အကြောင်းပါ။ မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေနဲ့ အကြမ်းဖက်မှု၊ လူသတ်မှုတွေ ဖြစ်နေတော့ အနှစ်၂၀ လောက် နေထိုင်ခဲ့တဲ့ အိန္ဒိယက ဘာသာရေးပဋိပက္ခတွေကို ပြေးမြင်မိတယ်။
ကျနော်တို့ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးမှာ ဟိန္ဒူ-မွတ်စလင် အရေး ပြဿနာ အဓိကရုဏ်းတွေ မကြာခဏပဲ ဖြစ်တတ်တယ်။
၂၀၀၁ ခုနှစ် စာရင်းအရ ဟိန္ဒူဘာသာဝင် ၈၀.၅ ရာခိုင်နှုန်း အစ္စလမ်က ၁၃.၄ ရာခိုင်နှုန်း ရှိပါတယ်။ ဗုဒ္စဘာသာဆိုတာ ၀.၈ ရာခိုင်နှုံးပဲရှိပါတယ်။
ဟိန္ဒူ- မွတ်စလင် ဘာသာရေးဟာ အထိမခံရွှေပန်းဂံပါပဲ။ ကိုယ်နေထိုင်လာခဲ့တဲ့ အနှစ်၂၀ ကာလအတွင်း ဟိန္ဒူ- မွတ်စလင် အဓိကရုဏ်းကြီး ၂ ကြိမ်ကြုံဖူးပါတယ်။
အယုဒ္ဒယ အဓိကရုဏ်းနဲ့ ဂေါ်ဒရာ အဓိကရုဏ်းတို့ ဖြစ်တယ်။ ၂ ခုလုံးကရက်ရက်စက်စက် ကြောက်ခမန်း လိလိပဲ။
ဒီကနေ့ မိထ္တီလာအပါအ၀င် ဒေသ အနီးတ၀ိုက်မှာပျံ့နှံ့နေတဲ့ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ကြားရတော့ လွန်ခဲ့တဲ့ ၁၂နှစ်လောက်က စက်မှုစီးပွားဖွှံ့ဖြိုးတဲ့အိန္ဒိယ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ထဲက ဆင်းရဲသားများတဲ့ မထင်မရှား ဂေါ်ဒရာမြို့လေးကနေ အစပြုပြီး ပြည်နယ်တခုလုံး မီးဟုန်းဟုန်းတောက်ခဲ့သလို သွေးချောင်းစီးဂယက်ထသွားတဲ့ အဓိကရုဏ်းကို မျက်စေ့ ထဲပြန်မြင်လာ ပါတယ်။
အဲဒီအဓိကရုဏ်းနောက်ကွယ်က နိုင်ငံရေးကစားကွက်နဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ မဲတွေကို သိမ်းကြုံးလိုချင်တဲ့ အာဏာရ လကျာင်္စွန်း ဟိန္ဒူပါတီကြီးရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ကျနော် တို့ ပြည်သူတွေ သိစေလိုတဲ့ စိတ်တွေပေါ်လာတယ်။
၂၀၀၂ခု ဖေဖ၀ါရီလ ၂၇ရက် ကပါ။ ဟိန္ဒူတွေအထွတ်အမြတ်ထားတဲ့ ရာမမင်းသားရဲ့ ဇာတိ အယုဒ္ဒယမြို့ ကလေးကနေ ဘုရားဖူးတွေ ငါးပိငါးချဉ်သိတ် စီးနင်းလိုက်ပါလာတဲ့ မီးရထားကြီး ဟာ ဂေါ်ဒရာ ဘူတာလေး ကို ဆိုက်လာတယ်။
ထုံးစံအတိုင်း ရထားတွဲပေါ် ဈေးသည်တွေ အပြေးအလွှားတိုးဝှေ့ပြီး ဈေးတက်ရောင်းတယ်။ အဲဒီ မှာ ဈေးသည် တယောက် နဲ့ ခရီးသည် ကတောက်ကဆတွေ ဖြစ်၊ စ ရင်းနောက်ရင်း ဆဲဆို ရင်း ဈေးသည် ရဲ့ ပါးကို ခရီးသည်တယောက်က ဆတ်ကနဲ ရိုက်လိုက်တယ်။ အဲဒီမှာ ပွဲကစသွားတာပဲ။
ဈေးသည်က ရထားပေါ်ကဆင်းပြီး သူ့မိတ်ဆွေတွေကို အကူအညီတောင်းတယ်။ ဖြစ်ချင်တော့ အဲဒီဘူတာ အနီးတ၀ိုက်နေထိုင်သူတွေက မွတ်စလင်ဘာသာဝင်တွေ၊ ဆင်းရဲသား ပညာမတတ်ရှာဖူး။ ဒေါသတွေနဲ့ တုန့်ပြန်ရင်း ဘာသာရေးစော်ကားမှုတွေဖြစ်လာတယ်။
နောက်ဆုံး ရထားတွဲတွေ မီးရှို့လိုက်တယ်။ အနီးအနားက လက်နက်ကိုင် မီးရထားလုံခြုံရေး ရဲတွေက မိုးပေါ်သေနတ်ထောင်ပြီး လူစုလူဝေးကို ရှင်းဖို့ ကြိုးစားသေးတယ်။
ဒါပေမယ့် အခြေအနေက ထိန်း မရတော့ဖူး။ ခြေလွန်လက်လွန်တွေ၊ ဒုတ်တပျက် ဓားတပျက်တွေဖြစ် ကုန်ပြီ။ နောက်ဆုံးတော့ မီးရထားပေါ်က ခရီးသည် ၁၀၀ကျော် တခါတည်း မီးလောင်သေဆုံး သွား တယ်။
ပြဿနာက မီးခိုးမဆုံး မိုးမဆုံး ဖြစ်ကုန်တယ်။ အဓိကရုဏ်းက တောမီးလို ပျံ့သွားတယ်။ ပြည်နယ်ရဲ့ အဓိက မြို့ကြီးတွေဖြစ်တဲ့ ဂန်ဒီနာဂါး၊ အမ္မဒါဘတ်ဂ် ၊ စူရတ်စ် မြို့ တွေက ဟိန္ဒူ နဲ့ မွတ်စလင်တွေ ရန်ဆောင်ကုန်တယ်၊ ရိုက်ကြနှက်ကြတယ်။ ပြည်နယ်အနှံ့ မြို့ကြီးတွေမှာပဋိပက္ခတွေ ပျံ့နှံ့သွား တယ်။
နောက်တရက် ဖေဖ၀ါရီ ၂၈ ရက်ဟာ ဂူဂျာရတ်ပြည်နယ် ကမ္ဘာပျက်တဲ့နေ့ပဲ။ ခလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးသူတွေ ဓားဆာခံဖြစ်ရတယ်။ သူတို့အများဆုံးထိခိုက်သေဆုံးတယ်။
အဲဒီ၂ ရက်အတွင်း သေဆုံးမှုက ကြောက်ခမန်းလိလိပဲ။ ခန့်မှန်းခြေမွတ်စလင် ၂၅၀၀၊ ဟိန္ဒူ ၅၀၀ သေဆုံး တယ်။ မွတ်စလင် တသိန်းလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်။
ဟိန္ဒူဘုရားကျောင်းတွေ ဗလီတွေ သာမက ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေပါ အဆစ်ပါတယ်။ စုစုပေါင်း ဘာသာရေးဆိုင်ရာ အဆောက်အဦး ၈၀၀လောက် ပျက်ဆီးသွားတယ်။
နောက်ပိုင်း အဓိကရုဏ်းမှာပါဝင်တဲ့ ဟိန္ဒူအစွန်းရောက် ၂၇၀၀၀ လောက်ကို ထိမ်းသိမ်းခဲ့တယ်။ မွတ်စလင်က ၈ ထောင်လောက်ပါတယ်။
နောက်ကွယ်က လက်မည်း
အဲဒီကာလ ဂူဂျာရတ်ပြည်နယ်ကို အုပ်ချုပ်နေတာက BJP( Bharatiya Janata Party) ဖြစ်တယ်။ တနည်းပြောရရင် လကျာင်္အမျိုးသား အစွန်းရောက်ပါတီဖြစ်တယ်။ တိတိကျကျပြောရရင် ဟိန္ဒူ အမျိုးသားရေး ကို ရှေ့တမ်းတင်ပြီး အာဏာခိုင်မြဲအောင် ကျိုးပမ်းနေတဲ့ ပါတီပါ။
၁၉၉၂ခုနှစ်က ဖြစ်ခဲ့တဲ့ အယုဒ္ဒယအရေးအခင်း(ရာမမင်းသားကြီးမွေးဖွားရာ နေရာမှာ တည်ရှိနေတဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ ဘာဘရီ ဗလီကြီးကိုဖြိုချဖျက်ဆီးမှုမှ အစပြု) ကိုလည်း BJP ပါတီကပဲ လှို့ဆော်ခဲ့တာဖြစ်တယ်။
အဲဒါက ဘာသာရေးပဋိပက္ခသက်သက်ဖြစ်တယ်။ အခုဟာက လူတစုနဲ့တစုခိုက်ရန်ပွဲကနေ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင်လှုံ့ဆော်တဲ့ နိုင်ငံရေးအကောက်ကြံမှုပါ။
အဲဒီ ဂူဂျာရတ်ပြည်နယ် ၀န်ကြီးချုပ် မိုဒီး(Narendra Modi) နိုင်ငံရေးအာဏာဆုတ်ကိုင်ဖို့ ကြိုးစားမှုကိုပါ အိန္ဒိယ သတင်းမီဒီယာတွေက ဖော်ထုတ်နိုင်ခဲ့တယ်။
တကယ်တော့ အဲဒီအချိန် ဂေါ်ဒရာ ပြဿနာပေါ်ပြီဆိုတာနဲ့ အတွေ့ အကြုံရင့်ကျက်တဲ့ ရဲမင်းကြီးတွေက ဟိန္ဒူ မူစလင် အဓိကရုဏ်း ဖြစ်နိုင်တဲ့ အရပ် ဒေသတွေမှာ လုံခြုံရေး အစီအမံချထားဖို့ ချက်ချင်း စီစဉ်ကြတယ်။
ဒါပေမယ့် သိပ် မကြာလိုက်ဖူး၊ ရက်ပိုင်းအတွင်းမှာ အဲဒီအတွေ့အကြုံရှိတဲ့ ရဲအရာရှိတွေ နယ်ပြောင်း ခံရတယ်၊ ရာထူးချ ခံလိုက်ရတယ်။ ၀န်ကြီးချုပ် မိုဒီး ဟာ သူစိတ်ချရတဲ့ ရဲအရာရှိတွေကို ရာထူးတိုးပေးပြီး ဘာသာရေး ပဋိပက္ခကို ၀င်ကိုင်တယ်။
နောက်ပိုင်း သတင်းမီဒီယာတွေနဲ့ စုံစမ်းရေးကော်မရှင်တွေရဲ့ (စုံစမ်းရေးကော်မရှင်က ၅ ဖွဲ့လောက်ရှိတယ်၊ ဗဟိုအစိုးရ ကဖွဲ့တဲ့ ကော်မရှင်၊ပြည်နယ်အစိုးရဖွဲ့တဲ့ ကော်မရှင် ၊ လူ့အခွင့်အရေးကော်မရှင်၊ လွတ်လပ်တဲ့ လူထုတန်းစားတွေက ဖွဲ့တဲ့ ကော်မရှင် တွေလည်းပါတယ်)တွေရဲ့ စုံစမ်းဖော်ထုတ်ချက်တွေအရ ---
အကြမ်းဖက်မှုမှာ လက်မည်းကြီး၂ လက်ရဲ့ လှုပ်ရှားမှုကို တွေ့ရတယ်။
ပထမလက်မဲကတော့ လူဆိုးလူမိုက်တွေကို BJP ပါတီရဲ့ အဓိက ဟိန္ဒူ အမျိုးသားရေးအသင်းကြီး ဖြစ်တဲ့ အာ အက်စ် အက်စ် (RSS-Rashtriya Swayamsevak Sangh) အဖွဲ့ဝင်တွေရဲ့ လက်ချက်ကြီးဖြစ်တယ်။
လူဆိုး လူမိုက်တွေစု၊ ငွေပေး အရက်သေစာ တိုက်ပြီး မွတ်စလင်တွေနေတဲ့ ရပ်ကွက်ထဲ ၀င်ပြီး မီးရှို့ဖို့ စီစဉ်ခဲ့တာတွေပဲ။
ဒုတိယလက်မည်းက ပဋိပက္ခ ဖြစ်နေတာကို ထိမ်းသိမ်းဖို့သွားတဲ့ ရဲတွေကိုယ်တိုင်က RSS အဖွဲ့ဝင်တွေ။ သူတို့ဟာ အရေးအခင်းမဖြစ်ပွားမီ နှစ် အတန်ကြာကတည်းက (နအဖခေတ်-စွမ်းအားရှင်တွေလို) ရဲတပ်ဖွဲ့ ထဲ မြှုပ်နှံထည့်သွင်းထားတဲ့ ဆဲလ်တွေဖြစ်တယ်။
ဒါကြောင့် တကယ်တမ်းအရေးအခင်းနဲ့ ထိတ်တိုက်တွေ့တဲ့အခါ သူတို့ကိုယ်တိုင် မွတ်စလင် ရပ်ကွက် ထဲဝင်ပြီး ပစ်ခတ်တော့တာပဲ။
ပြည်နယ်ဝန်ကြီး မိုဒီးဟာ သူအပိုင်စားတဲ့ ဂူဂျာရတ်ပြည်နယ်တင်မကဘူး၊ တခြားထိစပ်နေတဲ့ မဒရာပရာဒါခ်ျ၊ ရာဂျက်စတ္တန်၊ မဟာရာဇ်စတာ ပြည်နယ်တွေကိုပါ ကူးစက်အောင်အားထုတ်ခဲ့တယ်။
အဲဒီပြည်နယ်တွေမှာလည်း BJP ပါတီက အာဏာရထားတာကိုး။ ဒါပေမဲ့ ပြည်သူတွေက သတိရှိတော့ မဖြစ်ခဲ့ဖူး။ အဓိကရုန်း ဖြစ်အောင်လှို့ဆော်တဲ့ အစွန်းရောက် ဟိန္ဒူတချို့ကို စာရွက် စာတမ်းတွေနဲ့ အတူ ဖမ်းဆီးမိတယ်။
အဲဒီလို ဂူဂျာရတ်မှာ မီးးဟုန်းဟုန်းတောက်နေချိန်၊ နယူးဒေလီ ပါလီမာန်ကနေ အခင်းဖြစ်ပွားမှုတွေကို အမြန်ဆုံးရပ်စဲကြဖို့ အာဏာရ အစိုးရကို အပြင်းအထန်တောင်းဆိုကြတယ်။
အာဏာရ အစိုးရကလည်း BJP လူများစုက ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဖြစ်နေတယ်။ အခင်းဖြစ်နေ တဲ့ ဒေသတွေကို စစ်တပ်စေလွှတ်ဖို့လည်း ဗဟိုအစိုးရက နှောင့်နှေးနေတယ်။ နောက် ၄ ရက်အကြာမှ စစ်သား၂ သောင်းနဲ့ အရေးအခင်းကို ထိမ်းသိမ်းနိုင်ခဲ့တယ်။
မီဒီယာတွေကလည်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ၂၄ နာရီ သတင်းထုတ်နေတယ်။ အခင်းဖြစ် တဲ့ နေရာတွေထိ ရောက်အောင်သွားတယ်။ အချိန်နဲ့ တပြေးညီ အရပ်သားဂျာနယ်လစ်တွေ၊ သတင်း သမားတွေရဲ့ အကူအညီတွေ ထိထိရောက်ရောက်သုံးနိုင်ခဲ့တယ်။
အိန္ဒိယ မီဒီယာတွေ ကို အတုယူဖို့ကောင်းတာက ရက်ရက်စက်စက်ပုံတွေ ကို အစောပိုင်း သတင်းဌာန တချို့က (နာမည်ကြီး လူကြိုက်များအောင်) အသုံးပြုပေမဲ့ နောက်ပိုင်းမှာ သတင်းမီဒီယာအဖွဲ့အစည်းတွေ အားလုံးက မေတ္တာရပ်ခံပြီး၊ အဓိကရုံးပိုမို မကြီးထွားအောင် သတိပြုပြီး ထိမ်းထိမ်းသိမ်းသိမ်း ရေး သားဖော်
ပြကြတယ်။
နောက်ကွယ်က လက်သည်တရားခံတွေကို ကျိုးစားဖော်ထုတ်ကြတယ်။ ပြည်နယ် အစိုးရရဲ့ အားနည်း ချက်နဲ့ မတရားမှုတွေကို သတ္တိကောင်းကောင်းနဲ့ နှိုက်ထုတ်ခဲ့ကြတယ်။
စုံစမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး နောက်ကွယ်ကတာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ တယ်။ ပြည်နယ် ၀န်ကြီးချုပ် မိုဒီး ကိုလည်း တရားစွဲဖို့ အားထုတ်ခဲ့တယ်။ ဒါပေမယ့် အထမမြောက်ခဲ့ဖူး။
အာရှမှာ ရာစုနှစ်ပေါင်း ထောင်နဲ့ချီပြီး ထွန်းကားခဲ့တဲ့ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု ရဲ့ ဘုန်းရောင် ဂုဏ်အရှိန်ဟာ ဆင်းရဲတဲ့ ဂေါ်ဒရာမြို့ငယ်လေးရဲ့ ပဋိက္ခကို အစပြုပြီး ဂုဏ်သိက္ခာညှိုးခဲ့ ရတယ်။
နိုင်ငံတကာမှာ အရှက်တကွဲ အကျိုးနည်းခဲ့ရတယ်။ ပြည်သူ့တွေရဲ့ အမြင်ကျယ်မှု ဂေါ်ဒရာ အရေးအခင်း
ဖြစ်ပြီး ၂ နှစ်အကြာ ၂၀၀၄ ခုမှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတယ်။
BJP ပါတီက ဇာတ်လိုက်ကြီး မိုဒီး ကို ပွဲထုတ်တယ်။ ဒါပေမယ့် မရဖူး၊ မီဒီယာတွေကလည်း ပညာပေး၊ နိုင်ငံရေး နိုးကြားပြီး နိုင်ငံရေး အသိကလည်း မြင့်မားတဲ့ အိန္ဒိယ ပြည်သူတွေက မိအေး တခါပဲ အနာခံတယ်။
၁၉၈၀ လောက်ကမှ ပါတီဖွဲ့ပြီး အချိန်တိုတို အတွင်း အစိုးရဖွဲ့လိုက်နိုင်တဲ့ BJP ဟိန္ဒူ အမျိုးသားရေး ပါတီကြီးဟာ ပဋိပက္ခ အလွန် ရွေးကောက်ပွဲမှာ ခွက်ခွက်လန်လန်အောင်ရှုံးတယ်၊ ပြည်သူတွေက လှလှလေး ဒါဏ်ခတ်ခဲ့တယ်။
မတရား သူတွေကို ဥပဒေကြောင်းအရ အပြစ်မပေးနိုင်ခဲ့ပေမဲ့ နိုင်ငံရေး အမြင်ရှိတဲ့ အိန္ဒိယပြည်သူတွေက ပညာသားပါပါတော့ ဆုံးမနိုင်ခဲ့တယ်။
အိန္ဒိယက ဂေါ်ဒရာ ဘာသာရေးအဓိကရုဏ်းဟာ ကျနော်တို့ပြည်သူတွေ အတွက် ယူသင့်ယူထိုက်တဲ့ စံနမူနာကို ပြသနေတယ်။
စေတနာလည်းမမှန် မူလည်းမမှန်တဲ့ အမျိုးသားရေး စိတ်နဲ့ သွေးထိုးပေမဲ့ ပြည်သူတွေဘက်က အသိတရား နဲ့ သတိတရားရှိထားရင် အဲလို နိုင်ငံရေးပါတီမျိုး၊ အင်အားစုမျိုးကို ပြည်သူက အာဏာမရအောင် ထိမ်းချုပ် ထားနိုင်တယ်ဆိုတာ ဂေါ်ဒရာက သက်သေပြနေပါတယ်။
မိထ္တီလာ အရေးအခင်းကို ကြည့်ရင်း စိုးရိမ်စိတ်တခုက ရိပ်ကနဲပေါ်လာသေးတယ်။ ကြံ့ဖွတ်ပါတီဟာ BJP လို ဘာသာရေးခုတုံးလုပ်ပြီး အာဏာကို အောက်လမ်းနည်းသုံး ယူဖို့ ကြံစည်နေတာလားဆိုတာပါပဲ….။
အောင်စံအေး ~
တပုံစံတည်းပဲ