ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ မင်္ဂလာပါ - ကော်မရှင်

Thursday, March 14, 2013

လက်ပံတောင်း အစီရင်ခံစာနဲ့ပတ်သက်လို့ စာရေး ဆရာ ဦးကျော်ဝင်းရဲ့ သုံးသပ်ချက် ဆောင်းပါးတခုပါ။ 


ရှဥ့်လည်းလျှောက်သာ
ပျားလည်းစွဲသာ
မင်္ဂလာပါ - ကော်မရှင်
 ကျော်ဝင်း

ဂိမ်းသီအိုရီ

အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။

အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ်စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' နှင့် 'လူမှုရေးပတ်ဝန်းကျင် ထိန်းသိမ်းရေး' တို့ကို၊ အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း၊ အကြံပြုသည်။ ကော်မရှင်ခင်းပြလိုက်သော ဆိုခဲ့ပါ နည်းလမ်းသုံးသွယ်မှာ …၊

(က) လက်ရှိအတိုင်းပင်၊ ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိကြေးနီစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေသော၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီများဘက်မှ ခံတွင်းအတွေ့ဆုံးနည်းလမ်း၊ သို့မဟုတ်၊ ၎င်းတို့၏ 'မျှော်လင့်တန်ဖိုး' (expected value) ဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်၊ ဤနည်းလမ်းကို ကော်မရှင်က ရွေးချယ်ရန်မသင့်ဟု မှတ်ချက်ပြုပါသည်။

(ခ) ကြေးနီစီမံကိုန်းကို၊ ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိစီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ရန်၊ ဆန္ဒဖော်ထုတ်တောင်းဆိုနေကြသူများ ဘ၀င်အကျဆုံးဖြစ်ဖွယ် ရှိသည့် နည်းလမ်းဖြစ်ပါသည်။ သူတို့ လိုလားသော 'မျှော်လင့်တန်ဖိုး' လည်းဖြစ်ပါသည်။ သို့တစေ ဤနည်းလမ်းကိုလည်း ကော်မရှင်က ထောက်ခံချက်မပေးပါ။

(ဂ) ကြေးနီစီမံကိန်းနှင့် ပတ်သတ်၍၊ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ၊ နိုင်ငံတော် အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ ကို၊ ပြည့်ဝစွာရရှိရန် အစီအမံများ ချမှတ်ပြီး၊ စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်း …။

ဤနည်းလမ်းအနေနှင့်၊ နှစ်ဘက်မျှော်လင့်တန်ဖိုးများကို အပြည့်အ၀ပေးနိုင်လိမ့်မည်တော့မဟုတ်။ သို့တိုင်အောင်၊ နှစ်ဘက်လုံးအတွက်၊ လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေထက် ပိုကောင်း (better off) လာနိုင်စရာရှိပါသည်။ ကော်မရှင်က၊ ဤနည်းလမ်းကိုသာ ထောက်ခံအကြံပြုလိုက်ပါသည်။ ဤနည်းလမ်းကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (၆) ရပ်ကိုလည်း သုံးသပ်အကြုံပြုပါသည်။ (စာရှည်မည်စိုး၍ အသေးစိတ် မဖော်ပြတော့ပါ။ ကော်မရှင် အစီရင်ခံစာကိုသာ ကြည့်ပါရန် …၊)

ကော်မရှင်၏ ဆိုခဲ့ပါ၊ အကြံပြုချက်သည်ပင်၊ "ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ" မည့် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟု စာရေးသူ ယူဆပါသည်။ ဆရာကြီးသ္ခင်ကိုယ်တော်မှိုင်း၊ တစ်လျှောက်လုံး လိုလားတောင့်တခဲ့သော "သူမနာ၊ ကိုယ်မနာ" သဘောထားမျိုးဖြစ်လိမ့်မည်ဟု သဘောရပါသည်။ ဆရာကြီး ဒဂုန်တာရာ မကြာခဏ ဆိုသလို ရေးသားပြောဆိုနေသော "မုန်းသူမရှိ၊ ချစ်သူသာရှိစေမည့်" သင့်မြတ်ရေးလမ်းကြောင်းဟု နားလည်ရပါသည်။ အထူးသဖြင့် ကမ္ဘာနှင့်အ၀န်း ဒီမိုကရက်တစ်နည်းနာတစ်ရပ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော၊ ခေတ်သစ်ဂိမ်းသီအိုရီလာ ချဉ်းကပ်အဖြေရှာနည်းအဖြစ် ဆင်ခြင်မိပါသည်။

မင်္ဂလာပါ - ကော်မရှင် ..။


စာရေးသူ၏ အတွေ့အကြုံ

ဤနေရာတွင် ခေတ်သစ်ဂိမ်းသီအိုရီ နှင့်ပတ်သတ်သော စာရေးသူ၏ နားလည်ချက်ကို ပြန်လည်ဖော်ပြ ခွင့် ပြုစေလိုပါသည်။ (ဤအကြောင်း မကြာခဏ ရေးခဲ့ပြီးဖြစ်၍ 'ပြန်လည်' ဆိုသော ရှေ့ဆက်ခံ ထားခြင်းဖြစ်သည်။) ယခုလို …။

"အကျိုးစီးပွားချင်း မတူကြသည့် အင်အားစုများကြားတွင်၊ မတူသော မျှော်လင့်တန်ဖိုးများ သာဘာဝ ကျစွာရှိကြမည်သာ ဖြစ်ပါသည်။ သို့တစေ အဆိုပါ အင်အားစုများကြား ညှိနှိုင်းဆွေးနွေးကြတော့မည်ဆိုလျှင်မူ၊ ဆိုခဲ့ပါ မျှော်လင့်တန်ဖိုးများကို၊ နှစ်ဘက်လုံးမှ အသေဆုပ်ကိုင်ထားသရွေ့၊ ဘယ်တော့မှ အဖြေရလိမ့်မည် မဟုတ်ပါ။

 နှစ်ဘက်လုံးမှ ၎င်းတို့လက်ရှိ အခြေအနေထက်ပိုကောင်း (better off) လျှင်ပင် ကျေနပ်ဖွယ်ရာအဖြေဟု သဘောထားကြဖို့ လိုပါလိမ့်မည်။ ဤသဘောထားနှင့်ပင် မိမိတို့သက်ဆိုင်ရာ မျှော်လင့်တန်ဖိုးများကို 'အပေးအယူလုပ်ညှိနှိုင်းကြပြီး' (bargain) နှစ်ဘက်သဘောတူညီနိုင်မည့် 'ကြားအဖြေ' (compromise) ရှာရပါလိမ့်မည်။ ဤနည်းဖြင့် better off ချင်း ချိန်ခွင်လျှာမျှနိုင်မည့် အခြေအနေရောက်လာမှသာ နှစ်ဘက် လက်ခံနိုင်မည့် အဖြေတွေ့ပါလိမ့်မည်။

ဤသို့သော ချိန်ခွင်လျှာမျှအခြေအနေကို သီအိုရီဖော်ထုတ်သူပညာရှင် အမည်အစွဲပြုပြီး 'နက်(ချ)မျှခြေ' (Nesh's Equilibrium) ဟုခေါ်ပါသည် …" စသဖြင့် …။

ဝန်ခံရလျှင် "ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ရေး" စဉ်းစားနည်းတစ်ခုတည်းနှင့်သာ၊ တစ်လျှောက်လုံး အာရုံကျယဉ်ပါးခဲ့သော၊ စာရေးသူအနေနှင့် ဆိုခဲ့ပါဂိမ်းသီအိုရီကို ချက်ခြင်းမြိုမကျခဲ့ပါ။

 နောက်ဆုံး၊ နိုင်ငံရေးဝင်္ကပါတောတွင်၊ နဖူးကွဲဒူးပြဲများစွာ ကြုံခဲ့ပြီးမှ 'ဂိမ်းသီအိုရီသည်သာ၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ တစ်ခုတည်းသော ထွက်ရပ်လမ်း' အဖြစ် သဘောယူလာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့နှင့်အမျှ၊ စာရေးဖြစ်ကတည်းက၊ 'ဂိမ်းသီအိုရီ' နှင့် ဆက်နွယ်သမျှကို၊ မကြာခဏဆိုသလို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။

ဤတွင် စာဖတ်ပရိတ်သတ်တော်တော်များများ (အထူးသဖြင့် လူငယ်စာဖတ်သူများ) က၊ စိတ်ဝင်တစား ရှိသည်ကို တွေ့ရတော့ အမှန်ပင် အားတက်မိပါသည်။

သို့နှင့်တိုင် အဆိုပါ ဂိမ်းသီအိုရီကိုပင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်ပြတော့ ဘ၀င်မကျသံအချို့ကြား လာရပါသည်။

"သီအိုရီကိုတော့ လက်ခံပါတယ် …၊ ဒါပေမဲ့ လက်တွေ့မဖြစ်နိုင် …" စသဖြင့်။

 နောက်ဆုံး၊ "၂၀၁၀ ရွေးကောက်ပွဲမှာ၊ နှစ်ဘက်လုံးအတွက် better off ဖြစ်နိုင်တယ်" ဟုရေးလိုက်ရာ ဝေဖန်ရုံသာမကတော့ဘဲ၊ အစိုးရနှင့် ပေးစားခံရပါလေတော့သည်။

ဤသို့ ဆဲကြဆိုကြ အရေခွံခွါကြသူများထဲတွင် စာရေးသူ၏ လက်ဝဲမိတ်ဆွေများမှာ ရှေ့ဆုံးက …။ သူတို့တတွေ၏ ရဲရဲတောက်လေထုတွင် ရိုးရိုးသားသား စာဖတ်သူအများပင် စာရေးသူနှင့် အကွာအဝေးတစ်ခုသို့ ရောက်ကုန်သည်။

ဤအကြောင်းတွေ ပြန်ရေးနေမိသည်မှာ ဒေါသတွေ၊ အာဃာတတွေကြောင့် မဟုတ်ပါ။ မိတ်ဆွေများ၏ 'အောက်လမ်းနည်းများ' ကို စိတ်ပျက်မိသည့်တိုင်၊ စာဖတ်သူအများစု ခံတွင်းမတွေ့နိုင်မှုကို နားလည်ပေးနိုင်ခဲ့ပါသည်။

 မြန်မာလူမျိုးတို့၏ 'နိုင်ငံရေးဓလေ့' (political culture) ကို ဆင်ခြင်မိသောကြောင့် ဖြစ်သည်။ မြန်မာတွေ က 'မင်း' သို့မဟုတ် 'အစိုးရ' ဆိုလျှင် မယုံချင်၊ မယုံရဲ။ မုန်းသည်။ ကြောက်သည်။ 'ရန်သူမျိုးငါးပါး' ထဲတွင် 'မင်း' ကို ထည့်ထားသည်မှာ ရှားရှားပါးပါး ယဉ်ကျေးမှုဓလေ့ဟု ဆိုရမည်ထင်သည်။

အမှန်စင်စစ်၊ ဤသည်မှာလည်း သဘာဝကျသည်သာဖြစ်သည်။ နိုင်ငံရေးဓလေ့ကို အဓိကပုံသွင်းလိုက် သည်မှာ သက်ဆိုင်ရာလူထု၏ ခါးသီးသော နိုင်ငံရေးအတွေ့အကြုံများ ဖြစ်လေသည်ကိုး …။

သို့ဖြစ်လင့်စကား၊ ဤဓလေ့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အခါခပ်သိမ်း အဟပ်ညီချင်မှ ညီပါလိမ့်မည်။ အထူးသဖြင့်၊ အင်အားစုမျိုးစုံ ၀ိုင်းဝန်းတွန်းပါမှ ရွေ့နိုင်စရာရှိသော လက်ရှိ ဒီမိုကရေစီအပြောင်းအလဲနှင့် စရွေးမကိုက်လှဟု ထင်သည်။

အကယ်၍များ၊ ဤအစွဲ ဤဓလေ့ကို မကျော်နိုင်ခဲ့လျှင် ဖြစ်သင့်ဖြစ်ထိုက်သော လမ်းကြောင်းမှန် ဖြစ်စေဦး၊ အညွှတ်အနူးလက်ခံဖို့ အခုအခံ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဤသို့တွေးမိလိုက်တော့ ကော်မရှင်အစီရင်ခံစာ၏ နောက်ဆက်တွဲ အလားအလာများအတွက် အမှန်ပင် စိုးရိမ်မကင်းဖြစ်မိသည်။

လက်ရှိအစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ကို ဦးတည်လာနိုင်စရာရှိသော နိုင်ငံရေးတိုက်ကွက်များနှင့် ရိုးသားသောလူထု၏ အကင်းမသေတတ်သေးသော စိတ်းဒဏ်ရာဓလေ့များ ဆုံမိလျှင် ဘာတွေဖြစ် ဦးမည်နည်း …။

အဆိုပါ စိုးရိမ်ကြောင့်ကြစိတ်နှင့်ပင် ယခုစာစုကို ဆက်ပါမည်။


စိုးရိမ်စိတ်အခံဖြင့်
အကြံပြု၊ မေတ္တာရပ်ခံ၊ ပန်ကြားလိုသည်များ


(က) အကြံပြု

ပထမဆုံး အကြံပြုလိုသည်မှာ နိုင်ငံတော်အစိုးရသို့ ဖြစ်ပါသည်။ ဆိုခဲ့ပါ၊ စုံးစမ်းစစ်ဆေးရေးအစီရင်ခံစာနှင့် အတူ၊ ၎င်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဖွဲ့စည်းသည့် သတင်းကိုလည်း ဖတ်ရသည်။

အဆိုပါ ကော်မတီကို အစိုးရတာဝန်ရှိသူ အများစုဖြင့် ဖွဲ့စည်းထားသည်ကို သတိပြုမိသည်။

 ဖြစ်သင့်ဖြစ်ထိုက်သော ဖွဲ့စည်းပုံဟု သဘောရပါသည်။ စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက် များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် သက်ဆိုင်ရာ 'အကျိုးရှင်များ' (stakeholders) ၏ သဘောတူကြည်ဖြူမှု ရဖို့လိုလိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။

အဆိုပါ အကျိုးရှင်များအနက် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီတို့နှင့် အဆင်ပြေပြေညှိနှိုင်း အကောင် အထည်ဖော်နိုင် ဖို့ဆိုလျှင် လုပ်ပိုင်ခွင့်လည်းရှိ တာဝန်လည်းခံနိုင်သော အစိုးရအရာရှိများမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

သို့တစေ နောက်ထပ်အရေးကြီးသော အကျိုးရှင်တစ်ဦးဖြစ်သည့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှု ရဖို့ဆိုလျှင်မူ အစိုးရတာဝန်ရှိသူသက်သက်ဖြင့် အဆင်ပြေလွယ်ကူနိုင်ပါ့မလား စိုးရိမ်မိသည်။

ကာလတာရှည်ပျောက်ဆုံးနေခဲ့သော ယုံကြည်မှုကြောင့် သံသယအစိုင်အခဲအချို့ ရှိကောင်းရှိနိုင်သည်ဟု ထင်သည်။ သို့အတွက် ဒေသခံလူထု၏ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရေး ရယူရာတွင် အခက်အခဲ အချို့ရှိလေမည်လား စဉ်းစားမိသည်။

သက်ဆိုင်ရာဒေသခံများကို နားလည်သဘောပေါက်လာစေရန် ရှင်းပြ၊ ဖြောင့်ဖျနိုင်မည့် သီလသိက္ခာ
သြဇာတိက္ကမကြီးသော ဆရာတော်ကြီးများ သို့မဟုတ် မြို့မိမြို့ဖများ ကော်မတီတွင်ပါလျှင် ပို၍ အဆင်ပြေလွယ်ကူလေမည်လား တွေးမိသည်။

နောက်တစ်ချက် ဥာဏ်မီသလောက် တွေးမိသည်မှာ လက်ပံတောင်းအရေးလို ဖြစ်တန်ရာ အကျပ်အတည်း များနှင့် ပတ်သက်လို့ဖြစ်သည်။ သဘာဝဘေးအန္တရယ်ကြောင့်ဖြစ်စေ၊ လူမှုပဋိပက္ခများကြောင့်ဖြစ်စေ၊ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲအတွက် စိန်ခေါ်ချက် ဖြစ်လာနိုင်သော အကျပ်အတည်းမျိုး ရှေ့တွင် လည်း ကြုံရနိုင်ဖွယ်ရှိသေးသည်ဟု ထင်ပါသည်။

 ကြုံခဲ့ပြီးသော ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူပြီး နောင်လာမည့် ပြဿနာများကို ကာကွယ်ရှောင်ရှားနိုင် ရန် အတွက် သော်လည်းကောင်း၊ အကယ်၍ မလွှဲမရှောင်သာ ရင်ဆိုင်ရလျှင်လည်း လက်ဦးမှု ရှိရှိ၊ အေးအေးညောင်းညောင်း ဖြေရှင်းနိုင်ရန်အတွက်သော်လည်းကောင်း၊ အစီအစဉ်ရှိရှိ ကြိုတင်ပြင်ဆင် ထား ဖို့ လိုမည်လား စဉ်းစားမိသည်။ ဥ

ပမာအားဖြင့် "အကျပ်အတည်း စီမံခန့်ခွဲရေး ကော်မတီ" လိုအဖွဲ့အစည်းမျိုး ဖွဲ့စည်းပြီး တာဝန်ယူဖြေ ရှင်းကြသည်မျိုး ဖြစ်ပါသည်။

(ခ) မေတ္တာရပ်ခံ

ဒုတိယအနေနှင့် မေတ္တာရပ်ခံလိုသည်မှာ၊ ယခုလောလောဆယ် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ ကြုံခဲ့ရပြီးဖြစ်သသော၊ ဒေသခံလူထုသို့ဖြစ်ပါသည်။

မိမိရပ်ရွာကို ချစ်ခင်မြတ်နိုးစိတ်၊ ဒါးမဦးချမြေကို တပ်မက်တွယ်တာစိတ်များဖြင့် ဆန္ဒဖော်ထုတ် အရေးဆိုခဲ့ကြသည့် မိတ်ဆွေများ၏ အရေးတော်ကို အပြည့်အ၀ စာနာနိုင်ပါသည်။

ယခု ထွက်ပေါ်လာသော ကော်မရှင်၏ အကြံပြုချက်များမှာ၊ မိတ်ဆွေများ၏ ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်း မကျသည့်တိုင်၊ တစ်ခုလုံး အကျိုးစီးပွား ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံး အဖြေဖြစ်သည်ကို နှလုံးသွင်းစေချင်ပါသည်။

ထို့ထက် တော်ရုံနိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့်
ဖြစ်ထိုက် သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြအကြံပြုခဲ့သော ကော်မတီဥက္ကဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်။

သူမ၏ မေတ္တာစေတနာကို ယုံကြည်ကိုးစားစိတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါ ဟု မေတ္တာရပ်ခံအပ်ပါသည်။

ဒီမိုကရေစီ အကူးအပြောင်း ကာလ၏ မလွတ်မကျွတ်တတ်သေးသော အကျင့်ဆိုးများကြောင့် ဆရာတော် သံဃာတော်များအပါအ၀င် မိတ်ဆွေများ၊ အနာတရ ဖြစ်ခဲ့ရသည်မှာ ကမ္ဘာသိပင်ဖြစ်ပါသည်။

သို့တစေ မိတ်ဆွေများ၏ ပေးဆပ်မှုများအချည်းနှီးတော့ကား မဖြစ်ပါ။ နောင်တွင် ဤအဖြစ်ဆိုးများ မကြုံရစေရေး (ထို့ထက် လေးနက်စွာဆိုရလျှင်၊ ဒီမိုကရေစီရှေ့ခရီးအဆင်ချောစေရေး) အတွက် အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည့် "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ" ၏ အားနည်းချက်များကို ပြင်ဆင်နိုင်ရန် တိုင်းသိပြည်သိ၊ ကမ္ဘာသိ အဆိုပြုနိုင်ပြီ ဖြစ်ပါ သည်။

(ကော်မရှင် အစီရင်ခံစာ အပိုဒ် (၉၃)၊ အပိုဒ်ခွဲ (ခ) ပါ အကြံပြုချက်များကို ကြည့်ပါရန်) ဤသည်မှာ မိတ်ဆွေများ၏ 'အောင်ပွဲ' ဟု သဘောယူစေလိုပါသည်။


(ဂ) ပန်ကြား

နောက်ဆုံးအနေနှင့် လက်ရှိ လုံခြုံရေးကို တာဝန်ယူထားသော ရဲတပ်ဖွဲ့နှင့်၊ လက်ရှိ အပြောင်းအလဲ အပေါ် အပြည့်အ၀ သဘောမတူနိုင်ကြသေးသည့် မိတ်ဆွေများသို့ ပန်ကြားအပ်ပါသည်။

မည်သို့သော အကြောင်းကြောင့်ဖြစ်စေ လက်ပံတောင်းအရေးကိုင်တွယ်ပုံမှာ ရဲတပ်ဖွဲ့အပါအ၀င်၊ အစိုးရ၏ ဂုဏ်သိက္ခာအတွက်ရော၊ ဒီမိုကရေစီ အစဉ်အလာအတွက်ပါ၊ ကောင်းသောလက္ခဏာမဟုတ်ပါ။

ဤအတွေ့အကြုံကို အလေးအနက်ဆင်ခြင်၍ ကော်မရှင် အကြံပြုချက်အတိုင်း ထိထိရောက်
ရောက် ပြုပြင်ပြောင်းလဲကြပါရန် သက်ဆိုင်ရာသူများသို့ ပန်ကြားလိုပါသည်။

ခေတ်တစ်ခေတ်ကို အတူဖြတ်သန်းခဲ့ကြသည့် မိတ်ဆွေများကိုလည်း ပန်ကြားလိုပါသေးသည်။ ကျွန်တော်တို့တတွေ ငယ်ငယ်က အစွဲကြီးစွဲခဲ့ကြသည့် ကဗျာတစ်ပုဒ်ရှိသည်။ "အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး" ဆိုသော 'ဘားတော့ဘရက်' ၏ ကဗျာစာသား။

 ဒါကို ခိုင်ထူးကြီးက သီချင်းလုပ်ဆိုတော့လည်း ကျွန်တော်တို့အားလုံး နှစ်နှစ်ခြိုက်ခြိုက်လိုက်ဆိုခဲ့ကြသည်။ အမှန်စင်စစ် ဘ၀သည် ကဗျာမဟုတ်။ နိုင်ငံရေးဆိုသည်မှာ လသာသာသီချင်းဆိုရသည်မျိုးမဟုတ် …။ ဒါလေးကို နှလုံးသွင်းကြစေချင်သည်။

ကျော်ဝင်း
၁၂၊ မတ် ၂၀၁၃

ရည်ညွှန်း - စုံးစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ

1 comments :

  1. Anonymous said... :

    ဒါဆိုလဲခိုင်ထူးသီချင်းထဲကလိုပဲ"လို၇င်အကုန်လုံးယူ။လိုတာအကုန်လုံးယူ။ရှိတာအကုန်လုံးပေးချင်တယ်။"ဆိုတဲ့အတိုင်းတရုပ်ကြီးကိုပေးနေတာကိုဒီအတိုင်းထိုင်ကြည့်နေ၇မယ်ဆိုပါတော့။ဒီစီမံကိန်း၇ဲ့အကျိုးအမြတ်တွေဟာပြည်သူ့တွေဆီတိုက်ရိုက်အကျိုးရှိပါတယ်လို့စာေ၇းသူကိုယ်တိုင်ချွှင်းချက်မရှိလက်ခံပါသလား??

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved