ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာကို ရောက်ပြီ

Thursday, March 14, 2013

 မြင်းခြံမြို့မှ လိုင်ဇာသို့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ထွက်လာသည့် ငြိမ်းချမ်းရေး လမ်းလျောက် အဖွဲ့သည် မြန်မာအစိုးရ စစ်တပ်၏ ၅ ရက်ကြာပိတ်ဆို့ခံထားရမူ အပြီးတွင် လိုင်ဇာသို့ မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့သည်။ 

ရန်ကုန်မှ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ ယမန်နေ့ညက လိုင်ဇာဒေသအရောက် အိပ်ပျော်နေကြစဉ်၊ အဆိုပါအဖွဲ့မှာ လိုက်ဇာသို့ မရောက်သေးပေ။ ဓာတ်ပုံ- နေမျိုးဇင်

မြင်းခြံမှ ထွက်ခွာလာစဉ် ဘုန်းကြီး တပါးနှင့် လူ ၂ ဦးသာပါဝင်ခဲ့သည့် အဖွဲ့သည် လိုင်ဇာသို့ရောက်ချိန် တွင် ဘုန်းကြီး ၉ ပါး နှင့် လူ၄၅ ဦးဖြင့် ရောက်ရှိခဲ့သည်။ 

“ လမ်းခရီးမှာ အဓိက အခက်အခဲကတော့ အချင်းချင်း စိတ်ဝမ်းမကွဲအောင် စည်းရုံးရတာ ဖြစ်ပါတယ် ” ဟု အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်က ပြောသည်။ 

မြင်းခြံအဖွဲ့သည် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း ဗန်းမော် - လိုင်ဇာလမ်းမှ ချီတက်ခဲ့ခြင်းဖြစ်ပြီး လဂျားယန် တွင် မတ်လ ၈ ရက်မှ ၁၃ ရက်နေ့အထိ ၅ ရက်ကြာပိတ်မိနေခြင်းဖြစ်သည်။ 

“ လဂျားယန်မှာ တုန်းက ကျနော်တို့ညှိုနှိုင်းတာဘာမှ မလုပ်ဘူး၊ စောင့်ပဲစောင့်တယ်၊ ဖွင့်ပေးရမယ်ဆိုတာ ကျနော်တို့သိလို့ တခြားလမ်းက ပတ်ထွက်ဖို့ကြိုးစားတာမျိုးမလုပ်ပဲ ထိုင်စောင့်ပါတယ် ” ဟု ကိုသန့်ဇင် ကပြောသည်။ 

“ လမ်းတလျောက်ထူးခြားတာက က ကျနော်တို့ဟာ နိုင်ငံရေးအရ ကျော်ကြားသူတွေ၊ နာမည်ကြီးတွေ မဟုတ်ပေမဲ့ ပြည်သူတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုတာ တွေ့ရပါတယ်။ တဦးခြင်း တဖွဲ့ခြင်းကို ကြိုဆိုတာ မဟုတ်ပေမဲ့ ငြိမ်းချမ်းရေးကို လိုလားလို့ကြိုဆိုတာဖြစ်ပါတယ် ” ဟု ကိုသန့်ဇင်က ပြောသည်။ 

အဖွဲ့ကို ဦးဆောင်လာသူ ကိုသန့်ဇင်သည် ၁၉၈၈ - ၈၉ တွင် ဗကသ အထက်မြန်မာပြည်တာဝန်ခံအဖြစ် တာဝန်ယူခဲ့သဖြင့် မန္တလေးဆေးတက္ကသိုလ်နောက်ဆုံးနှစ် အပိုင်း (ခ) တက်ရောက်နေဆဲ ကျောင်းထုတ်ခံ ရကာ ထောင်ကျခဲ့သူဖြစ်သည်။ 

 “ ဒီအစိုးရက တရားမ၀င်ဘူးလို့ပဲပြောပြော ဗမာတွေအတွက် အစိုးရဖြစ်နေပြီ ဒီတော့ ဗမာစစ်တပ် လို့ပြောရင် ဗမာတွေသိက္ခာကျလို့ ဦးဇင်းချီတက်ခဲ့တာဖြစ်ပါတယ် ” ဟု မြင်းခြံမှ စတင်လမ်းလျောက်ခဲ့သူ ဦးဥတ္တမက ပြောသည်။ 

လမ်းလျောက်လာသူများအဖွဲ့ကို လိုင်ဇာမြို့ခံများ၊ ABSDF အဖွဲ့များ၊ ကေအိုင်အိုမှ ဖွဲ့စည်းထားသည့် ကြိုဆိုရေး ကော်မတီများက အိုးစည်ဗုံမောင်းများနှင့် ကြိုဆိုခဲ့ပြီး ပြင်ဆင်ထားသည့် မဏ္ဍပ်တွင် အများပြည်သူ နှင့် တွေ့ဆုံမိတ်ဆက် ရှင်းလင်းစေခဲ့သည်။

ငြိမ်းချမ်းရေးလမ်းလျောက်လာသူများသည် လိုင်ဇာမြို့တွင် ၃ ရက်ခန့်နေထိုင်မည်ဖြစ်ပြီး အတူပါလာ သည့် ငွေကျပ် ၁၄၈ သိန်းကျော်ကိုလည်း ကေအိုင်အိုသို့ လှူဒါန်းသွားမည်ဖြစ်သည်။ 

“ ဒါပြီးရင်ဘာမှ ထပ်လုပ်ဖို့မရှိပါဘူး။ ဘာမှ လည်း စီစဉ်ထားတာမရှိပါဘူး ” ဟု ကို သန့်ဇင်က ပြော သည်။ 

လဖိုင် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved