ဆူပူအကြမ်းဖက်မှုတွေ အစွမ်းကုန် ကိုင်တွယ်သွားမယ်

Monday, March 25, 2013

မိတ္ထီလာမြို့က ပဋိပက္ခ အကြမ်းဖက် ဆူပူဖျက်ဆီးသတ်ဖြတ်မှုတွေ ပြီးတဲ့နောက် ယနေ့ မတ်လ ၂၅ ရက် နေ့ ရက်စွဲနဲ့ အစိုးရ အဖွဲ့က လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုတွေအပါအ၀င် အကြမ်းဖက်မှု အားလုံးကို  အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့  ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ 




အပြည့်အစုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
သတင်းထုတ်ပြန်ရေးအဖွဲ့ 

သတင်းထုတ်ပြန်ချက်(၇/၂၀၁၃) 

၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် 
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက် 


၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။ 

၂။ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စာဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်။ 

၃။ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်။ 

၎။ လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန်အတွက် လူထုအခြေပြု လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ဆောက်ရွက်သွားမည်။ 

၅။ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။ 

၆။ ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ လုပ်ဆောင်နေသည် ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာ ရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန် ပြည်သူများကို တိုက်တွန်းအပ်ပါသည်။ 

သတင်းထုတ်ပြန်ရေးအဖွဲ့

1 comments :

  1. Anonymous said... :

    အစိုး၇အနေနဲ့လက်တွေ့အကောင်အထည်ဖေါ်နိုင်ဘို့လိုပါတယ်..စာရွက်ပေါ်မှာသာရှိတဲ့သတင်းထုတ်ပြန်တာကတော့...ဆိုက်ကားသမားလဲလုပ်နိုင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved