"တခါလာလည်း ဘုန်းကြီးကျောင်း၊ ဘုရား စေတီ၊ နွားလှည်း.."

Monday, March 11, 2013










ပန်းချီလှမြင့်ဆွေဟာ တပ်မတော်သားအရာရှိဟောင်းတဦးပါ။
သူရေးသားပြုစုခဲ့တဲ့ စာအုပ်များထဲမှာ ပန်းချီ နဲ့ ဓာတ်ပုံ ဆိုင်ရာ စာအုပ်တွေလည်း ပါဝင်ပါတယ်။ ဆရာ့ရဲ့ ပန်းချီကားတွေက
မင်ခြစ်ပန်းချီများ ဖြစ်ပါတယ်။မကြာသေးခင်က ပန်းချီလှမြင့်ဆွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခိုက် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို ဖော်ပြလိုက်ပါတယ်။
သတင်းရေး၊ ပန်းချီ/ကာတွန်းဆွဲတဲ့ ဂျွန်ချစ်ငြိမ်း(တောင်ကြီး)က မေးမြန်းထားတာ ဖြစ်ပါတယ်။

ဆရာ့ရဲ့ လက်ရာတချို့ကိုလည်း အင်တာဗျူးနဲ့အတူ ပူးတွဲ ဖော်ပြလိုက်ပါတယ်။


မေး။ ။ အန်ကယ်လှမြင့်ဆွေအကြောင်း စာဖတ်ပရိသတ်ကို နည်းနည်းပါးပါး မိတ်ဆက်ပေးပါခင်ဗျ။

ဖြေ။ ။           ။ များသောအားဖြင့် အန်ကယ်ကို့ ပန်းချီလောကမှာ မင်ခြစ်ပန်းချီနဲ့ လူတွေသိကြတယ်၊   အန်ကယ်က အရင်က စစ်သား ဆိုတော့ နေရာဒေသအစုံ သွားလာနေရတယ်၊ ပန်းချီဆွဲချင်တဲ့ပိုးကဖျောက်လို့မရဘူး၊ ဆေးတွေစုတ်တွေ၊ ကင်းဗတ်တွေကလည်း ယူသွားဖို့ အဆင် မပြေပြန်ဘူး၊ သည်တော့ကာ  ဘယ်လို လုပ်ခဲ့ရလဲဆို တွေ့တဲ့ စက္ကူ အပိုင်း အစလေးတွေမှာ ဘောပင်န်နဲ့ရေးခြစ်တယ်၊ ရောက်တဲ့နေရာဒေသက ရှုခင်းလေးတွေ၊ တောတောင်ရေမြေ သဘာဝတွေ အားလုံးပေါ့ သည်လိုပဲရေးခဲ့ရတယ်။
         

အဲဒီကတည်းက စက္ကူပေါ်မှာ မင်ခြစ်ရေးတာ အခု တပ်မတော်ကနေပြီး အငြိမ်းစား ယူထားတဲ့ အခုချိန်ထိ အဲသည်ဟန်အတိုင်းပဲရေးဖြစ်နေတယ်၊ ကိုယ်တိုင်လည်း သည်လိုရေးရတာ သဘောကျတာလည်း ပါတာပေါ့။


အခု အငြိမ်းစားဘ၀ ဆိုတော့ အနုပညာ အလုပ်တွေ ပိုလုပ်ဖြစ်တယ်၊ အရွယ်က နောင်လာနောင်သား မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရမယ့် အရွယ်ရောက်နေပြီ ဆိုတော့ လူငယ်အနုပညာရှင်တွေကို အားပေးနေတယ်။

မေး။  ။ ပြည်တွင်းပန်းချီဈေးကွက် ကကော အခြေအနေ ကောင်းနေလားဗျ။ လက်ရာပိုင်းကောပေါ့ဗျာ။

ဖြေ။       ။      ပြည်တွင်း ပန်းချီင်္ဆရာတွေရဲ့ လက်ရာ အဆင့်အတန်းကလည်း  မနိမ့်ပါဘူး၊  အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူထူထုက အားပေးမှု၊ စိတ်ဝင်စားမှု တွေနည်းနေသေးတယ်။
နောင်တချိန် မှာတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ပြည်သူတွေကလည်း အားပေးမှု ပိုလာမယ်လို့ အန်ကယ်မြင်တယ်။



နိုင်ငံတကာပန်းချီ ပြပွဲတွေ အန်ကယ် ခဏခဏရောက်ဖူးတယ်၊ အတော်များများလည်း ပြည်တွင်းကနေ နိုင်ငံတကာကို ထိုးဖောက်နေတာတွေရှိတယ်၊ အာဆီယံ နိုင်ငံတွေမှာလည်း ပန်းချီဆရာ အတော်များများနဲ့ တွေ့ဖူးတယ်၊ ပန်းချီ အဆင့်အတန်းက လုံးဝ မနိမ့်ပါဘူး၊ သို့သော်လည်းအန်ကယ်တို့ မြန်မာနိုင်ငံတွင်းက  ပန်းချီပြပွဲတွေသွားလိုက်လို့ရှိရင် များသောအားဖြင့်ပေါ့   ရေးထားတာတွေက မြင်လိုက်ရင်တွေ့လိုက်ရရင် သိပ်ပြီးဖောက်ထွက်မနေဘူး၊ ရိုးရှင်းနေတယ်၊ ဥပမာ - တခါလာလည်း ဘုန်းကြီးကျောင်း၊ ဘုရား စေတီ၊ နွားလှည်း ဒါတွေပဲ တွေ့နေရတယ်၊ ရိုးရှင်းလွန်းနေတယ်ပေါ့။



ပန်းချီဆရာတွေ တွေ့ရင်လည်း အန်ကယ်ကတော့ အားပေးပါတယ်၊ ကိုယ့်လိုင်းနဲ့ ကိုယ် အသစ်သစ်တွေ ဖန်တီးရေးဆွဲဖို့ပေါ့။  အန်ကယ်သိတဲ့ ပန်းချီဆရာတွေရှိတယ်ဥပမာ ၀င်းမြင့်မိုး ဆိုပါတော့ - သူ့ဆရာက ဆရာကြီးဦးလွန်းကြွယ်။ သည်တော့ကာ   သူရေးတဲ့ ကားတွေ ကြည့်လိုက်ရင် ဆရာကြီး ဦးလွန်းကြွယ် ရဲ့ ဟန်တွေ ၊ စုတ်ချက်တွေ၊ လိုင်းတွေ ရေးဟန်တွေ လွမ်းမိုးနေတယ်၊ တကယ်ဆိုရင် ဆရာကြီး ဦးလွန်းကြွယ် ရဲ့ ပန်းချှီ အခြေခံကိုသာယူပြီး   ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးသင့်တယ်၊တီထွင်သင့်တယ်၊    တွေ့တဲ့ ပန်းချီဆရာ အငယ်တိုင်းကိုလည်း ကိုယ်ပိုင်ဟန်နဲ့ ရေးဖို့ ဖန်တီးဖို့ အန်ကယ်အမြဲပြောတယ်။

                   နိုင်ငံတကာမှာလည်း အရင်က ရိုးရာလိုင်းရေးတဲ့သူတွေ ရှိတာပဲ၊ သည်လူတွေလည်း နောက်ပိုင်းမှာ အသစ်သစ်တွေ ရှာဖွေ ဖန်တီးပြီး တချို့ဆို မော်ဒန်တွေတောင် ရေးလာကြတယ်။


                  ပန်းချီဈေးကွက်အနေနဲ့ကတော့ ပြည်တွင်းကနေ နိုင်ငံတကာကို ထိုးဖောက်နေတဲ့
သူတွေလည်း ရှိနေတယ်၊ တဦးချင်းပေါ့။

နိုင်ငံတကာပန်းချီပြပွဲ တွေမှာကျတော့ နိုင်ငံတကာက ပန်းချီဝယ်လက်တွေက ကြည့်ကြတယ်၊၀ယ်ကြတယ်၊ အန်ကယ် တို့ပြည်တွင်းမှာတော့ အဲသည်လို ဈေးကွက် မဖြစ်လာသေးဘူး၊  အခုလောလောဆယ်မှာ တဦးချင်း တယောက်တည်း လူနည်းစုသာ ဈေးကွက် ကိုထိုးဖောက်နိုင်ပြီး ပန်းချီဆရာ အများစုကတော့ မထိုးဖောက်နိုင်သေးပါဘူး။

မေး။         ။အင်း အန်ကယ်ရေးတဲ့ မင်ခြစ်ဟန်ကော မပြောင်းတော့ဘူးလား။

ဖြေ။            ။    သည်ဟန်ရေးလာတာ အနှစ် ၃၀/၄၀ မကတော့ပါဘူး၊ သည်တော့ ပြောင်းလဲဖို့လည်းမရှိဘူး၊ များသောအားဖြင့် ပန်းချီဆရာ တွေက ပန်းချီနဲ့ အသက်မွေးဝမ်းကျောင်းပြုတတ်ကြတယ်၊ ပြုတော့ မင်ခြစ်တခုထည်းရေးလို့မရဘူး(ဥပမာပေါ့)၊
အပ်ထည်ကို လက်ခံပြီး ရေးဆွဲလေ့ရှိကြတယ်၊ ပုံတူ၊ ၀ထ္တုမျက်နှာဖုံး အစရှိသဖြင့်ပေါ့၊ လက်ခံတော့
လွတ်လပ်စွာ ဖန်တီးလို့မရဘူးပေါ့၊ ဖန်တီးခွင့်လည်း အခွင့်အလမ်း နည်းသွားတယ်၊ အပ်သူအကြိုက် လိုက်ရေးပေးရတာပေါ့။


  
                 အန်ကယ်ကတော့ပန်းချီနဲ့  အသက်မွေးဝမ်းကျောင်းပြုတာ မဟုတ်ဘူး။ ၀ါသနာအရ ရေးဆွဲတယ်၊ အချိန်ပေးနိုင်တာလည်း နည်းလို့ များသောအားဖြင့်တော့ မင်ခြစ်ကိုပဲ အားသန်ပါတယ်၊ မင်ခြစ်ကို ပြောင်းရေးမလားဆိုတော့ ပြောင်းဖို့ မကြိုးစားတော့ဘူး၊မင်ခြစ် ကိုပဲ သည်ထက် ပိုကောင်းအောင်ကြိုးစားပြီး အသစ်သစ်တွေရှာမယ်၊ ဖန်တီးမယ်။

များသောအားဖြင့်တော့ နိုင်ငံတကာမှာလည်း ပန်းချီဆရာ အတော်များများဟာ      သူတို့ရေးတဲ့
လိုင်းကိုပဲ တလိုင်းတည်း တောက်လျှောက်ရေးတတ်ကြတယ်၊ တရုတ်က ပန်းချီ ဆရာ တစ်ဦးဆို မြင်းတွေချည်း တောက်လျှောက် ရေးတယ်။ ဥရောပက ပန်းချီဆရာတဦး ဆိုရင် ရေတွေချည်းရေးတယ်၊ အဲဒီလိုပေါ့ ကိုယ့်လိုင်းကိုပဲ ထိုးဖောက်နိုင်အောင်ကြိုးစားပြီးရေးသွားမယ်။

မေး။  ။ ပြပွဲ  လုပ်ဖို့ကော ရှိသေးလား။

ဖြေ။          ။ လောလောဆယ်တော့ မရှိပါဘူး၊ အန်ကယ်က ဓာတ်ပုံလည်း ရိုက်တယ်။ မင်ခြစ်ကိုလည်း သူတို့ရဲ့  မျက်နှာ အသွင်အပြင် သဏ္ဍာန်တင်မကပဲ အတွင်းက စိတ်ရင်းသဏ္ဌာန်ပါ ပေါ်လွင်အောင်ရေးနိုင်ဖို့ကြိုးစားနေပါတယ်၊ ပြပွဲလုပ်ဖြစ်မယ် ဆိုရင်တောင်မှ ပန်းချီ တခုတည်းတော့ မဟုတ်ပါဘူး၊ အန်ကယ်ရဲ့ အနုပညာ အလုပ်တွေအကုန်ပြတဲ့ အနုပညာပြပွဲပဲ လုပ်ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။

အချိန်ပေးပြီး ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved