အစိုးရက သူ့အာဘော် The New Light of Myanmar အင်္ဂလိပ်သတင်းစာကို "အကျိုးတူဖက်စပ်" လုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
ဖိတ်ခေါ်စာကို ဒီကနေ့ သူ့သတင်းစာများမှာ ကြော်ငြာထည့်ထားပါတယ်။

ရန်ကုန်မှ စာနယ်ဇင်း အရောင်းဈေးသည်တဦး (ဓာတ်ပုံ - လောအယ်စိုး)
ပြည်တွင်းလုပ်ငန်းရှင်သာမက ပြည်ပ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ပါတယ် တဲ့။
အဆိုပြုလွှာကို အကြောင်းပြန်ဖို့ အချိန် တလ ပေးထားပါတယ်။
"အဆင့်အတန်း ပိုမို ကောင်းမွန်သော သတင်းစာ" အဖြစ် အသွင်ပြောင်းနိုင်ဖို့ အခုလို ဖက်စပ်လုပ်ဖို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ကြော်ငြာမှာ ရေးထားပါတယ်။တွဲလုပ်မယ့် လုပ်ငန်းရှင်နဲ့ ညှိနှိုင်းရမယ့် သတင်းစာရဲ့ မူဝါဒ၊ အသွင်အပြင် ဘယ်လောက်အထိ ပြောင်းလဲပစ်မယ် ဆိုတဲ့ အကြောင်းအရာကိုတော့ ကြော်ငြာထဲမှာ ရေးမထားပါ။
လုပ်ငန်းရှင်များကတော့ ဒီအင်္ဂလိပ်သတင်းစာထက် မြန်မာဘာသာနဲ့ ထုတ်ဝေနေတဲ့ ကြေးမုံ/မြန်မာ့အလင်းတို့ကိုပဲ ပိုမိုစိတ်ဝင်စားဖွယ် ရှိပါတယ်။
ကြေးမုံ/မြန်မာ့အလင်းက စောင်ရေလည်း ပိုများနေတယ်၊ ပရိသတ်လည်း ပိုများပါတယ်။ ဖြန့်ချိမှုအားလည်း ကောင်းပါတယ်။ ကြော်ငြာတွေလည်း အများအပြား ပါဝင်တဲ့အတွက် အမြတ်အစွန်း တော်တော်ကြီးမားပုံ ရပါတယ်။
အင်္ဂလိပ်သတင်းစာကတော့ လောလောဆယ် ရန်ကုန်မှာပဲ ဈေးကွက်ရှိနေပုံပါပဲ။
သူ့ပရိသတ်က မြန်မာပြည်ရောက် နိုင်ငံခြားသားတွေ ဖြစ်ပါလိမ့်မယ်။အစိုးရရဲ့ဒီနေ့ထုတ် ဆေးရောင်စုံ အင်္ဂလိပ်သတင်းစာကို ကြည့်လိုက်တော့ ၁၆ မျက်နှာ ရှိပါတယ်။
ကြော်ငြာ မပါသလောက်ပါပဲ။
မြန်မာဘာသာနဲ့ ထုတ်ဝေမယ့် သတင်းစာ ၈ စောင် ထုတ်ဝေခွင့် ချပေးလိုက်တဲ့သတင်းကို ဒီ ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/03/blog-post_3614.html မှာ လဆန်းပိုင်းက ဖော်ပြခဲ့ပြီးပါပြီ။
သတင်းစာလုပ်ငန်းက အရင်းအနှီးကြီးမားမယ်၊ လုပ်တတ်ကိုင်တတ်မယ် ဆိုရင် စီးပွားဖြစ်မယ့်လုပ်ငန်းကြီးပါ။
သတင်းစာ ဆယ်စောင်ဝန်းကျင် စုပြုံ တာထွက်မယ့်ပွဲမှာ
အရင်းအနှီးသိပ်မကြီးတဲ့သူ၊ ကြော်ငြာ အလုံအလောက် မရတဲ့သူကတော့ စီးပွားပျက်ဖွယ်ရှိပါတယ်။
အင်တာနက် လက်ချက်ကြောင့် နိုင်ငံတကာမှာ သတင်းစာတွေ ပြုတ်လိုပြုတ်၊ စောင်ရေတွေ ကျပြီးရင်းကျ ဖြစ်နေချိန်မှာ မြန်မာပြည်မှာတော့ လွတ်လပ်မှုတံခါး အခုမှ ခပ်ဟဟ ဖွင့်လိုက်တဲ့အတွက် ရှေ့လက အစပြုပြီး သတင်းစာလောက လမ်းစမ်းလျှောက်တော့မှာ ဖြစ်ပါတယ်။
.
0 comments :
Post a Comment