လယ်သမားနဲ့ ဖိုးလနတ်သား

Tuesday, March 5, 2013


ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွတ်သည့် အဖိုးအို
ဟောကြည့်ပါဆို။
ဆိုသာဆို ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်


ဖိုးလနတ်သား “ မဖြစ်ပါစေနဲ့လို့ လယ်သမားအားလုံး ဆုတောင်းပါတယ် ဆိုတဲ့စကားအပြီးမှာ လက်ခုပ်သံတွေ ဆူညံပွတ်လောရိုက်သွားပါတယ်။
ဒီစကားကို ရွှေနံ့သာ လယ်သမားတဦးက လယ်မြေ စုံစမ်းရေးကော် မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအောင်သိန်းလင်းကို ကျေးဇူးတင် စကားပြောရင်း ပါးပါးလေး ထည့်သွားတာပါ။ လယ်ယာစုံစမ်းရေး ကော်မရှင်တွေဟာ လယ်သမား အငိုတိတ်အောင် အရိပ်ပြရုံလောက်ဘဲလို့ လယ်သမားတွေ ခံစားနေရပုံပါဘဲ။

(ဓာတ်ပုံများ - အဲမလီ/ဧရာဝတီ)
မတ်လ ၂ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ကို မင်္ဂလာဒုံ နဲ့ ရွှေပြည်သာမြို့နယ်က လယ်သမားတွေ စုပေါင်းပြီး တောင်သူလယ်သမားနေ့ အခမ်းအနားကို ကျင်းပသွားခဲ့ပါတယ်။

ကျနော်တို့ လယ်သမားတွေက တောင်သူလယ်သမားနေ့ကို ကျင်းပနေတာပါ။ ဒါပေမယ့် လယ်သမားတွေမှာ လယ်တွေတော့ မရှိတော့ပါဘူးလို့ ရွှေပြည်သာမြို့နယ် သံတင်းကျေးရွာက လယ်သမား ဦးသန်းအုန်းက ပြောပြပါတယ်။


နိုင်ငံတော်က တရားဝင်သတ်မှတ်ထားတဲ့ နေ့ထူးနေ့မြတ်တွေထဲက နေ့တနေ့ဖြစ်တဲ့ တောင်သူ လယ်သမားနေ့ကို လူတိုင်းက အမှတ်တမဲ့ ဖြစ်နေပါပြီ။ ၁၉၆၂ခုနှစ် မတ်လ ၂လရက်နေ့မှာ သတ်မှတ်ခဲ့တဲ့ တောင်သူလယ်သမားနေ့ကို တောင်သူဦးကြီးတွေကတော့ ဘယ်မေ့လို့ ရနိုင်ပါ့မလဲလို့ လယ်သမားတဦးက ဖွင့်ဟပါတယ်။

တောင်သူလယ်သမားနေ့ အခမ်းအနားကို ရန်ကုန်တိုင်း လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်း ရောက်လာခဲ့ပါတယ်။ သူဟာ စုံစမ်းရေး ကော်မရှင်အနေနဲ့ လာရောက်တာ မဟုတ်ဘဲ အလွတ်သဘောအနေနဲ့ လာရောက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိလုပ်နေတဲ့ ကော်မရှင်ရဲ့ တာဝန်ဝတ်တရားတွေကို အဓိကကတော့ မြေသိမ်းတဲ့ဖြစ်စဉ်တွေမှာ ဥပဒေနဲ့ ညီမညီ အဓိက ကြည့်ပါတယ်။ ဥပဒေဆိုတာ ဟိုအရင် မြေသိမ်းတဲ့အချိန်မှာ ရှိတဲ့ ဥပဒေတွေပေါ့။ ဥပဒေနဲ့ မညီဘူးဆိုရင် လယ်သမားနစ်နာပြီ အဲဒီနစ်နာချက်တွေကို မနစ်နာအောင် ဘယ်လိုဖြေရှင်း ဆောင်ရွက်ပေးမလဲ ဒါကိုကျနော်တို့က စုံစမ်းဖော်ထုတ်တာပါ လို့ ဦးအောင်သိန်းလင်းက လယ်သမားတွေကို ပြောဆိုခဲ့ပါတယ်။


နောက်ထပ် တက်ရောက်သူတဦးကတော့ ရွှေပြည်သာမြို့နယ်က လွတ်တော်အမတ် ဦးတင်မောင်ဦးဖြစ်ပါတယ်။ လယ်သမားကိစ္စတွေနဲ့ ပတ်သတ်ပြီး ဦးနေမျိုးဝေနဲ့ ဆက်လုပ်ကြပါ။ ဦးနေမျိုးဝေကလည်း ကျနော့်ကို ခိုင်းပါ။ ကျနော်က ခိုင်းဖို့ရွေးထားတော့ မလုပ်ရင် တာဝန်မကျေဘူးလို့ လယ်သမားတွေနဲ့ တွေ့ဆုံရင်း ပြောဆိုခဲ့ပါတယ်။


နိုင်ငံတနိုင်ငံရဲ့ အရေးပါတဲ့ အခြေခံ လူတန်းစားနှစ်ရပ်မှာ တောင်သူလယ်သမားနဲ့ အလုပ်သမားတွေသာ ဖြစ်ပါတယ်။ အဲဒီအခြေခံ လူတန်းစားတွေ ဖြစ်တဲ့ တောင်သူလယ်သမားတွေဟာ ကိုယ့်လယ်ကိုယ်မပိုင်ဘဲ စပါးစိုက်တဲ့သူဟာ ဆန်ကို ၀ယ်စားနေရသလို အလုပ်သမားလူတန်းစားတွေဟာလည်း အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေရပြီး အလုပ်ရှင်တွေရဲ့ မတရား အနိုင်ကျင့်မှုတွေကို ခံစားနေဆဲဖြစ်ပါတယ်

လက်ရှိ ရွှေပြည်သာမြို့နယ်မှာ လယ်ဧကပေါင်း တစ်သောင်းကျော် သိမ်းဆည်းခံထားရပါတယ်။ စီမံကိန်း ပျက်သုန်းသွားတဲ့ လယ်တွေဟာ ဒီနေ့အထိ ဒီအတိုင်းရှိနေဆဲ ဖြစ်ပါတယ်။


တချို့လယ်မြေတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက အကျိုးစီးပွားအတွက် အသုံးချလုပ်ကိုင်နေတာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သာဓုကန် စက်မှုဇုန် စီမံကိန်းအတွက် သိမ်းခံလိုက်ရတဲ့ လယ်ဧက ၅၂၇ ဧကအတွက် စုံစမ်းစစ်ဆေးမှုနဲ့လျော်ကြေး ကိစ္စတွေကို ဖြေရှင်းပေးခဲ့ပါတယ်။

အဲမလီ ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved