နယ်စပ်ရေလယ်ကျွန်း သိမ်းထားသူတို့ ပြန်ဆုတ်ပေးမည်

Friday, March 22, 2013





နယ်ခြား သောင်းရင်းမြစ် အတွင်းရှိ ရေလယ်ကျွန်းကို  ၀င်ရောက် ထိန်းချုပ်ထားသည့် ကော့မူးရာ ကရင်လူငယ် KYO အဖွဲ့က ညနေ ၆ နာရီ တွင် ကျွန်းမှ ပြန်လည်ထွက်ခွာမည်ဟု ပြောသည်။

”တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ပြောတယ် ရေလယ်ကျွန်းပြဿနာကို မြန်မာနဲ့ထိုင်း ပူးပေါင်းဖြေရှင်းဖို့ စီစဉ် ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်ရအောင် ကျွန်တော်တို့ကို ကျွန်းပေါ်က ခွာခိုင်းတဲ့အတွက် နိုင်ငံ့အကျိုးကို ကြည့်ပြီး  ဒီညနေ ၅ နာရီလောက်မှာ ကျွန်းကနေ အားလုံး ပြန်ထွက်ကြမှာဖြစ်တယ်” ဟု KYO အဖွဲ့ ဥက္ကဋ္ဌ စောမိုရှေးက ဧရာဝတီသတင်းဌာနကို ပြောသည်။

 (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
မူးယစ်ဆေး ရောင်းဝယ်သူများ ထပ်မံ အခြေချမည်ဆိုပါက KYO အဖွဲ့က ရေလယ်ကျွန်းကို ပြန်လည် ၀င်ရောက်ပြီး  လုံခြုံရေး အချိန်ပြည့် ယူသွားမည်ဟုလည်း စောမိုရှေးက  တပ်မမှူးအပါအ၀င် မြ၀တီမြို့နယ် တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်း  ဆိုသည်။

ယနေ့နံနက် ၆ နာရီမှ စတင်ကာ မူးယစ်ဆေး ဖြန့်ချိသည့် နေရာဟု သတင်းကြီးနေသော  မြ၀တီမြို့ နယ်စပ်မျဉ်း သောင်းရင်းမြစ်အတွင်းရှိ  မြန်မာပိုင် ရေလယ်ကျွန်းကို  ၎င်းတို့ ၀င်ရောက် စီးနင်းလိုက်သည်။


ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကော့မူးရာ ကရင်လူငယ်အဖွဲ့သည် လက်နက်ကိုင်အင်အား ၂၅ ဦး အသုံးပြုပြီး  မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားအောက်ရှိ ရေလယ်ကျွန်းကို ၀င်ရောက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

M - 16 အပါအ၀င်  လက်နက်ငယ် ၃ လက်၊ ဆေးခြောက်အထုပ်ကြီး တထုပ်၊ စိတ်ကြွဆေး အလုံးရေ တသောင်း ဖမ်းဆီးရမိကြောင်း သိရသည်။

သိမ်းဆီးရမိသည့် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါး၊ ဒုစရိုက်သမားဟု ယူဆရသူတချို့ကို မြ၀တီခရိုင်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ကြောင်း KYO အဖွဲ့က  ပြောသည်။


KYO ဥက္ကဌစောမိုရှေးက ”ဒီကျွန်းကနေထွက်တဲ့ မူးယစ်ဆေးဝါးတွေ ကရင်လူငယ်ထု တွေအပါအ၀င် လူသားအားလုံးကိုလူညွန့်တုံးစေတဲ့အတွက် အခုလို ၀င်ရောက်ထိန်းသိန်းရှင်းလင်းရတာဖြစ်တယ်” ဟုလည်း ဒေသအခြေစိုက် သတင်းထောက်များကို ထပ်လောင်း ပြောကြားခဲ့သည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအာဏာပိုင်များက ၂ ဧကခန့်ရှိသည့်ရေလယ်ကျွန်း အခြေစိုက် ဒုစရိုက်သမားများကို မူးယစ်ဆေး၊ လက်နက်ခဲယမ်းများကို  မကြာခဏ ဖမ်းဆီးခဲ့သည်။
သို့သော်လည်း ဒုစရိုက်သမားများ အခြေချရာ ရေလယ်ကျွန်းကို ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။



ပြည်တော်မြင့် ~



 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved