လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ်

Sunday, March 10, 2013




ဒါလေးတော့ သိထားရင် ကောင်းမယ်ပေါ့။ ဘယ်နေရာတွေမှာ အသုံးပြုကြတာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း ဃဃနန မသိ။
ဒါကတော့ လူတိုင်း ကြားဖူးကြတယ်။ လူတွေလည်း အပြောများတယ်။
နင် ဘာနက္ခတ်လဲ။ ကွန်မ ချစ်သူက ဘီလူးနက္ခတ် ကျွန်မက လူနက္ခတ်ဆိုတော့။ ဆရာရယ် သမီးကို ကယ်ပါ။ ကျွန်မ သူ့ကိုယူရင် အစားခံရမယ်ထင်တယ်။ ဆရာ ကယ်ပါ တဲ့။
သူနဲ့ ကျွန်တော်နဲ့ ယူလို့ သင့်တော်ပါ့မလား ဆရာရယ်၊ နက္ခတ်မကိုက်ဘူးတဲ့။
ဘီလူးက လူကိုသာ စားနိုင်တာ ၊ နတ်ကိုတော့ အသေကြောက်တဲ့။ အိုး..အစုံပါပဲ။

အဲဒီတော့ ကျွန်တော် ဘယ်လို လုပ်ရပါ့။ ဘယ်လို ဟောပေးရပါမလဲ။
တည့်တာ မတည့်တာ။ သင့်တာ မသင့်တာ အသာထား။ ဗေဒင်ဆရာပြောလို့ ကိုယ်အသက်မက ချစ်တဲ့ချစ်သူကို မယူတဲ့ လက်မထပ်တဲ့ သူ တစ်ဦးတစ်ယောက်တောင် မတွေ့ဘူးဘူး။ တကယ်ပါ။ ဗေဒင်ဆရာဖြစ်စတုန်းက စမ်းသတ်ပြီးသွားပြီ။ အိမ်ထောင်မပြုခင် ချစ်သူဘ၀က ကျွန်တော်ဆီကို လာမေးကြတယ်။ မင်္ဂလာဇာတာ လာတိုက်ကြတာလေ။

အဲဒီတော့ ကိုဗေဒင်ဆရာကလည်း ခေါင်းကြီးကို ဗေဒင်တွက်တဲ့ စားပွဲကိုထိမတတ် ငုံ့လို့ပေါ့။ နည်းမျိုးစုံနဲ့ကို တွက်တာ။
ကျမ်းကြီးကျမ်းငယ်တွေနဲ့ကို ဆန်းစစ်ကြည့်တာ။ တိုက်ဆိုင်ကြည့်တာ။ နောက်ဆုံး အဖြေက မကောင်းဘူး။ ယူလို့ မရဘူးပေါ့။ မဖြစ်ဘူးပေါ့။
အဲဒိတော့ ကိုယ်ကလည်း ခေါင်းလေးအသာမော့။ မျက်လုံးက လေး ပေကလပ် ပေကလပ်နဲ့။ အသံလေးကလည်း စိတ်မကောင်းတဲ့ လေသံကလေးနဲ့။
ပြောရမှာ စိတ်မကောင်း ဘူးဗျာ။ ခင်ဗျားတို့ စုံတွဲ ယူလို့ မရဘူး၊ နေ့နံ မသင့်ဘူး။ နက္ခတ် မကိုက်ဘူးလို့ စိတ်မကောင်းတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။
ကိုယ့် စိတ်ထဲတော့ ဒီလို ပြောလိုက်မိတာ မကောင်းဘူးပေါ့။
အဲဒီတော့ သူတို့နှစ်ယောက်ကလည်း မျက်နှာလေးတွေ မကောင်းဖြစ်သွားတယ်။
 ပြီးတော့ သူတို့နှစ်ယောက်က လည်း ကျွန်တော်ကို တိုးတိတ်နာကျင်နေသော အသံလေးတွေနဲ့ ကျေးဇူးတင်ပါတယ်ဆရာရယ်။ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦးလို့ ဆိုပြီး နှုတ်ဆက်ပြန်သွားကြတယ်။
ကျွန်တော်ကတော့ တစ်ယောက်ထဲ စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့တာ။
သြော် ... သူတို့လေးတွေ ငါဟောပေးလိုက်လို့ အပြစ်မရှိတဲ့ ချစ်သူနှစ်ဦး ချစ်သောသူနှင့် ကွေကွင်းရတဲ့ ဒုက္ခကို နှစ်ယောက်အတူ ခံစားရတော့မှာပါလားလို့ တွေးမိရင်း နေ့စဉ်ရက်ဆက် စိတ်မကောင်း ဖြစ်နေတာ။

နောက်တစ်နှစ်လောက်ကြာတော့ သူတို့နှစ်ယောက် ကလေးအမည်ပေး လာတောင်းတယ်။ ကောင်းရော ...။ ကိုယ်ကတော့  စိတ်မကောင်း ဖြစ်နေတာ။ သူတို့ကတော့ ကလေးတစ်ယောက်တောင် ရနေပြီ။ အဲဒီလို အဲဒီလို...။
ဒါကြောင့် ပြောတာပေါ့ ... ဗေဒင်ဆရာပြောလို့ မယူတဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ၊ မရှိပါဘူး။
မိဘစကားတောင် နားမထောင်တာ၊ ဗေဒင်ဆရာပြောစကား နားထောင်ဖို့ ဝေးပါသေးတယ်။ ဟီးဟီး။ အဲဒီကတည်းက ပညာရခဲ့တာ။

ဒါကြောင့် ကျွန်တော်အခုပြောချင်တာက နက္ခတ်အကြောင်း ပြောတော့မယ်နော်။
ဒါပေမယ့် ကျွန်တော် ကြိုပြော ထားချင်တာက အိမ်ထောင်ရေးဇာတာတိုက်ဖို့ မဟုတ်ဘူး။ ချစ်သူနှစ်ဦး ဇာတာတိုက်ဖို့ မဟုတ်ဘူးနော်။
ဒါဆို ဘာလုပ်ဖို့လဲဆိုရင် ... နက္ခတ်နဲ့ သူ့အကြိုက်။ ကိုယ့်အကြိုက် သိအောင်လုပ်တဲ့နည်း။
 ဒီနည်းလေးက လူတွေနဲ့ ဆက်ဆံရေးအတွက်တော့ အရမ်းကောင်းတာ။ ကျွန်တော်တို့ အဘမင်းသိင်္ခ တပည့်တွေတိုင်း သိတယ်။ အသုံးပြုနေကျနည်းလေးပဲ။
ဒီနည်းလေးကို သိလိုက်တာနဲ့ သင်ဟာ သင့်ပတ်ဝန်းကျင် ၊ သင့်မိသားစု အသိုင်းအ၀ိုင်းတွေကြားမှာ အိုကေမှာ စိုပြေသွားစေရမယ်။ အာမခံတယ်။
မကောင်းဘူးလား။

အဲဒီတော့ ပထမဆုံး နက္ခတ်ဘယ်လိုတွက်သလဲ စလိုက်ကြအောင်။ လွယ်ပါတယ်။ တော်တော်လေးကို လွယ်ပါတယ်။ (၃) အလီရတာနဲ့ကို ရပြီ။

မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(ဝ)-ကြွင်းရင်- ဘီလူးနက္ခတ်။

ဒါပဲ၊ ဒီလောက်ပဲ။ အမလေးလေး လွယ်လိုက်တာ။ ကဲ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ကိုယ်ပြန်တွက်ကြည့်။ ကိုယ် ဘာနက္ခတ်လဲ ဆိုတာ။ စက္ကန့်ပိုင်းအတွင်း သိရပြီ ဟုတ်။

နက္ခတ်နဲ့ စရိုက်။

နတ်နက္ခတ်။

နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။
ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။
တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။
နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။
သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။
စကားလုံးလေးတွေကလည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။
အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။

လူနက္ခတ်။

အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။
အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။
အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူနက္ခတ်ဆိုတာကို မမေ့နဲ့။
အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။
ဥပမာ ဆိုကြပါစို့ ...၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။
အခု အနေအထားက ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ် ... ဘာညာပေါ့။
အဲဒီလို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။

ဘီလူးနက္ခတ်။

ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မဟုတ်လား။ ဘီးလူးဆိုင်းတီးပြီး ၀င်လာတယ် ဆိုတာ။
ဘီလူးနက္ခတ်သမားတွေက သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။
နောက် အသံအနေအထား။
အသံကလည်း ကျယ်မှ ။ စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။ ပျော့စိစိတော့ သွားမလုပ်နဲ့နော်။ သူက ခင်ဗျားကို အခြောက်ထင်သွားလိမ့်မယ်။

အဲဒီတော့ မိတ်ဆွေတို့ကို ကျွန်တော်က ဒီနည်းလေး ပေးလိုက်တာ။ အရမ်း ကောင်းတယ်။ မိုက်တယ်နော်။
ကျွန်တော်တို့ ဗေဒင်ပညာကို စသင်တုန်းက ဗေဒင်မသင်ခင်ကတည်းက ဒါကို အရင်စသင်ခဲ့ရတာ။
ကျွန်တော်တို့ဆီကို ဗေဒင်လာတွက်တယ် ဆိုရင် အရင်ဆုံး သူ့ရဲ့ သက္ကရာဇ်ကို နက္ခတ်ကစတွက်ပြီ။
ပြီးရင် ကိုယ့်ဆီကို ဗေဒင်လာမေးတဲ့ သူဟာ ဘာနက္ခတ်လဲ ကျွန်တော်သိလိုက်ရပြီ။ လူနက္ခတ်လား။ ဘီလူးလား၊ လူလားပေါ့။
အိုကေ ကျွန်တော်နက္ခတ်သိတာနဲ့ ကျွန်တော် သူ့ကို သေသေချာချာ ကြည့်လိုက်တယ်။ နတ်နက္ခတ်ဆိုရင် ကျွန်တော်အသံက တကယ့် တိုးတိုး ညင်ညင်သာသာလေးပါ။
ကျွန်တော်အသံကို မကြားရမှာ စိုးလို့တောင် ကျွန်တော် ခါးကို အသာလေး ရှေ့ကို ကိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော် သူ့ကို အေးအေးဆေး ဆေးလေး ဗေဒင်ဟောပေးတယ်။

လူနက္ခတ်ဆိုရင် ကျွန်တော် သူ့ကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ဟောရတယ်။ တစ်ခါတလေ ကျွန်တော် သူ့ကို သူ လုံးဝ နားမလည်နိုင်တဲ့ စာအုပ်ကြီးတွေတောင် ထုပ်ပြလိုက် သေးတာ။ ဟဲဟဲ လူကိုးဗျ။ သဘောတွေ ကျလို့။

ဘီလူးနက္ခတ်လာလို့ကတော့ အရင်ဆုံး ကျွန်တော့်မျက်နှာကို ဘီလူး သံပရာသီးကိုက်ထားတဲ့ ရုပ်မျိုး လုပ်လိုက်ရတယ်။
ပြီးတော့မှ အသံကြယ်ကြယ်နဲ့ သူ့ကို ဟောကိန်းတွေ ထုပ်ရတာ။ အာမခံချက်တွေ ရဲရဲပေးပြီး ဟောပေးရတာ။
အဲဒီလိုမှ သူက တောက်... ဒီလို ဗေဒင်ဆရာမျိုး လိုက်ရှာနေတာဆိုပြီး သဘောတွေ အကျကြီး ကျတာကိုးဗျ။ ဒါက ကျွန်တော်တို့ ဗေဒင်ဆရာတွေ ပြောတာပါ။

ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်ပြီး ပွားယူပေတော့ဗျာ။ အချစ်ရေးလား၊ အိမ်ထောင်ရေးလား။ လူမှုရေးလား။
မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးလား၊ အကုန်လုံး အဆင်ပြေပါတယ်ဗျာ။ ကျွန်တော်ပြော တဲ့ နည်းလေးကို မိတ်ဆွေ ဒီနေ့ကစပြီး အသုံးချကြည့်စမ်းပါ။
တကယ် ကောင်းပါတယ်ဗျာ။ ကျွန်တော်လဲ ဒီလောက်ပဲ ပြောတတ်လို့ပါဗျာ။ တကယ်ကောင်းတာပါဗျာ။ တကယ်ပါ။

    သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော


    ဟိန်းတင့်ဇော်
    ထိုင်းနိုင်ငံ-မဟာချိုင်မြို့
http://www.heintinzaw.com


  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved