ရွေးကောက်ပွဲ သင်ခန်းစာ နမူနာအချို့ (မောင်ဝံသ)

Wednesday, March 13, 2013

ပြည်သူ့ခေတ်ဂျာနယ် ၁၄ ၀၃ ၂၀၁၃နေ့ထုတ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါးကို ပြန်လည် ဖော်
ပြပေးလိုက်ပါတယ်။ 


မြန်မာနိုင်ငံရဲ့ အဓိကရ နိုင်ငံရေးအဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံကြီး မတ် ၈၊ ၉၊ ၁၀ မှာ ကျင်းပပြီးစီးသွားပါပြီ။ 

အခြေအနေအရပ်ရပ်အရ နှစ် နှစ်ဆယ်ကျော် အစိတ်အတွင်း ဗဟိုဦးစီးစနစ်နဲ့ ဖွဲ့စည်းထားရတဲ့ ပါတီ အဖြစ် ကနေ အောက်ခြေပါတီဝင်ထုက ဒီမိုကရေစီနည်းကျ အဆင့်ဆင့် ရွေးကောက် တင်မြှောက် တဲ့ ပြည်သူ့ပါတီအဖြစ်သို့ ကူးပြောင်းတည်ဆောက် နိုင်ခဲ့ပြီလို့ ဆိုနိုင်တယ်ဗျ။ 

ကျွန်တော်မှတ်သားမိသလောက် မြန်မာနိုင်ငံရေးသမိုင်းမှာ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ဖူးတဲ့ နိုင်ငံရေး
အဖွဲ့အစည်းများဟာ ဂျီစီဘီအေက စလို့ ဖဆပလ၊ ဗကပ၊ ပမညတ၊ ပထစအဆုံး ပြည်သူ့ပါတီများအဖြစ် ရပ်တည်ဖို့ ကြီုးစား ခဲ့ကြတာချည်းပါပဲ။

နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဟိုတုန်းကတော့ ပြည်လုံးကျွတ် ညီလာခံလို့လည်း သုံးနှုန်းခဲ့ကြပါတယ်)တွေ ကျင်းပပြီး ပါတီတွင်း ဒီမိုကရေစီကို ရှင်သန်စေခဲ့ကြပါတယ်။ ပါတီညီလာခံတွေကြောင့် ထက်ခြမ်းတွင် မကဘဲ လေးခြမ်းလောက် ကွဲကုန် ကြတဲ့အဖြစ်မျိုးတွေကိုလည်း ဂျီစီဘီအေကြီးက အစ နမူနာတွေ ပြခဲ့ပေ မယ့် နောက်ပိုင်းမှာ ဖဆပလ၊ ဗကပတို့အပြင် ဒီမိုကရေစီပါတီ မဟုတ်တဲ့ မဆလခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ညီလာခံတစ်ခုမှာတောင် ဖြုတ်ထုတ်ပွဲတွေ ဖြစ်ခဲ့သေးတာပါပဲ။ 

ပါတီဥက္ကဌကြီးက မဲအရေအတွက်မှာ နံပါတ် ၃လား၊ ၄လား ဖြစ်သွားလို့ဆိုလား၊ ပါတီတွင်း သန့်စင်ပွဲတွေ လုပ်ခဲ့ကြ၊ ခေါက်ဆွဲ တစ်သေတ္တာ၊ နို့ဆီဗူး တစ်သေတ္တာ စာရင်းကွာမှုနဲ့ ဖြုတ်ထုတ် ထောင်ချသတဲ့။ 

အင်မတန် ဟားတိုက်စရာကောင်းတဲ့ နိုင်ငံရေးပြက်လုံးတွေ ပေါ်ခဲ့ဖူးသဗျာ။ ဒီချုပ် ပါတီညီလာခံကြီး အကြောင်း ဆက်စပ်ရင်း ရှေးဟောင်းနှောင်းဖြစ် လေးတွေ သတိရမိတာပါ။ 

အခု သည်ဆောင်းပါးမှာ အဓိက ပြောချင်တာက ပြည်နယ်တွေက တိုင်းရင်းသားလူမျိုးတွေ ရဲ့ ဒေသဆိုင် ရာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံလုံးဆိုင်ရာ အတိုင်းအတာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီကြီးများရဲ့ ဆက်ဆံရေးအကြောင်း ဖြစ်ပါတယ်။ 

နောက်ကြောင်းလေးပြန်ကောက်ရရင် မြန်မာနိုင်ငံ လွတ်လပ်ရေးပေးခါနီး အချိန်အထိ ဗြိတိသျှအစိုးရ က မြန်မာနိုင်ငံကို နှစ်ဆင့်ခွဲအုပ်ချုပ်ခဲ့ပါတယ်။ ဗမာပြည်မကို ၁၉၂၂-၂၃ ဒိုင်အာခီအုပ်ချုပ်ရေးပေးချိန် ကစပြီး ဒီမိုကရေစီရွေးကောက်ပွဲစနစ်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ 

နောက်ဆုံး ၁၉၃၇မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ်မှာ ခွဲထုတ်လိုက်ပြီး ၉၁ဌာနအုပ်ချုပ်ရေး သွတ် သွင်းပေး တဲ့အထိ ဗမာပြည်မ (ထိုစဉ်က ရခိုင်တိုင်းနဲ့ တနင်းသာရီတိုင်းအပါအ၀င်)မှာ ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲတွေ ရှိနေခဲ့ပါတယ်။ 

ချင်း၊ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားနယ်မြေတွေကိုကျတော့ ရွေးကောက်ပွဲ ဒီမိုကရေစီနဲ့ မတန်သေးဘူး လို့ အကြောင်းပြကာ တောင်းတန်းဒေသ အုပ်ချုပ်ရေးစနစ်နဲ့ သီးခြားအုပ်ချုပ်ခဲ့ပါတယ်။ 

ရှမ်းပြည်နယ်က စော်ဘွားတွေ၊ ကချင်ပြည်နယ်က ဒူးဝါးတွေကိုလည်း မြန်မာဘုရင်လက်ထက်ကလိုပဲ အခွန်ကောက်ခံ၊ အုပ်ချုပ်စီမံခွင့်တွေ ပေးထားခဲ့ပါတယ်။ 

တိုင်းရင်းသားဒေသ တွေမှာ နိုင်ငံရေးပါတီမဆိုထားနဲ့၊ နိုင်ငံရေးသမားဆိုတာတောင် မပေါ်လာအောင် ခြိမ်းခြောက်နှိပ်ကွပ်ထားခဲ့တယ်။ 

ပြည်မက နိုင်ငံရေးသမား တွေ ရောက်သွားရင်လည်း ခြေချုပ်နဲ့ ပြန်ပို့သတဲ့။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် တို့ဗမာ အစည်းအရုံးက သခင်ဗဟိန်းနဲ့ ဦးဌေးမြိုင် (ဆရာဒဂုန်တာရာ)တို့ တရုတ်တော်လှန်ရေးသမား 
တွေ နဲ့ အဆက်အသွယ် ရှာဖို့ ရှမ်းပြည်နယ်ထဲ သွားခဲ့ကြတာ နေ့ချင်းပဲ ပြန်နှင်ထုတ်ခံရတဲ့ အကြောင်း ဆရာဒဂုန်တာရာရဲ့ စာတစ်ပုဒ်မှာ ဖတ်လိုက်ရဖူးတယ်။ 

နောက်ပိုင်း ဂျပန်ခေတ်ရောက်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် တစ်နိုင်ငံလုံး စည်းရုံးလှုပ်ရှားချိန်ရောက် 
တော့ မှ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်တိုင်းရင်းသား ဒေသအားလုံးမှာ နိုင်ငံရေး လှုပ်ရှားမှု 
တွေ ပေါ်ပေါက် လာခဲ့တယ်။ 

အဓိက မောင်းနှင်အားကတော့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးနဲ့ ဒုတိယ အားအကောင်းဆုံး ဗမာပြည်ကွန်မြူနစ်ပါတီတို့ရဲ့ စည်းရုံးရေးကြောင့်ပဲ လို့ ပြောနိုင်ပါတယ်။ 

ပြည်မနဲ့ တောင်တန်းဒေသတွေ လွတ်လပ်ရေးအတူယူမလား၊ တောင်တန်း ဒေသတွေကို ချန်ထားခဲ့ မလားဆိုတာကို အဆုံးအဖြတ်ပေးတဲ့ ၁၉၄၇ခု ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်ကြီး ချုပ်ဆိုတဲ့ အချိန် ကျတော့ တောင်တန်း ဒေသတွေမှာ စော်ဘွားတွေ၊ ဒူးဝါးတွေသာမက တိုင်းရင်းသား လူထု ခေါင်းဆောင် 
တွေ (နိုင်ငံရေးသမားတွေ) ရှိလာနေကြပြီ။ ပင်လုံစာချုပ် လက်မှတ်ထိုးတော့ စော်ဘွားတွေ၊ ဒူးဝါးတွေ အပြင် လူထုခေါင်းဆောင်တွေပါ ပါဝင်လက်မှတ်ထိုးထားကြတာ သတိပြုမိကြမယ်ထင်ပါတယ်။ 

လွတ်လပ်ရေးခေတ်မှာတော့ ပြည်နယ်တွေမှာ နိုင်ငံရေးပါတီတွေ အသီးသီး ပေါ်ပေါက်လာပြီး ပဒေသရာဇ် စနစ်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ပေါ်ထွန်းရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တယ်။ 

၁၉၅၈-၆၀ ဗိုလ်ချုပ်နေ၀င်း အိမ်စောင့်အစိုးရလက်ထက်မှာ ရှမ်းစော်ဘွားတွေကို စတိသဘော လျော်ကြေး 
ပေး ပြီး အတင်းအဓမ္မ အာဏာစွန့်ခိုင်းခဲ့တယ်။ အဲဒီလုပ်ရပ်ဟာ နောင်ဖြစ်ပေါ်လာမယ့် အနိဋ္ဌာရုံတွေရဲ့ နိဒါန်းအစပဲလို့ ဆိုနိုင်ပါတယ်။ 

ပြည်နယ် နိုင်ငံရေးသမား လူထုခေါင်းဆောင်အတော်များများက တိုင်းရင်းသား လူမျိုးတွေဟာ ဗမာတွေနဲ့ တန်းတူအခွင့်အရေးမရှိဘူးလို့ ခံစားနေကြတာ ကြာပါပြီ။ ထုတ်လည်း ပြောကြတယ်။ 

စာနဲ့ပေနဲ့လည်း ရေးကြတာ အများကြီးပါပဲ။ ရှာဖွေဖတ်ရှုလို့ ရပါတယ်။ မဆလ တစ်ပါတီစနစ်ခေတ် မှာ ပြည်နယ်တွေရော၊ ပြည်မမှာပါ နိုင်ငံရေး ပါတီတွေ ဖွဲ့စည်းခွင့် မရှိတော့ပါဘူး။ 

တောတွင်းလက်နက်ကိုင် ပါတီတွေက လွဲလို့ နိုင်ငံရေး ဆိုတာ အများပြည်သူနဲ့ မဆိုင်သလို ဖြစ်ခဲ့ရ တယ်။ 

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးတော့မှ နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့် ပြုတဲ့အခါ ၂၆ နှစ် လုံးလုံး မျိုသိပ်ထားခဲ့ရသမျှ အတိုးချပြီး ပါတီစုံ ၂၃၀ကျော် ဖွဲ့စည်းခဲ့ကြပါတယ်။ 

ပြည်နယ်တွေမှာလည်း နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ပြန့်စွာ ဖွဲ့စည်းနိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ အတော်ကလေးများ ခဲ့ပါ တယ်။ 

မူလ မဆလကို နာမည်ပြောင်းလိုက်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီက အရှိန်မပျက် အောက် 
ခြေ ပါတီအဖွဲ့အစည်းအဆင့်ဆင့်နဲ့ ရပ်တည်နေတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်ကတော့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ယုံကြည်သူများနဲ့ အား အကောင်းဆုံး ဖွဲ့စည်းနိုင်ခဲ့တယ်။

ပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရှေ့ဆောင်သူရဲကောင်းတွေဖြစ်ခဲ့တဲ့ ကျောင်းသားလူငယ်တွေ တည်ထောင်တဲ့ လူ့ဘောင်သစ် ဒီမိုကရေစီပါတီကလည်း ဒီချုပ်နဲ့ နင်လားငါလား စည်းရုံးနိုင်ခဲ့တယ်။ 

ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်းဆောင်တဲ့ ဒီငြိမ်း ခေါ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီကလည်း ဦးနုတို့ ဗိုလ်မှူအောင်တို့ တို့လို အစဉ်အလာကြီးတဲ့ ခေါင်းဆောင်တွေရဲ့ အားနဲ့ ရှေ့တန်းမှာ ရှိနေပါတယ်။ 

ဒါတွင်မက ၀ိဓုရသခင်ချစ်မောင်နဲ့ ယခင် ပမညတခေါင်းဆောင်တွေ ဦးဆောင်တဲ့ အမျိုးသား ပြန်လည် တည်ဆောက်ရေး တပ်ပေါင်းစုကလည်း အင်အားကြီးတစ်ခုပါပဲ။ 

နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ပြန့်စွာ ဖွဲ့စည်းနိုင်တဲ့ အထက်ပါ ပါတီတွေ ရှိနေသလို ပြည်နယ်တွေမှာ လည်း ရွေးကောက်ပွဲနိုင်လို့ န၀တရဲ့ ကတိအတိုင်း တည်ခဲ့ရင် ပြည်နယ်အစိုးရများ ဖွဲ့စည်းကာ တိုင်းရင်းသား လူမျိုးအားလုံး (ဗမာအပါအ၀င်) တန်းတူအခွင့်အရေးရရှိရေး၊ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနဲ့ ဒေသအကျိုးစီးပွားကို ထိထိရောက်ရောက် စွမ်းဆောင်လိုက်မဟဲ့လို့ ရည်သန်ပြီး တိုင်းရင်းသား ပါတီတွေ စည်းရုံး လှုပ်ရှားခဲ့ကြတယ်။ 

ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအ၀င် အခြား တိုင်းရင်းသား လူမျိုးစုံပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) ဆိုတာ ၁၉၈၉ခုနှစ် နှစ်ဦးပိုင်းမှာ ပေါ်လာပြီး အတော်ကြီးကို အားကောင်းတဲ့ တိုင်းရင်း သား တပ်ပေါင်းစုအသွင် တွေ့လာရပါတယ်။ 

ကျွန်တော်က အဲဒီအချိန်က နိုင်ငံရေးနယ်ထဲမှာပါ။ ဒီချုပ် ဗဟိုကော်မတီ တစ်ယောက်ဖြစ်ပြီး ပဲခူးတိုင်း စည်းရုံးရေးအဖွဲ့မှာ တာဝန်ယူနေပါတယ်။ 

၁၉၈၉ နှစ်ဆန်းပိုင်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ န၀တက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်ကြေညာပြီး နိုင်ငံရေးပါတီများ အနေနဲ့ ပြင်ဆင်ချင်တာတွေ အကြံပေးချင်တာတွေကို စာရေး၍ တင်ပြ နိုင်ကြောင်း ကြေညာတော့ န၀တ ရွေးကောက်ပွဲ ဥပဒေကို လေ့လာပြီး အကြံပြု စာတမ်းရေးဖို့ ဒီချုပ် CEC က အထူးအဖွဲ့တစ်ခု ဖွဲ့စည်းပါတယ်။ 

အဲဒီမှာ ရှေ့နေကြီးဒေါ်မြင့်မြင့်ခင်က ဥက္ကဌ၊ ကျွန်တော်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရပါတယ်။ စာတမ်းမူကြမ်းပြုစုပြီးတော့ ဗဟိုကော်မတီ စုံညီ အစည်းအဝေးတစ်ခုမှာ တင်ပြပြီး အတည်ပြုပါတယ်။ 

အဲဒီ ဗဟိုကော်မတီအစည်းအဝေး (၈ ကြိမ်မြောက်လို့ ကျွန်တော် ထင်ပါတယ်) မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ]]ရွေးကောက်ပွဲကို ကျွန်မတို့ ၀င်မယ် မ၀င်ဘူးဆိုတာ ခုချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။ 

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကျေနပ်လက်ခံနိုင်တဲ့ အခြေအနေမျိုးတွေ ဖန်တီးနိုင်မှ သာ ရွေးကောက်ပွဲ ၀င်မှာပါ။ ဒါပေမယ့် ရွေးကောက်ပွဲကို ၀င်ဖြစ်တယ်ဆိုပါစို့။ 

ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ အနေအထား ဘယ်လို ရှိနိုင်တယ်ဆိုတာ တိုင်းအလိုက် တင်ပြစေချင်ပါတယ်}} လို့ ပြောပါတယ်။ ဒေါ်မြင့်မြင့်ခင်က ]]အပြိုင်အဆိုင်နိုင်ငံရေးပါတီတွေကို လျှော့တွက်လို့မရဘူး၊ ဒါကြောင့် ဒီချုပ်အနေနဲ့ မဲ အပြတ်နိုင်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့}} သူ့အမြင်ကို တင်ပြပါတယ်။ 

ကျွန်တော်က ပဲခူးတိုင်းထဲမှာ ရှိတဲ့ မြို့ကြီးမြို့ငယ်တွေတင်မက တစ်နေရာက တစ်နေရာ ၇ မိုင် ၈ မိုင် 
လောက် ကုန်းကြောင်းလျှောက်ရတဲ့ ကျေးရွာတွေကိုလည်း အရောက်သွားခဲ့ပြီး ဖြစ်လို့ ]]ပဲခူးတိုင်း အနေနဲ့ကတော့ မဲဆန္ဒနယ် ၅၁ နယ် အားလုံးမှာ နိုင်မယ်လို့ သေချာပေါက် ပြောရဲပါတယ်}}လို့ တင်ပြခဲ့ပါတယ်။ 

ဒေါ်စုက ဘာကြောင့် အဲသလောက် ပြောနိုင်သလဲလို့ မေးတော့ ကျွန်တော်က ကျေးလက်တွေအထိ ဆင်းပြီး ပြည်သူတွေရဲ့ သဘောထားကို ကိုယ်တိုင် လေ့လာထားပြီး ဖြစ်လို့ ခုလို ပြောနိုင်တာပါ လို့ ပြန်ရှင်း ပြလိုက်ပါတယ်။ 

၁၉၉၀ မေလ ရွေးကောက်ပွဲကျတော့ ကျွန်တော့် တွက်ကိန်း ရာခိုင်နှုန်းပြည့် မမှန်ဘဲ သီသီလေး လွဲခဲ့ပါ တယ်။  

ပြည်မြို့နယ် မဲဆန္ဒနယ်တစ်ခုမှာ ဒီချုပ် ရှုံးခဲ့ပါတယ်။ မဲဆန္ဒနယ် ၅၀ မှာ အနိုင်ရခဲ့ပါတယ်။ ပြည်မြို့ ဖြစ်ရပ် ဟာ ရွေးကောက်ပွဲ သင်ခန်းစာ နမူနာတစ်ခုအဖြစ် လေ့လာမှတ်သားသင့်တဲ့ ဖြစ်ရပ်ပါ။ 

အခုတစ်လော တိုင်းရင်းသားပါတီတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံလုံးဆိုင်ရာ ပါတီကြီးများရဲ့ ပါဝင်ယှဉ်ပြိုင်မှု အလားအလာအပေါ် သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုနေချိန်မှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အတိတ်သင်ခန်းစာတစ်ခုကို သတိရမိခြင်း ဖြစ်ပါတယ်။ 

၁၀၊ ၀၃၊ ၂၀၁၃ 

ဆက်ရန်။ 

မောင်ဝံသ ~

maungwuntha@gmail.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved