတာတို့ အဲဒီလို ဖြစ်ကုန်တယ်။ ဒီတခါလည်း ဒီလိုဖြစ်နိုင်တယ် ဆိုတဲ့ ကြောက်စိတ်က ရှိနေတယ်၊ အဲဒီဟာ စိုးမိုးနေတော့ မ၀င်ချင်ကြဘူး။ ဒါပေမယ့် ကျနော်က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘာပဲဖြစ်ဖြစ် ကျနော့်နယ်ကို ကိုယ်စားပြုမယ့်သူမရှိတဲ့အခါ ကျနော် ၀င်မယ် ဆိုပြီး ၀င်လိုက်တာ။ (ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်) နောက်ဆုံး စာရင်းသွင်းရဖို့ တပတ်အလိုမှာပဲ စာရင်းသွင်းလိုက်တယ်။ လူထုက လိုအပ်တယ် ဆိုတော့ ဒီအကြောက်တရားကို ဖယ်ထားပြီး ဖြစ်ချင်ရာဖြစ် ဆိုပြီး ကျနော် ၀င်လိုက်တာပဲ။ 

ဦးခွန်လိန်းနဲ့ အင်တာဗျူးကို အပိုင်း ၂ ပိုင်း ခွဲပြီး ဧရာဝတီဘလော့မှာ တင်ဆက်ခဲ့တာပါ။
တွေ့ဆုံမေးမြန်းခဲ့တာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဖြစ်ပါတယ်။ အချိန်ယူ ဖြေကြားပေးတဲ့ ဦးခွန်လိန်းကို ကျေးဇူး တင်ပါတယ်။

















-

2 comments :

  1. Anonymous said... :

    very good interview
    we'd like to read such good interview of ethnic leaders to reflect federalism

  1. Anonymous said... :

    GOOD JOB.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved