ဂျပန်တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား

Monday, February 4, 2013

~





ဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို
Youtube က တဆင့် စကားပြောထားပါတယ်။  သူ့နာမည်က ယူဂျိရို တာနိယာမ။

သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေးပညာသင်ယူနေကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်တယောက်အနေနဲ့ လေးစားအားကျ

တယ်၊  ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ မေးခွန်းတခု မေးချင်လို့ ဒီ Youtube ဗီဒီယိုကို လုပ်ပါသတဲ့။

စနေနေ့က အွန်လိုင်းရောက်လာတဲ့ ဗီဒီယိုထဲမှာ သူပြောထားတာက -

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအပေါ်ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့တယ်လို့ တောင်ကိုရီးယား သတင်းစာက သတင်းရေးပါတယ် တဲ့။

ဒီလိုတကယ်ပဲ ပြောခဲ့ပါသလား တဲ့။ ဒီလိုတကယ်ပဲ ပြောခဲ့တယ်ဆိုရင် သူ့အနေနဲ့ အတော်လေး စိတ်ပျက်မိပါတယ် တဲ့။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင်က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ခဲ့လို့ တပ်မတော်ကို သံယောဇဉ်ရှိပါတယ်လို့ ပြောခဲ့တယ်။ ဒီ တပ်မတော်ဖြစ်လာဖို့က ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရဲဘော်သုံးကျိပ်နဲ့ စခဲ့သလို အဲ့ဒီရဲဘော်သုံးကျိပ်ကို ကူညီခဲ့တာ ဂျပန်တွေပါ တဲ့။

အဲ့ဒီတုန်းက ၄ နှစ်တာ ကာလ ဂျပန်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ လက်တွဲလို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးဖြစ်ခဲ့ပါတယ် လို့ ဆိုပြီး ဂျပန်စစ်တပ်အကူညီနဲ့ ဗမာ့တပ်မတော်ဖြစ်လာပုံ၊ လွတ်လပ်ရေးအတွက် ဂျပန်-မြန်မာ အတူတိုက်ပွဲဝင်ရင်း ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပုံတွေကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လေးစားမြတ်နိုးပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်း တည်ထောင်ခဲ့တာမဟုတ်ဘဲ  မြန်မာမျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူညီနဲ့ တည်ထောင်ခဲ့တာပါ တဲ့။

အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ပြောလိုက်တာဟာ အဲ့ဒီတုန်းက ဗမာ့တပ်မတော်ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီတောင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလိုဖြစ်မနေဘူးလားလို့ သူက ပြောပါတယ်။

ပြီးတော့ အဲ့ဒီတုန်းက ဖြစ်တည်ခဲ့တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုလို့ ကိုရီးယားသတင်းစာကို အခုလို ပြောခဲ့တာလား ဆိုတာကို သူ့အနေနဲ့ သိချင်ပါတယ်  စသဖြင့်  ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယိုထဲကနေ သူက မေးခွန်းထုတ်ထားပါတယ်။



သူ့အကြောင်းကို သူ့အွန်လိုင်း  yujirotaniyama.com/profile.html မှာလည်း တွေ့နိုင်ပါတယ်။ 

ဒုတိယကမ္ဘာစစ်အတွင်း  မြန်မာနိုင်ငံအပေါ်ကျူးလွန်ခဲ့မှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်ကြောင်း  ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တယ် ဆိုပြီး တောင်ကိုရီးယား မီဒီယာတခုမှာ ရေးထားခဲ့ခြင်း ရှိမရှိ သေချာ မသိရသေးပါ။စိတ်ဝင်စားစရာ အကြောင်းအရာတခုဖြစ်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။



















--

1 comments :

  1. Anonymous said... :

    ဒီစကားပြောတဲ့ဂျပန်က ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်က မြန်မာနိုင်ငံကိုပေးခဲ့တဲ့ အကူအညီထက် ဒုက္ခကပိုများတယ်ဆိုတာကို မသိရှာဘူးထင်တယ်၊ ဗိုယ်ချုပ်တစ်ယောက်တည်းက မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တာ မဟုတ်ပေမယ့်၊ အဲတုန်းက မြန်မာနိုင်ငံလို့ပြောလိုက်ရင် အရင်ဆုံးမျက်လုံးထဲ မြင်ကြည့်ပါ၊ ဘယ်သူ့ကိုမြင်မလဲ၊ ဘယ်သူကဦးဆောင်ခဲ့သလဲ၊ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်က မြန်မာနိုင်ငံအပေါ်ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်တယ်လို့ ဆိုခဲ့ရင်တောင် ဒါကမျှတတဲ့တောင်းဆိုချက်ပါ၊ ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို မသိချင်ယောင်ဆောင်နေတဲ့လူလောက် အရှက်မရှိတဲ့လူ ကမ္ဘာမှာမရှိဘူး၊ အဲတုန်းက ဂျပန်ကအကျိုးမျှော်ကိုးပြီးကူညီခဲ့တာလို့ ကျနော်ယူဆပါတယ်၊ မြန်မာကို အင်္ဂလိပ်လက်ထက်က လွတ်မြောက်အောင်ကူညီပြီး သူတို့ရဲ့ကြွေးကြော်ခဲ့တဲ့ အာရှသာတူညီမျှရေးဆိုတာကို မေ့ချင်ယောင်သွားခဲ့ပါတယ်၊ မြန်မာ့တွေကို ညှင်းပန်းဖိနှိပ်ခဲ့တယ်၊ မြန်မာတွေသိခဲ့တာက အင်္ဂလိပ်လက်အောက်ထက်စာရင် ဂျပန်လက်အောက်မှာ မြန်မာတွေဘယ်လောက် ဒုက္ခရောက်ခဲ့သလဲဆိုတာကိုပဲ၊ ဒါကိုဒီဂျပန်မသိသေးဘူးဆိုရင် မြန်မာပြည်ကို လာပြီးလေ့လာသင့်တယ်၊ အတိတ်ကနေ မှားတာတွေကို သင်ခန်းစာယူသင့်ပါတယ်၊ ဒီကိစ္စကြောင့်ပဲ ဂျပန်-မြန်မာ ဆက်ဆံရေးကို မထိခိုက်စေချင်ဘူး၊ တန်းတူညီမျှစွာနဲ့ပဲ ချစ်ချစ်ခင်ခင် ရေရှည်လက်တွဲချင်တယ်၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved