လားရှိုးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ဆေထင် ဘာပြောသလဲ

Friday, March 22, 2013




လားရှိုးတွင် ယနေ့ အဆုံးသတ်လိုက်သည့် "ငြိမ်းချမ်းရေး အတွက်ယုံကြည်မှုတည်ဆောက်ခြင်း" ဆွေးနွေးပွဲ အခမ်းအနား ဒုတိယနေ့ တွင် ရှမ်းပြည်တပ်မတော် SSPA/SSA မှ ဗိုလ်ချုပ်ဆေထင်က အဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်ဆေထင်၏ ပြောဆိုချက်တို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

အပစ်ရပ်ပြီး တိုက်ပွဲတွေပြန်ဖြစ်

- အပစ်အခတ်ရပ်စဲရေး အခြေအနေနှင့် ပတ်သက်ပြီး တင်ပြပေးလိုပါကြောင်း၊
- ၂၀၁၂  ဇန်န၀ါရီတွင် အပစ်အခတ် ရပ်စဲရေး ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီမှု ရယူခဲ့ကြောင်း၊
- သို့သော်လည်း ၂၀၁၃ ဖေဖော်ဝါရီမှ စတင်ပြီး မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်ခြင်းခံနေရပါကြောင်း၊
- ဖေဖ်ာဝါရီ ၅ ရက်နေ့တွင်  မိမိတို့၏ စခန်းတခု စတင်တိုက်ခိုက်ခံခဲ့ရကြောင်း၊ သည့်အတွက်လည်း ခုခံတိုက်ခိုက်ရကြောင်း၊
- ယင်းဖြစ်စဉ်ကို အခဲမကြေဖြစ်ကာ လက်နက်ကြီးများဖြင့် မိမိတို့ တပ်များအား ပစ်ခတ်ခဲ့ပါကြောင်း၊
- မိမိတို့နှင့် လက်တစ်ကမ်းအလိုတွင် တပ်များထားရှိနေကြောင်း၊

- ယင်းဖြစ်စဉ်များသည် အပစ်အခတ် ရပ်စဲပြီး ကြုံနေရသည့်အခြေအနေများ ဖြစ်ကြောင်း၊
- မည်သူမှန်သည်မှားသည်ကို ၀ိုင်းဝန်းအဖြေရှာဖို့ လိုအပ်ကြောင်း၊



RCSS/SSA နဲ့လည်း ထိုနည်းလည်းကောင်း


- ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးဘက်တွင်လည်း  မိမိတို့ တပ်များအား ၀ိုင်းရံထားကြောင်း၊
- မိမိတို့ တပ်နှင့်နည်းတူ RCSS/SSA ဆိုရင်လည်း ဒုဗိုလ်ချုပ် ရွက်ဆစ် ကိုယ်တိုင် မြန်မာ့တပ်မတော်မှ ဒုကာကွယ်ရေး ဗိုလ်ချုပ် စိုးဝင်းတို့နှင့် အပစ်အခတ်ရပ်စဲရေး အတွက် လက်မှတ်ရေးဖိုးခဲ့ပါကြောင်း၊
- ထိုသို့  လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင်လည်း တိုက်ပွဲပေါင်း ၃၀/၄၀ ကျော်ဖြစ်ပွားခဲ့ပါကြောင်း၊

- တပ်မတော်ဘက်မှဗိုလ်မှူးကျော်မြင့်ထွန်း အပါအ၀င် စုစုပေါင်း ငါးဦး ကျဆုံးခဲ့ကြောင်း၊
- RCSS/SSA အား စစ်ရေးအရ အပြတ်ချေမှုန်းဖို့ လက်နက်ကြီးများဖြင့် ၀ိုင်းရံထားကြောင်း၊

တပ်မတော်က မသိကျိုးကျွံပြုနေ

- တပ်မတော်က ထိုးစစ်ဆင်လျှင် မိမိတို့ဘက်ကလည်း မလွဲမရှောင်သာဘဲ ခုခံကာကွယ်စစ် ဆင်နွဲရမှာဖြစ်ပါကြောင်း၊
- သည်အခြေအနေတွင် အပစ်အခတ်ရပ်ဆဲရေး စာချုပ်များက အလွန်အန္တရာယ်ကြီးပါကြောင်း၊ 

- သည်လိုဖြစ်ပေါ်နေရခြင်းသည် တနည်းအားဖြင့် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ၏ အားနည်းချက်များကြောင့် ဖြစ်ပါကြောင်း၊

- မိမိတို့ ချုပ်ဆိုရေးဆွဲခဲ့သော စာချုပ်များသည် နိုင်ငံတော် အဆင့် ဖြစ်သော်လည်း တပ်မတော်က မသိကျိုးကျွံပြုနေပါကြောင်း၊



အစိုးရ၏ ပြည်တွင်းစစ်အသုံးစရိတ်

- ၂၀၁၃/၂၀၁၄  ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် ၄ % ခန့်သာ ရှိပါကြောင်း၊
- စစ်ရေးအတွက် အသုံးပြုသည့် စရိတ် အများဆုံးဖြစ်နေပါကြောင်း၊
- ဒါကိုကြည့်လျှင် ပြည်တွင်းစစ်ကို အင်နှင့်အားနှင့်ဖြေရှင်းမည်ကို သုံးသပ်နိုင်ပါကြောင်း၊
- သည့်အတွက် တိုင်းရင်းသားအဖွဲ့စည်းများက စိုးရိမ်နေရကြောင်း၊

ပြဿနာရှင်းနည်း

- ပင်လုံစာချုပ်၏အခြေခံ သဘောတရားတွေဖြစ်သည့် မတူကွဲပြားခြင်းများထဲက ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်များအကျိုးကို ဦးစားပေး၊ မတူကွဲပြားမှုတွေကို လက်ခံပြီး ညီညွတ်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊

-  ယခုကျင်းပနေသည့် ငြိမ်းချမ်းရေး အတွက်ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲက တဆင့် မတူကွဲပြားမှုတွေကို အဖြေရှာဖို့ တိုက်တွန်းပါကြောင်း၊
- ကျနော်တို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရေး မတည်ဆောက်နိုင်လျှင် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်း၊

ဖက်ဒရယ်အတွက် ၂၀၀၈ အခြေခံဥပဒေပြင်ရမယ်

- တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးရဖို့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့လိုကြောင်း၊ သို့မှသာ တိုင်းရင်းသားအားလုံးလက်ခံနိုင်သည့် ဖက်ဒရယ်ကို ရရှိမည်ဖြစ်ကြောင်း၊
-  တပ်မတော်ကိုလည်း အစိုးရလက်အောက်တွင်ထားရှိဖို့ လိုကြောင်း၊
- တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စု တပ်မတော်ကို ပြောင်းလဲဖွဲ့စည်းရန်လိုကြောင်း၊
သို့မှသာ ဗိုလ်ကျစိုးမိုးမှုတွေ မရှိတော့ဘဲ ၊တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစားမည်ဖြစ်ပါကြောင်း၊
 - တဦးအားနည်းချက်ကို တဦးက အမြတ်မထုတ် မရိုးမသားလုပ်တာကိုရှောင်ရှားပြီး ကူညီလျှင် ထာဝရ ငြိမ်းချမ်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဂျွန်ချစ်ငြိမ်း (ခေတ္တ လားရှိုး)



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved