ဟိုချီမင်းကို အားကျတဲ့ SSA ခေါင်းဆောင်

Sunday, February 24, 2013





ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ရှမ်းပြည် တပ်မတော် (SSA)ရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်နဲ့ မကြာသေးခင်က အမေးအဖြေ ပြုလုပ်ခဲ့တာကို ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြခဲ့ပြီးပါပြီ။
ကျန်နေသေးတဲ့ အမေးအဖြေ တချို့ကို ဒီဘလော့မှာ  ၂ ပိုင်းခွဲပြီး တင်ဆက်နေတာ ဒီကနေ့ ဖော်ပြလိုက်တာက ဒုတိယပိုင်းပါ။
ဒု ဗိုလ်ချုပ်ကြီး ရွက်စစ် ပြောပြတဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတချို့ကို ဖတ်ရမှာ ဖြစ်ပါတယ်။

အင်တာဗျူး ဒုတိယပိုင်းမေး ။    ။ အဲဒီလို နိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေတွေကို သိအောင်လို့ ဥက္ကဋ္ဌက ဘယ်လို လေ့လာ၊ ဘယ်လို ဖတ်သလဲ။ မြန်မာလိုလား၊ အင်္ဂလိပ်လိုလား၊ ထိုင်းဘာသာနဲ့ ဖတ်လား။
ဖြေ ။    ။ များသောအားဖြင့်တော့ ထိုင်းဘာသာနဲ့ ဖတ်တာများတယ်၊ ပြီးတော့ မြန်မာဘာသာနဲ့လည်း ဖတ်တာရှိတယ်၊ မြန်မာဘာသာတော့ တချို့ဟာတွေ သိပ်ပြီးတော့ သဘောမပေါက်တာ ရှိတယ်။

မေး ။    ။ ထိုင်းဘာသာကို  ဘယ်မှာသင်ခဲ့ရလဲ။
ဖြေ ။    ။ ဒီတပ်ထဲကိုဝင်ပြီးတော့ ဒီနယ်စပ်မှာ လာနေခဲ့ရတာ ၁၉၇၆ ခုနှစ်ကတည်းကလေ။

မေး ။    ။  ဥက္ကဋ္ဌ ငယ်ငယ်တုန်းက ဘယ်ခေါင်းဆောင်ကို အားကျခဲ့လဲ။
ဖြေ ။    ။ အောင်မြင်မှုရရှိလာတဲ့ ခေါင်းဆောင်တွေ အားလုံးကို ကျနော် လေ့လာတယ်။
ကျနော် သဘောအကျဆုံး၊ အားအကျဆုံး ကတော့ ဟိုချီမင်း ဖြစ်ပါတယ်။

မေး ။    ။ RCSS/SSA ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အလုပ်ကတော့ အရမ်းများမှာပဲ။ စိတ်အပန်းဖြေဖို့ ဘာတွေ လုပ်ပါသလဲ။
ဖြေ ။    ။ စိတ်အပန်းဖြေတာကတော့ အားကစား လုပ်တယ်၊ ကြက်တောင်ရိုက်တာ ဝါသနာပါတယ်၊ ကြက်တောင်ရိုက်လို့ အခု လက်တောင်မှ ထိခိုက်လို့ ကျောက်ပတ်တီး ထည့်ထားရတယ်။


မေး ။    ။ မိသားစုအတွက်ရော ဘယ်လိုအချိန်ပေးသလဲခင်ဗျ။
ဖြေ ။    ။ မိသားစုအတွက်ကတော့ တစ်ရာ ရာခိုင်နှုန်းမှာ သုံးဆယ် ရာခိုင်နှုန်းလောက်ပဲ အချိန်ပေးနိုင်တယ်။ အချိန်သိပ်ပြီးတော့  မပေးနိုင်သေးဘူး။

မေး ။    ။ ဧရာဝတီ သတင်းဌာနက တင်တဲ့ သတင်းတွေကိုရော ဖတ်ဖြစ်ပါသလား။
ဖြေ ။    ။ ဝဘ်ဆိုက်ထဲမှာ နေ့တိုင်း ဖတ်ပါတယ်။


မေး ။    ။ တနေ့မှာ SSA ရဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ရည်ရွယ် စိတ်ကူးခဲ့တာများ ရှိလား။
ဖြေ ။    ။ ဒီလိုမျိုး စစ်သား လာဖြစ်ဖို့တောင်မှ ကျနော် မထင်ထားခဲ့ဘူး၊ ကျနော်တို့ စစ်သား လာလုပ်ရတာလဲ တပ်မတော်က ဖိနှိပ်မှုကြောင့်ပဲ၊ ကျောင်းသားဘဝတုန်းက ကျနော့်ရဲ့ သူငယ်ချင်း မိန်းခလေး တစ်ယောက်ကို တပ်မတော်က မုဒိမ်းကျင့်ခဲ့တာ ရှိတယ်၊ အဲဒီအချိန်ကတည်းက တပ်မတော်ကို မုန်းတီးတဲ့စိတ် ရှိလာခဲ့တယ်၊ ဒါပေမယ့် လူမျိုးရေးမုန်းတီးတာ၊ ဗမာကို မုန်းတီးတယ် ဆိုတာတော့ မရှိဘူး။

မေး ။    ။ ငယ်စဉ်လူငယ်ဘဝ အနာဂတ်စိတ်ကူးက တပ်ထဲဝင်ဖို့မဟုတ်ဘူး ဆိုတော့ ငယ်တုန်းက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ ။    ။ ငယ်စဉ်တုန်းက ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ပြီး မိဘကို လုပ်ကျွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိခဲ့တယ်။

ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်နဲ့ သူ့ရဲ့ အနီးကပ် လုံခြုံရေး အရာရှိများ
မေး ။    ။ ဥက္ကဋ္ဌရဲ့ အသက် ဘယ်လောက်လဲခင်ဗျ။
ဖြေ ။    ။ ကျနော့်ရဲ့ စိတ်ပိုင်းကတော့ ၂၅ နှစ်ပဲ ရှိပါသေးတယ်၊ တကယ့် အသက်အစစ်အမှန်ကတော့ ၅၃ ရှိပါပြီ။

မေး ။    ။ ကျောင်းသားဘဝက အကြောင်း နဲနဲပြောပြပေးပါ။

ဖြေ ။    ။ ကျောင်းကတော့ တော်တော်များများနေခဲ့ရတယ်၊ ဒါပေမယ့် အောင်တော့ သိပ်ပြီး မအောင်ခဲ့ဘူး၊ ငယ်ငယ်တုန်းက မိုက်ခဲ့တာပေါ့၊
သူများနဲ့လည်း ခဏခဏ ရန်ဖြစ်တော့ ကျောင်းလည်း ခဏခဏ အထုတ်ခံရတယ်။ 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved