ဆယ်တန်း အောင်ချက်ကောင်းဖို့ တရုတ်နဂါး ကယ်နိုင်မလား

Wednesday, February 13, 2013



~




သန့်စင်ငြိမ်းချမ်း ~

 
တရုတ်နှစ်ကူးကာလမှာ တရုတ်အမျိုးသားတွေ အခြေချ နေထိုင်တဲ့ မြို့ကြီး အတော်များများမှာ တရုတ်နဂါးအကတွေနဲ့ မြို့ကို လှည့်လည်တာ ထူးခြားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာလည်း ပြီးခဲ့တဲ့အပတ်ကစပြီးတော့ တရုတ်နဂါးအကတွေနဲ့ မြို့ကို လှည့်လည်ပါတယ်။ ထူးခြားတာတခုကတော့ ပုသိမ် တရုတ်နဂါးဟာ ရပ်ထဲရွာထဲက အိမ်တွေ၊ လမ်းတွေတင် မကဘဲ အစိုးရစာသင်ကျောင်းတွေထဲပါ ၀င်ကနေတာပဲ  ဖြစ်ပါတယ်။

 ကျောင်းတိုင်း နဂါးဝင်တာ မဟုတ်ဘဲ  အထက (၆) အပါအ၀င် တရုတ်အမျိုးသားတွေနဲ့ ရင်းနှီး ခင်မင်မှုရှိနေတဲ့ ကျောင်းတချို့ကိုသာ ၀င်ရောက် ကပြတယ်လို့ သိရပါတယ်။

အထက (၆) ကျောင်းကို နဂါး ၀င်ခွင့်ပြုတာဟာ ၁၀ တန်းကျောင်းသားတွေ အောင်ချက် မြင့်မားရေးအတွက်  ကူညီစောင့်ရှောက် မစပေးဖို့အတွက်များလားလို့ ပြောဆိုနေသူတွေ ရှိပါတယ်။

“မြန်မာ့အယူအဆအရဆိုရင် မင်္ဂလာဆင်ဖြူတော်လည်း မင်္ဂလာရှိပါတယ်။ တရုတ်နဂါး တကောင်တည်း မင်္ဂလာရှိတာ မဟုတ်ပါဘူး။ အဲလိုသာ တရုတ်နဂါးကို ကျောင်းထဲဝင်ကဖို့ ခွင့်ပြုရင် ကျနော်တို့ရဲ့ ဆင်အက၊ ကျွဲအကတွေကိုလည်း ကျောင်းထဲမှာ ၀င်ကခွင့်ပြုမှသာ တရားမျှတလိမ့်မယ်။ အမှန်တော့ အောင်ချက် ကောင်းခြင်း၊ မကောင်းခြင်းက အကောင်ပလောင်တွေ ကျောင်းထဲဝင်ကတာနဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်” လို့ ပုသိမ်မြို့သား တက္ကစီမောင်းသူတဦးက ပြောပါတယ်။

တနင်္လာနေ့ကဆိုရင် မြို့လယ်က စံပြကျောင်းဖြစ်တဲ့ အမှတ် (၂၄) အခြေခံပညာ မူလတန်းကျောင်းထဲမှာ တရုတ်နဂါးဝင်ကနေချိန်ဟာ စာသင်ချိန် ဖြစ်နေပါတယ်။

 
စာသင်ချိန်ဖြစ်ပေမယ့် ကလေးတွေက ၀ရန်တာတွေကနေ တရုတ်နဂါးအကကို ၀ိုင်းဝန်း ကြည့်ရှုနေကြပြီး ဆရာမတွေကလည်း တားဆီးခြင်းမရှိဘဲ ခွင့်ပြုထားတာကို တွေ့ရပါတယ်။

“ဒါဟာ မဖြစ်သင့်ဘူးဗျ။ တရုတ်အမျိုးသားတွေ နဂါးကတာက သူတို့နဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ကတာကိုတော့ မပြောလိုပါဘူး။ ဒါပေမယ့် ကလေးတွေ စာသင်နေတဲ့ ကျောင်းထဲ ၀င်ကတယ်ဆိုတော့ ကျနော်တို့ကလေးတွေအပေါ် ကိုယ့်တိုင်းရင်းသားမဟုတ်တဲ့ လူမျိုးတစု၊ ယဉ်ကျေးမှုတခုက လွှမ်းမိုးမယ့်အခြေအနေမျိုးတွေကိုတော့ မလိုလားဘူးဗျ”လို့ ပုသိမ်မြို့ခံ ကိုဝင်းနိုင်က ပြောပါတယ်။

 
“တရုတ်-မြန်မာ ချစ်ကြည်ရေးအရ မြို့တော်ခန်းမမှာကတာ၊ အမျိုးသားဇာတ်ရုံမှာကတာက ပြဿနာမဟုတ်ပါဘူး။ ခုဟာက စာသင်ကျောင်းဆိုတာ နိုင်ငံတော်အစိုးရပိုင်ဖြစ်ပါတယ်။ ဒီလိုနေရာမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟုတ်တဲ့ တရုတ်နဂါးက ၀င်ကခွင့်ရှိသလား ဆိုတာ မဖြစ်မနေ မေးရလိမ့်မယ်”လို့ ကိုဝင်းနိုင်က ဆက်ပြောပါတယ်။

တရုတ်အမျိုးသားအများအပြား အခြေချနေထိုင်စီးပွားရှာနေတဲ့ ပုသိမ်မြို့မှာ တရုတ်နဂါး အကတွေနဲ့ မြို့ကိုလှည့်လည်ကပြခဲ့တဲ့အစဉ်အလာဟာ ဆယ်စုနှစ်နဲ့ချီကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။
 

 


























-

1 comments :

  1. Anonymous said... :

    ဒီလောက်ကြီးလည်းဖြစ်မနေပါနဲ့ ကိုကိုတို့ရယ်
    အရေးကြီးတဲ့ကိစ္စတွေကို စိတ်ဝင်စားစမ်းပါ။
    အခုခေတ်ပညာရေးက တစ်ရက်လောက်ပျက်လည်း
    ကိစ္စမရှိပါဘူး။တရုပ်နဂါးဝင်ကတော့လည်း ကြည့်ရတာပေါ့။
    မရောင်ရာဆီလူးမနေကြပါနဲ့ ဘယ်သူမှအကျိုးမရှိဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved