"၇ ရက် သားသမီးကို အမြဲမေတ္တာပို့နေတာ"

Saturday, February 16, 2013





~


ခင်လေးမြင့်/ရွှေအမြုတေမဂ္ဂဇင်း ~


လူတိုင်း လူတိုင်းက ကိုယ့်ရဲ့ ကြိုးစားမှုတိုင်းကို အရာ ထင်ချင်ကြပါတယ်။ ဘယ်နေရာမှာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုရဲ့ ကြိုးစားမှု ရလဒ်ကို လိုချင်ကြတာပါ။

ကြိုးစားမှု ရလဒ်အဖြစ် မှတ်တိုင်တစ်ခု စိုက်နိုင်ဖို့ ဆိုတာလည်း မလွယ်ကူပါဘူး။ မှတ်တိုင် မစိုက်ထူနိုင်ခင် ကာလမှာ လူအချို့ရဲ့ အသိအမှတ် ပြုခြင်း ခံရဖို့လည်း ကြိုးစား ကြရပါတယ်။ အနုပညာ သရုပ်ဆောင် လောကမှာ မှတ်တိုင်အဖြစ် သတ်မှတ်တဲ့ အကယ်ဒမီ ဆိုတာ မရသေးပေမယ့် ပရိသတ်ရဲ့ အားပေးမှု ရရှိနေတဲ့ မိုးဟေကိုက ဗီဒီယို ဇာတ်ကား တော်တော်များများ ရိုက်ကူး ဖြစ်နေပါတယ်။ မော်ဒယ်လ် လောကကနေ သရုပ်ဆောင် လောကထဲကို ရောက်လာတဲ့ မိုးဟေ ကိုက ဇာတ်ကားတွေကို ရိုက်ကူးဖို့ သေသေချာချာ ရွေးချယ် ရိုက်ကူးတယ်လို့ သိရပါတယ်။

အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင် စရိုက်တွေကို မိုးဟေကိုက သရုပ် ဆောင်တာပါ။

“မိုးဟေ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင် စရိုက်တွေ လာပေးပေမယ့် တစ်ခါတလေကျရင်လည်း ဇာတ်လမ်းအရ မမ အရွယ် ဇာတ်လမ်းတွေ လာပေးတာ ရှိတယ်။ ကိုပြေတီဦးနဲ့ ဇာတ်ကား တစ်ကားမှာ ဆိုရင် သူ့ထက် အသက်ကြီးတဲ့ မမပုံစံ လုပ်ရတာ ရှိတယ်။ အဲဒီတော့ အသက် အရွယ် မကြည့်ဘဲ ဇာတ်လမ်းအရ သရုပ် ဆောင်လိုက်ရတာတွေ ရှိတယ်။ အောင်ရဲ လင်းတို့နဲ့ အသက်အရွယ် မတိမ်းမယိမ်း ဆိုပေမယ့် ဇာတ်လမ်း ကောင်းတယ်ဆို မမပုံစံတွေ သရုပ်ဆောင် ဖြစ်တယ်။

အမှတ်တရ -၂ မှာ အမေပုံစံ သရုပ်ဆောင်တယ် ဆိုတာကလည်း အမှတ်တရ ဇာတ်ကားကလည်း အောင်မြင်ထားတယ်။ ဒါရိုက်တာကလည်း ရိုက်စေချင်တယ်။ ဒါကလည်း ဇာတ်လမ်းအရ သရုပ်ဆောင် ရတာမျိုးတွေပါ” လို့ မိုးဟေကိုက ဇာတ်လမ်း သရုပ်ဆောင် ရိုက်ကူး ဖြစ်နေတဲ့ ဇာတ်ကောင် စရိုက်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ဆေးစက်ကျရာ အရုပ် ထင်ရမယ် ဆိုပေမယ့် လက်ရှိ အသက်အရွယ် အရ အမေပုံစံ သရုပ်ဆောင်ဖို့ ဆိုတာ မိုးဟေကိုအတွက် မလွယ်ကူဘူးလို့ သိရပါတယ်။

အမေပုံစံ သရုပ်ဆောင် မှုမှာ ကိုယ်နဲ့ ရွယ်တူကို သား၊ သမီးအဖြစ် ခေါ်ပြီး သရုပ်ဆောင်ရမယ်ဆို အဆင်မပြေတာမျိုးလား။


အမေပုံစံက သရုပ် ဆောင်သင့်ရင်တော့ သရုပ် ဆောင်ရမှာပါ။ လသား၊ နှစ်သားကလေးလေးတွေရဲ့ အမေအဖြစ် သရုပ်ဆောင်ရတာမျိုး အဆင်ပြေတယ်လေ။ အမှတ်တရ-၂ ဇာတ်ကား ရိုက်တုန်းကလည်း တော်တော်လေး အခက်အခဲရှိခဲ့ တယ်။ ကိုယ်နဲ့ ရွယ်တူကို သားအဖြစ် ပြန်ခေါ်ရတဲ့ အခါ တော်တော် အခက်အခဲရှိတယ်။



နှစ်ကိုယ်ခွဲ အနေနဲ့ကော ဘယ်နှကား ရိုက်ဖူးလဲ။ အခက်အခဲရှိသေးလား။


နှစ်ကိုယ်ခွဲ သရုပ်ဆောင် ရတာက အမှတ်တရ-၂ ဇာတ်ကားက ပထမဆုံးပဲ။ နှစ်ကိုယ်ခွဲက တော်တော် ခက်တယ်။ အမေတစ်ကိုယ်၊ သမီးတစ်ကိုယ် ဆိုတော့ ပြောင်းလဲမှု အပြင်အဆင်တွေရယ်၊ အိုက်တင် လုပ်ရတာတွေက ပြောင်းရတယ်။ စိတ်နေ စိတ်ထားလည်း ပြောင်းရတယ်။ လူကငယ်တော့ လူကြီးပုံစံ အမေနဲ့ တူအောင် မနည်း လုပ်ရတယ်။ မိုးဟေ အတွက် ၀န်ပိ စေပါတယ်။ ကိုယ်သွားနေကျ သမားရိုးကျ လမ်းကြောင်းအတိုင်း မဟုတ်တော့ အမေတွေရဲ့ လက်နေဟန်ထား၊ လူကြီး တစ်ယောက်ရဲ့ လေယူလေသိမ်း အဲဒါတွေကို မနည်းတူ အောင် လုပ်ရတော့ စိတ်ကို ၀န်ပိ စေပါတယ်။

မင်းသမီး၊ မင်းသား သရုပ်ဆောင် တော်တော်များများ ပါတဲ့ ဇာတ်ကားတွေ ရိုက်ဖြစ် နေကြတော့ မိုးဟေ အတွက် အဲဒီလို ဇာတ်ကားတွေမှာ ပါဝင် သရုပ် ဆောင်ရမယ်ဆို ဘယ်လို စဉ်းစားမလဲ။


မိုးဟေ အနေနဲ့ အလန်းဇယား ရုပ်ရှင်တစ်ကားပဲ သရုပ်ဆောင် မင်းသမီး များများနဲ့ ရိုက်ဖူးတယ်။ အဲဒီလို များတဲ့ ဇာတ်ကားမျိုးဆိုလည်း မိုဟေဆီ မလာကြတာ များတယ်။ သရုပ်ဆောင်များ များပါတယ် ဆိုရင်လည်း လာပေးတဲ့ ဇာတ်ကောင် စရိုက်ကိုပဲ ကြည့်တယ်။ ဇာတ်လမ်းတွေ၊ ဒါရိုက်တာတွေထက်ပေါ့။

မင်းသမီး အဓိက လုပ်ဆောင်ရမယ့် ဇာတ်လမ်းမျိုး တွေမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းသေးလား။


အခု အချိန်မှာတော့ မိုးဟေဆီ လာတဲ့ ဇာတ်လမ်း တွေက မင်းသားဇာတ်တွေ ပါသလို မင်းသမီးဇာတ်လည်း ပါပါတယ်။ မျှပါတယ်။ အမှတ်တရ-၂ ဇာတ်ကားဆိုရင် ကိုလူမင်း ပါပေမယ့် မိုးဟေရဲ့ ဇာတ်ပါပဲ။ ကိုယ့်ကို ပေးလာတဲ့ ဇာတ်တွေကို ကြိုးကြိုးစားစား သရုပ်ဆောင်တယ်။ အကောင်းဆုံး ဖြစ်အောင် အပီပြင်ဆုံး ဖြစ်အောင် လုပ်ပါတယ်။

"ပရိသတ် တွေက သူတို့ချစ်တဲ့ သရုပ်ဆောင် ဆိုရင် အနိုင် ရစေချင်တယ်။ ဗီလိန်မှာ မုန်းအောင် ကိုယ်က သရုပ် ဆောင်ပေမယ့် ပရိသတ်တွေက ကိုယ့်ကိုချစ်ကြ သနားကြတယ်။ မေတ္တာပေါ့နော်။ မိုးဟေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်။ ၇ ရက် သားသမီးကို အမြဲ မေတ္တာ ပို့နေတာ ဆိုတော့ ကိုယ်တွေက လူမိုက်လူဆိုး ဆိုပေမယ့် ပရိသတ်တွေက လူဆိုး လူမိုက် နေရာက မကြည့်ဘူး။ ကိုယ့်ကိုကြည့်ပြီး သနားတာတို့၊ မခံမရပ်နိုင် ဖြစ်ကြတာတို့ ဖြစ်ကြတယ်။ နယ် တွေမှာက တကယ်ကို စိတ်ဝင်စားပြီး ကြည့်ကြတယ်"


မင်းသမီးတွေက ဒီမင်းသားနဲ့ ဒီကုမ္ပဏီနဲ့ ချိတ်ထားပြီးသား ဇာတ်လမ်းတွေကိုပဲ ရိုက်ရတယ်။ ရွေးချယ်ပိုင်ခွင့် များစွာ မရှိဘူးလို့ ပြောကြတယ်။


ဒါကတော့ တစ်ယောက်ချင်းစီရဲ့ ခံယူချက်ချင်း မတူကြဘူးလေ။ မိုးဟေကတော့ မိုးဟေလည်း ကြိုက်မယ်။ မိုးဟေလည်း ရိုက်နိုင် မယ်ဆိုမှ ရိုက်ဖြစ်ပါတယ်။
စိတ်ထဲမှာ ဆန္ဒလည်း သိပ်မပါဘူး၊ သရုပ်မဆောင်ချင်ဘူးဆိုရင်တော့ မိုးဟေ အားမနာတတ်ပါဘူး။ ပြတ်ပြတ်သားသား မိုးဟေ ငြင်းပါတယ်။ ငြင်းတယ်ဆိုတာ ကလည်း ရိုက်ရက်ပြောထား ပြီးတော့မှ ကပ်ပြီး ငြင်းတဲ့အလုပ် မိုးဟေ ဘယ်တော့မှ မလုပ်ပါဘူး။ ဇာတ်လမ်း ကြိုပေးလို့ မကြိုက်ရင်လည်း ကြိုငြင်းတယ်။

မိုးဟေကိုက ဇာတ်လမ်း ရွေးချယ်မှု ကြေး(ဂျီး)များတဲ့သူလို့ ပြောကြတယ်။


ဟုတ်ပါတယ်။ အရင်တုန်းက တော်တော်လေး ရွေးချယ်တာပါ။ အခု နောက်ပိုင်းမှာတော့ သိပ်မရွေးဖြစ်ဘူး။ ပရိသတ်ကလည်း တောင်းဆိုတယ်။ ဒီနယ်ပယ်ထဲမှာ ကိုယ့်ညီအစ်ကို မောင်နှမတွေလို ရင်းနှီးပြီး ဆွေမျိုး မိသားစုတွေလို ဖြစ်လာတော့ မိုးဟေနဲ့ လိုက်ဖက်တဲ့ ဇာတ်၊ မိုးဟေ လုပ်ချင်တာတွေကို လိုက်လိုက်ညှိပေးတာမျိုး ရှိတယ်။
အခုဆိုရင် အရင်တုန်းကလို မငြင်းမိတော့ပါဘူး။ ရိုက်ဖြစ်ပါတယ်။ ညှိညှိနှိုင်းနှိုင်း ရိုက်ဖြစ်တယ်ပေါ့။

အရင်တုန်းက ငြင်းပယ်ခဲ့တယ် ဆိုတာက ဘယ်လို အခြေအနေမျိုးကြောင့်လဲ။


အရင်တုန်းက ကိုယ့်ဆီ လာတဲ့ ဇာတ်တိုင်းကို မရိုက်ဘူး။ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်မလဲ။ ဒီတစ်ကား ရိုက်ရင် ပရိသတ်ကိုယ့်ကို ဘယ်လောက်ထိ အသိအမှတ် ပြုပြီး ဘယ်လောက်ထိ သြဘာသံ ကြားရမလဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အ၀င်မှာ အရမ်း အရေးကြီးပါတယ်။ မိုးဟေတို့ရဲ့ အနုပညာ အလုပ်က အ၀င် အရေးကြီးပါတယ်။

လူတစ်ယောက် သတိထားအောင်၊ ကြိုးစားမှု ရှိအောင် လုပ်ဖို့ ဆိုတာက ကိုယ်ရိုက် လိုက်တဲ့ ဇာတ်လမ်းပေါ်မှာ မူတည်တယ်။
သမားရိုးကျ ဇာတ်လမ်း ဆိုရင်လည်း ကိုယ့်ကို သမားရိုးကျလိုပဲ သတိထားမိသွားကြမှာပဲ။ သမားရိုးကျ မဟုတ်ဘဲနဲ့ ပရိသတ် စိတ်ဝင်စားမယ့်၊ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းမျိုးတွေ၊ ဇာတ်ကောင် စရိုက်တွေ ဖြစ်အောင် လုပ်ရမယ်။ အဲဒီတော့ လာငှားတဲ့ ဇာတ်လမ်းတွေကို ကြိုက်ရင် ရိုက်တယ်။ ကိုယ်ရိုက်တဲ့ ဇာတ်ကား ထွက်လာရင် တစ်ကားဆိုတစ်ကား လူတွေ အသိအမှတ် ပြုခြင်း ခံရတယ်။ နှစ်ကားလောက် ထွက်လာတော့လည်း အသိအမှတ် ပြုခြင်း ခံရတယ်။ သုံးကားလောက် ထွက်တဲ့ အချိန်ကျတော့ ပရိသတ်တွေက ကိုယ့်ကို သိသွားကြတယ်။ အဲဒီတော့ တချို့က ကောင်းချီးသြဘာ ပေးကြသလို တချို့က ဝေဖန် ကြတယ်။ များသောအားဖြင့် ကိုယ်လုပ်လိုက်တဲ့ အလုပ်လေး တွေက အနုတ်နဲ့ အပေါင်းဆိုရင် အပေါင်း လက္ခဏာလေးတွေက ပိုများလာတယ်။ ပရိသတ်တွေက ကိုယ့်ကိုတောင့်တလာတဲ့ အချိန်မှာ ကိုယ်သည် ပရိသတ်တွေကို ပြန် ကြည့်တဲ့ အနေနဲ့ ကိုယ့် အကြိုက်ချည်းပဲ မလုပ်တော့ဘဲနဲ့ ပရိသတ်လည်း ကြိုက်မယ့် ဇာတ်ကားမျိုး၊ ကိုယ်လည်း သရုပ်ဆောင်ရတာ အဆင်ပြေမယ့် ကားမျိုးတွေ ရွေးဖြစ်တယ်။ အခုဆိုရင် ဟိုအရင်တုန်းကလို ကိုယ့် စိတ်ကြိုက်ချည်းပဲ ထိုင်ရွေး မနေတော့ဘဲ နယ်ရောမြို့ပါမကျန် ကြိုက်တာတွေ ရွေးတယ်။ ဇာတ်လမ်းပဲဖြစ်ဖြစ်၊ ဇာတ်ကောင် စရိုက်ပဲ ဖြစ်ဖြစ်၊ ဆန်းသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ပရိသတ် ကြိုက်မယ့်ဟာကိုပဲ ရွေးချယ်ရိုက် ဖြစ်တယ်။

ပရိသတ် ကြိုက်လာပြီ၊ လက်ခံလာပြီ ဆိုတဲ့အချိန်မှာ ရွေးချယ်မှုတွေက ပိုပြီး မများနိုင်ဘူးလား။


ခက်ခဲတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ အဲဒီ အချိန် မိုးဟေတို့ဆီ လာတဲ့ ဇာတ်လမ်းတွေက ကိုယ်လုပ် နိုင်တဲ့ ဇာတ်ကားမျိုးတွေပဲ ဖြစ်နေတော့ ကိုယ့်အတွက် အများကြီးတောင် ရွေးချယ်စရာ မလိုတော့ဘူး။



မိုးဟေ အစပိုင်းတုန်းက အချစ်အတွက် ဗီလိန် လုပ်ရတာမျိုးလေးတွေ သရုပ်ဆောင် ဖြစ်တော့ အခု နောက်ပိုင်းမှာရော သရုပ်ဆောင်ချင် သေးလား။

အခုအချိန် ဆိုတာထက် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကိုယ် လုပ်နေတဲ့ အလုပ် တောက်လျှောက်မှာ လုပ်ပြီးသား အလုပ်ဆိုရင် မလုပ်ဘူး။ မလုပ်ရသေးတဲ့ အလုပ်သစ် ကလေးတွေပဲ ကိုယ်ရွေးချယ် ပြီးလုပ်မှာပါ။ ဒီပုံစံပြီး ဒီပုံစံပဲ ဆိုရင် ပရိသတ်တွေ အတွက်လည်း ရိုးအီသွားမယ် ထင်တယ်။ ကိုယ်နဲ့ ဒီပုံစံလိုက်တယ် ဆိုပေမယ့် ကိုယ့်ဘက်က ပရိသတ်နဲ့ သဟဇာတ ဖြစ်အောင်၊ တစ်သမတ်တည်း မဟုတ်ဘဲ ဘက်စုံမျိုးစုံ မြင်နိုင်အောင် Character လေးတွေ ရွေးချယ်တယ်။ ဗီလိန် ဆန်တဲ့ ဇာတ်ရုပ်မျိုးကို လုံးဝ မရိုက်ချင်တာမျိုးတော့ မရှိဘူး။ အထူးသဖြင့် ပရိသတ် တွေက သူတို့ချစ်တဲ့ သရုပ်ဆောင် ဆိုရင် အနိုင် ရစေချင်တယ်။ ဗီလိန်မှာ မုန်းအောင် ကိုယ်က သရုပ် ဆောင်ပေမယ့် ပရိသတ်တွေက ကိုယ့်ကိုချစ်ကြ သနားကြတယ်။ မေတ္တာပေါ့နော်။ မိုးဟေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်။ ၇ ရက် သားသမီးကို အမြဲ မေတ္တာ ပို့နေတာ ဆိုတော့ ကိုယ်တွေက လူမိုက်လူဆိုး ဆိုပေမယ့် ပရိသတ်တွေက လူဆိုး လူမိုက် နေရာက မကြည့်ဘူး။ ကိုယ့်ကိုကြည့်ပြီး သနားတာတို့၊ မခံမရပ်နိုင် ဖြစ်ကြတာတို့ ဖြစ်ကြတယ်။ နယ် တွေမှာက တကယ်ကို စိတ်ဝင်စားပြီး ကြည့်ကြတယ်။

မိုးဟေ ဇာတ်ကားတွေ ရိုက်ရင် နယ်ထွက်ပြီး ရိုက်တာနည်းတယ်။ အဲဒါ ဘာကြောင့်လဲ။


နယ်ထွက်ရိုက်လည်း ပြင်ဦးလွင်လောက်ပဲ သွားတယ်။ ပြင်ဦးလွင်ကို သွားမယ်ဆိုရင်တောင် ၃ ကားလောက်ရိုက်မယ်ဆို သွားလိုက်တယ်။ အမြဲတမ်းက နယ်ထက် ရန်ကုန် အလုပ်တွေကို ပိုဦးစားပေး ဖြစ်တယ်။ ရန်ကုန်မှာက ဇာတ်ကားရိုက် ပြီးရင် အိမ်ပြန်လို့ ရတယ်။ အိမ်ပြန်ပြီး ကိုယ့်အခန်းလေးမှာပဲ ကိုယ်အိပ်ချင်တဲ့ စိတ်လည်း ရှိတယ်။ နယ်ဆိုရင် ဟိုတယ်မှာ နေရတယ်။ တစ်ခါတလေတော့ ပျော်ပါတယ်။ အမြဲတမ်း နယ်ထွက် ရိုက်ရတာ ပင်လည်း ပင်ပန်းတယ်။ အဲဒါကြောင့် သိပ် လက်မခံဖြစ်ဘူး။

နယ်ထွက်ပြီး ရိုက်မယ်ဆို တောင်းဆိုမှုတွေ ရှိလား။ ဟိုတစ်လောက မြစ်ကြီးနားဘက်က ပန်ဝါမြို့အထိ သွားရိုက်တော့ ဇာတ်ကားကြောင့်လား၊ ဒါရိုက်တာကြောင့် လက်ခံပြီး သွားဖြစ်တာလား။


မိုးဟေတို့ အနုပညာ နယ်ပယ် အချင်းချင်းမှာ အခု လက်ရှိ လုပ်ကိုင်နေတဲ့ သူတွေ ဆိုရင် တိတိကျကျ သေသေချာချာ ပြောပြီး စီစဉ် ပေးကြတယ်။ ဒီနေရာဆို ဒီနေရာကိုပဲ သွားကြတာ။ ဒီနေရာပြော ပြီး နောက်တစ်နေရာ အထိ ရောက်မသွားကြဘူး။ ပွင့်ပွင့်လင်းလင်း ညှိညှိနှိုင်းနှိုင်း ရှိကြတယ်။ ဟိုတစ်လောက သွားတာဆို မြစ်ကြီးနားထိ ဆိုလို့ လက်ခံဖြစ်ပေမယ့် ပန်ဝါ အထိ ရောက်သွားတယ်။ အဲဒီတော့ ကိုယ့်ဘက်က ပြန်နားလည်ပေးရတယ်။ ပရိုဂျူဆာကလည်း အသစ်ဆိုတော့ ကြားထဲမှာ လွဲချော်မှု၊ နား လည်မှုလေးတွေ လွဲရတာမျိုးတွေ ဖြစ်သွားတယ်။

မိုးဟေ ကိုယ်တိုင်ပါ ၀င်မယ့် စီးရီးနှစ်ခွေ လုပ်နေတယ် ဆိုတော့ အချိန်ပေးမှု တွေက ဘယ်လိုမျိုးလဲ။


စီးရီးနှစ်ခွေ ဆိုတော့ အဲဒီ အတွက် တော်တော်ကြီးကို ခွန်အားတွေလည်း မွေးရဦးမယ်။ အချိန်တွေလည်း အများကြီး ပေးရမယ်။ သီချင်းအတွက် အချိန် အများကြီး ပေးပြန်ရင်လည်း ဇာတ်ကားရိုက်ကူးရေးဘက်က မိုးဟေကို လည်ပင်းတွေဝိုင်းညှစ်ကြလိမ့်မယ်။



ဇာတ်ကားရိုက်က ဘယ်လောက်ထိ စီစဉ် ပြီးသွားပြီလဲ။


ဇာတ်ကားရိုက်တွေက ၂၀၁၁ ဒီဇင်ဘာလအထိ စီစဉ်ပြီးသွားပြီ။

အဲဒီတော့ ၂၀၁၁ မှာ စီးရီးအတွက် မလှည့်နိုင်သေးဘူးပေါ့။


“ညဘက်တွေမှာ ကြိုးကြားကြိုးကြား အနေနဲ့ စီးရီး အတွက် အချိန် ပေးရမှာပေါ့။ တစ်နေကုန် ကားရိုက်တယ်။ ညဘက်မှာ သီချင်းဆိုတယ် ဆိုရင် ခွန်အားမရှိတဲ့ အသံမျိုး ဖြစ်မှာစိုးတယ်။ စီးရီး စီစဉ်သူတွေကလည်း မိုးဟေကောင်းဖို့ အတွက် ပြောတာဖြစ်တဲ့အတွက် လက်ခံပါတယ်” လို့ မိုးဟေကိုက ဖြေပေးပါတယ်။

ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံကို မြစ်ကြီးနားဘက် သွားရင်း ရိုက်ကူး ပေးခဲ့ပါလို့ ဓာတ်ပုံကိုလင်း (Studio-K) ကို အကူအညီ တောင်းခဲ့ပေမယ့် မြစ်ကြီးနား ဘက်မှာ ရိုက်လာတဲ့ ဓာတ်ပုံတွေကို မသုံးဖြစ်ပါဘူး။
ဒါကြောင့် ရန်ကုန်မှာပဲ ရိုက်ဖို့ စီစဉ်တဲ့ အခါ မိုးဟေကိုက သူ့ သူငယ်ချင်းရဲ့ အိမ်မှာရိုက်ဖို့ စီစဉ် ပေးခဲ့ပါတယ်။ မိုးဟေကိုကို ရွှေအမြုတေ ဓာတ်ပုံ ရိုက်တိုင်း မိုးနဲ့ တိုးတာကြောင့် မိုးမရွာပါစေနဲ့လို့ ဆုတောင်းပေမယ့် အဲဒီနေ့က မိုးရွာချခဲ့ပါတယ်။

မိုးရွာတာကြောင့် ခြံဝင်းထဲမှာ ရိုက်ချင်ပေမယ့် မရိုက်ဖြစ်ဘဲ အိမ်ထဲမှာပဲ ရိုက်ဖြစ်ခဲ့ပါတယ်။
မိုးဟေကို စီစဉ်လာတဲ့ ၀တ်စုံ ဒီဇိုင်းများက မြက်ခင်းပြင်နဲ့ အပင်များ ကြားမှာ ဖြစ်တာကြောင့် မိုးရွာ နေပေမယ့် မိုးဟေကိုက မိုးရေထဲမှာ ထွက်ပြီး ဓာတ်ပုံရိုက်ခွင့် ပေးခဲ့ပါတယ်။

မိုးဟေကိုရဲ့ ပုံစံနဲ့ လိုက်ဖက်တဲ့ ၀တ်စုံ ဒီဇိုင်းများကို ဒီဇိုင်နာ ကောင်းမြတ်က စီစဉ် ချုပ်ပေးထားပြီး မိတ်ကပ်၊ ဆံပင်ကိုတော့ ညီညီ မောင်(စမ်းချောင်း) က ပြင် ဆင် ပေးထားပါတယ်။

မိုးနဲ့ ရေစက်ဆုံ၊ မိုးနဲ့ အကျိုးပေးတဲ့ မိုးဟေကိုရဲ့ ဓာတ်ပုံများကို ရိုက်ကူး ပေးသူက ဓာတ်ပုံ ကိုလင်း(Studio-K) ပါ။

ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးဖို့အတွက် နေရာ စီစဉ်ပေးတဲ့ အမှတ် 17-C, မေခလမ်း အိမ်မှ အိမ်ရှင် များကိုလည်း ကျေးဇူးတင်ရှိပါတယ်။
မိုးဟေကို အတွက် ၀တ်စုံ ပြင်ဆင်ပေးတဲ့ ဒီဇိုင်နာ ကောင်းမြတ်၊ မိတ်ကပ်ညီညီ မောင်(စမ်းချောင်း)တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)  www.shweamyutay.com ကနေ ကူးယူ ဖော်ပြပါတယ်။


 



















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved