ကျောင်းမီးလောင်သဖြင့် ကျောင်းထိုင်ဘုန်းကြီး တရားစွဲခံရ

Wednesday, March 13, 2013

ရွှေတောင်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းတကျောင်း မီးလောင်သဖြင့် မြို့နယ် မီးသတ်ဦးစီးမှူးက ကျောင်းထိုင်ဆရာတော်ကို တရားစွဲဆိုထားကြောင်း သိရသည်။ 


မတ်လ ၈ ရက်နေ့ နံနက်က ကန်သုံးဆင့်အုပ်စု သင်္ဃန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းဆောင် ၂ ခု မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၀)ကျော် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ ကျောင်းထိုင်ဆရာတော်အား ပ \ ၄၇ \ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲထားကြောင်း မြို့နယ် မီးသတ်ဦးစီးမှုးက ပြောသည်။ 

“လောင်တုန်းက ၅း၂၀။ လောင်တာကို ၇း၁၅ မှာ သတင်းရတယ်။ ကားသွားလို့မရလို့ တမိုင်လောက် ရေစုပ်စက် ထမ်းပြီး သွားရတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖိုးကျော်က ပြောသည်။ 

ဆရာတော်အခန်းမှ စတင် လောင်ကျွမ်းသဖြင့် ပေါ့ဆမီးဟု ယူဆကြောင်း၊ မီးလောင်မှုဖြစ်ပွား စဉ် ကျောင်းထိုင် ဆရာတော်က သုံးမိုင်ခန့်ဝေးသည့် ဒေသတခုသို့ သွားနေကြောင်း မီးသတ်ဦးစီးမှူးက ပြောသည်။ 

နောက်တနေ့တွင် ကျီးသဲအုပ်စု တောင်ပဲအင်းရွာရှိ ခွန်လွန်းရွှေဂူ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းအတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ သီလရှင်ဆရာလေးများသတင်းသုံးနေထိုင်သော ငါးခန်းတွဲ ရိပ်သာဆောင်၊ အုတ်ကျောင်းတကျောင်း၊ ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးမှူးက ဧရာဝတီသို့ ရှင်းလင်း ပြောပြသည်။ 

 “ဖြစ်စဉ် နှစ်ခုလုံးက ပေါ့ဆမီးတွေပဲ။ သတင်းပေးမှု နောက်ကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ဒါကြောင့် ဒီလိုဆုံးရှုံးမှုတွေ များရတာပါ” ဟု သူက ဆက်ပြောသည်။ 

ယခုနှစ်ဆန်းပိုင်းတွင် ရွှေတောင်မြို့နယ်အတွင်း အဆိုပါဖြစ်ရပ်များအပါအဝင် စုစုပေါင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 ကောင်းမြတ်မင်း

ဆက်စပ်သတင်း -
ဧရာဝတီကမ်းပါးပြိုတဲ့ထဲ ရွှေတောင်မှအိမ်တချို့ပါသွား


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved