ထိုင်းရောက်မြန်မာများ နဲ့ အလုပ်သမားလက်မှတ်

Sunday, February 10, 2013

~


ထိုင်းမှာရောက်နေတဲ့ မြန်မာပြည်သားတွေထဲမှာ  အလုပ်သမားလက်မှတ်ရရှိရေးအတွက် စာရွက်စာတမ်းကိစ္စ ဆောင်ရွက်ဖို့ လိုအပ်နေသေးတဲ့ အရေအတွက် တသန်း ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။



ကော့သောင်းမြို့ တဘက်ကမ်း ရနောင်းမြို့ ရေလုပ်ငန်းခွင်မှ မြန်မာပြည်သားများ (ဓာတ်ပုံ - သန်းထိုက်ဦး)
ဒီ တသန်း ဝန်းကျင် အတွက် စာရွက်စာတမ်းကိစ္စ ဆောင်ရွက်ဖို့ နောက်ဆုံးရက်က ရှေ့လ ၁၆ ရက်နေ့ ဖြစ်ပါတယ်။

အဲဒီ နောက်ဆုံးရက်မှာ အလုပ်တွေ မပြီးဘူးဆိုရင် ထိုင်းအစိုးရက အချိန်ထပ်တိုးပေးမှာပဲလို့ မြန်မာဘက်က ယုံကြည်နေကြောင်း ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ မျက်နှာဖုံးသတင်းတပုဒ်မှာ ရေးထားပါတယ်။

ဘန်ကောက်ကို ရောက်နေတဲ့ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းက အဲဒီလို ပြောဆိုလိုက်တာလို့ သတင်းက ဆိုပါတယ်။

ထိုင်းအစိုးရက နောက်ဆုံးသတ်မှတ်ထားတာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ဖြစ်ပါတယ်။ လုပ်ငန်းတွေ မပြီးလို့ လာမယ့် မတ်လ ၁၆ အထိ ထပ်ရွှေ့လိုက်တာပါ။

မှတ်ပုံ မတင်တဲ့ အလုပ်သမားဟာ တရားမ၀င်အလုပ်သမားဖြစ်တဲ့အတွက် နေရပ်ရင်း ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။

တရားဝင်အလုပ်သမားတွေရဲ့ အသက် ၁၅ နှစ်အောက် ကလေးများအတွက် အထောက်အထားလက်မှတ် အခမဲ့ လုပ်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ် တဲ့။ ကလေး အရေအတွက်က နှစ်သိန်း လို့ ခန့်မှန်းပါတယ်။

မှတ်ပုံတင်လုပ်ငန်း ပြီးစီးသွားတဲ့ မြန်မာပြည်သား အလုပ်သမား အရေအတွက်က ဘယ်လောက် ရှိပါသလဲ။
ဘန်ကောက်က မြန်မာသံအမတ်ကြီး ဦးမြင့်သိန်းကတော့ ဆယ့်နှစ်သိန်း ရှိတယ်လို့ ပြောပါတယ်။

မှတ်ပုံတင်ကိစ္စအတွက် မြန်မာအလုပ်သမားတယောက် ကုန်ကျရတဲ့ငွေက ဘတ် တသောင်းခွဲ ရှိပါတယ် လို့ သူက ဆက်ပြောကြောင်း သတင်းစာမှာ ရေးထားပါတယ်။

ဘတ်တသောင်းခွဲ ဆိုတာ ဒေါ်လာ ငါးရာ ဝန်းကျင် ရှိပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ကျပ် လေးသိန်း နည်းနည်း ကျော်ပါတယ်။

မြန်မာ (အလုပ်သမားဌာန) က စာရွက်စာတမ်းကိစ္စအတွက် ဘတ် ၆၀၀ သတ်မှတ်တယ်၊ ထိုင်းက အထောက်အထားလက်မှတ်သက်တမ်းပေါ် မူတည်ပြီး ဘတ် ၁,၈၀၀ နဲ့ ၃,၀၀၀ ကြား ကောက်ယူတယ် လို့ သံအမတ်ကြီးက ရှင်းပြတယ်၊ သို့သော်လည်း ကျန်တဲ့ငွေက ဘာအတွက် ကုန်တယ် ဆိုတာကိုတော့ ပြောမပြပါဘူး တဲ့။

 ဒီလောက် အကုန်အကျ ခံဖို့ မလိုဘူး ဆိုရင် အလုပ်သမားတွေက စာရွက်စာတမ်းကိစ္စ ပိုပြီး လာလုပ်ကြမှာပါ လို့ သံအမတ်ကြီး ဦးမြင့်သိန်းက ပြောကြောင်း သတင်းစာက ဆိုပါတယ်။

လက်ရှိ အလုပ်သမားလက်မှတ်ကိစ္စဆောင်ရွက်ပေးတဲ့ရုံးတွေကို ဒေသ ၁၁ ခုမှာ ဖွင့်ထားရာကနေ တခြား ဒေသတွေမှာ တိုးချဲ့ ဖွင့်နိုင်မယ် ဆိုရင် ကျန်နေသေးတဲ့ အလုပ်သမားတွေလည်း စာရွက်စာတမ်းကိစ္စ လာရောက် လုပ်ဆောင်ကြမှာပဲ လို့ သူက ပြောပါတယ် တဲ့။

အလုပ်သမားလက်မှတ်ကိစ္စဆောင်ရွက်ပေးတဲ့ရုံး တည်ရှိတဲ့ ဒေသများ
ချင်းမိုင်၊ ချင်းရိုင်၊
ပထုန်ဌာနီ၊ စမွတ်ပရာကန်၊
မဟာချိုင်၊ လယောင်၊
ခွန်ခန်၊ စူရတ်ဌာနီ၊
ရနောင်း၊ မဲဆောက်၊
ကန်ချနဘူရီ
ထိုင်းမှာ ခရိုင်ပေါင်း ၆၀ ကျော် ရှိပြီး အဲဒီအရေအတွက်ရဲ့ ထက်ဝက်ကျော်မှာ မြန်မာပြည်သားတွေ ရောက်ရှိ လုပ်ကိုင်နေတယ်လို့ ယူဆရပါတယ်။ အခု ရုံးဖွင့်ထားတာက  ဒေသ ၁၁ ခု မှာ ဆိုတော့ အဲဒီရုံးတွေနဲ့ အလှမ်းဝေးတဲ့ အလုပ်သမားများ စာရွက်စာတမ်းကိစ္စ ဆောင်ရွက်ဖို့ အဆင်မပြေ နိုင်တဲ့သဘောပါ။ အလှမ်းဝေးရင် သွားလာရေး ခက်ခဲနိုင်ပါတယ်။ အလုပ်ကနေ ခွင့်ရဖို့လည်း တချို့အတွက် အခက်အခဲရှိပါတယ်။

အလုပ်သမားတယောက်ရဲ့ တနေ့တာ လုပ်အားခဟာ တချို့ဒေသတွေမှာ ဘတ် တရာ (ကျပ် သုံးထောင်နီးပါး) လောက်ပဲ ရှိပါတယ်။ တချို့နေရာတွေမှာတော့ ဘတ် သုံးရာ ဝန်းကျင် ရကြပါတယ်။

ဆက်စပ်ဖတ်စရာ ~
 မြန်မာအလုပ်သမားတွေ ထိုင်းမှာ တနေ့ ဆယ်ဒေါ်လာ ရမှာလား

 ထိုင်းရောက် မြန်မာများ သိထားရန်

--

1 comments :

  1. အလုပ်သမားလက်မှတ်လုပ်ဖို့ ဆက်သွယ်ရမယ့် လိပ်စာတွေ ထည့်ပေးရင် ပိုမကောင်းဘူးလား.. သတင်းက ဖတ်ရတာပဲ ရှိတယ်..အသုံးမ၀င်သလိုမဖြစ်နေဘူးလား...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved