ဂျော်ဒန်ရောက် ဆန္ဒပြ မြန်မာ အလုပ်သမားများမှ ပေးစာ

Saturday, March 2, 2013

ဂျော်ဒန်နိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြနေမှုဟာ အခုထိ အဆင်မပြေသေးဘူးလို့ သိရပါ တယ်။ ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေရဲ့ ဆန္ဒပြမှု ဖြစ်စဉ်နှင့် အကူအညီတောင်းခံမှုပေးစာ တစောင်ကိုလည်း အဆိုပါ အလုပ်သမားတချို့ က ဧရာဝတီကို ပေးပို့လာပါတယ်။ 

အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

 ဂျော်ဒန်နိုင်ငံရောက် ဆန္ဒပြနေသည့် မြန်မာအလုပ်သမားများ၊ ဓာတ်ပုံ- ကျော်ဇင်ဦး


ဂျော်ဒန်ရောက် CMJ အထည်ချုပ်စက်ရုံရှိမြန်မာအလုပ်သမားများ၏ ဆန္ဒပြမှု ပြဿနာဖြစ်စဉ်
              

                 (13.2.2013) (Wed:) တွင်စက်ရုံမှကျွေးသောထမင်းကိုစား၍ အလုပ်သမားများဝမ်းလျှော ခဲ့ကြပါသည်။
 နောက်တစ်ရက် (14.2.2013) (Thu:)တွင်ဝမ်းလျှောသည့်သူများအတွက်ဆေးခွင့်တောင်း ရာ ဆေးခွင့်မပေးခဲ့ပါ။ ဒါကိုရုံးခန်းသို့ သူတို့ကျွေးတဲ့ထမင်း ၊ ဟင်း ပန်ကန်ကိုယူပြီး ကောင်းမွန်စွာပြောပြီး တင်ပြခဲ့သော်လည်း တာဝန်ရှိတရုတ်လူမျိုးမှ ရိုင်းပျစွာပြောဆို ဆက်ဆံပြီး အမူအရာကြမ်းတမ်း စွာဖြင့် ခုံကိုလက်သီးဖြင့်ထုခဲ့ပါသည်။ ထို့ကြောင့် မြန်မာတာဝန်ခံ ဦးရဲထွန်းမှ စက်ရုံတွင်း၌အလုပ်သမားများအုံကြွက်လာမှုများမဖြစ်စေရန် မြန်မာအလုပ်သမား အမျိုးသား/သမီးအယောက်(၂၀)ကျော်အား တိုင်ပင် 
ဆွေးနွေး ရန်ခေါ်ဆောင်ခဲ့ပါသည်။
                 ထိုအစည်းအဝေးတွင် တောင်းဆိုချက်(၃)ချက်ကို မြန်မာအလုပ်သမားများမှ တစ်ညီတစ်ညွတ် တည်းတောင်းဆို
ခဲ့ကြပါသည်။
                 (၁) အခြေခံလစာကို အမေရိကန်ဒေါ်လာ (၁၅၅ ဒေါ်လာ) မှ (ဒေါ်လာ ၂၀၀) သို့ တိုးမြှင့်ပေးရန်၊
                 (၂) လူမျိုးခွဲခြားဆက်ဆံခြင်းမျာကို အခြားလူမျိုးများနည်းတူ တန်းတူဆက်ဆံပေးရန်၊
                 (၃) ကျန်းမာရေးနှင့်ညီညွတ်ပြီး မြန်မာလူမျိုးများနှင့်ကိုက်ညီသောအစားအသောက် များကျွေးရန်၊
                
                 အခြေခံလစာကိုတိုးမြှင့်တောင်းဆိုရခြင်းမှာ ဒီနိုင်ငံကငွေကြေး(အခေါ်အဝေါ် JD) သည် ဒေါ်လာ ထက်မြင့်ပြီး ကွာခြားချက်မှာ ဒေါ်လာ ၁၀၀လျှင် JD ၇၀   ဖြစ်ပါသည်။  အလုပ်သမားများသည် စက်ရုံမှကျွေးသော ထမင်း၊ဟင်းများလည်းမကောင်းသောကြောင့် ကိုယ်တိုင် ချက်ပြုတ်စားသောက်ရခြင်း ၊ လုပ်အားခနှင့် သုံးစွဲမှုကုန်ကျစရိတ်မမျှတမှုစသည့် အခက်အခဲများနှင့် ရင် ဆိုင်နေကြရပါသည်။ 
ယခုနှစ်တွင် ကုန်ဈေးနှုန်းပိုမြင့်လာသဖြင့် မူလအဆင်မပြေမှုအပြင် အခက်အခဲများမှာ ပိုမိုဆိုးရွား လျက်သာရှိနေရပါသည်။ 
ဤကဲ့သို့ မိမိတို့၏ အခက်အခဲအကြပ်အတည်းများဖြင့်သာ လုံးပန်းနေရသဖြင့် မိသားစုများထံသို့ ငွေပို့နိုင် ရန်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ပါ။ အချိန်ကုန်၍လူပင်ပန်းမှုများသာဖြစ်နေကြရပါသည်။ သို့ဖြစ်ပါ၍
အလုပ်သမားများမှ ယင်းဒုက္ခများမခံစားနိုင်ပဲမခံမရပ်နိုင်သောကြောင့် အဆုံးတွင် အလုပ်သမားများ အားလုံးမှအထက်ပါအချက်များအား အသနားခံတောင်းခံခဲ့ကြပါသည်။
                   (17.2.2013) (Sun:) တွင် Aman စက်မှုဇုန်ရှိ အလုပ်သမားရုံး နှင့် CMJ စက်ရုံသို့ တိုင်ကြားစာပို့ခဲ့ပါသည်။ 
အလုပ်သမားရုံးသို့တိုင်ကြားစာ သွားရောက်ပို့ရာတွင် အကြီးအကဲနှင့်မတွေ့ခဲ့ရပဲ ရုံးတာဝန်ခံ (ဤနိုင်ငံ သား) ၏ပြောကြားမှုများဟုဆိုကာ မြန်မာတာဝန်ခံ ဦးရဲထွန်းမှစကားပြန်ပေးခဲ့ပါသည်။ ( '' မင်းတို့ ခုလိုတောင်းဆိုချင်ရင် ဒီအလုပ်သမားရုံးနဲ့ မင်းတို့ အခုအလုပ်လုပ်နေ တဲ့ စက်ရုံကို (၁၄) ရက်ကြိုတင် အကြောင်းကြားပြီးတင်မှ တရားဝင်တယ်။ 
ဒီတော့အခု မင်းတို့က (၁၄) ရက်ကြိုတင်အကြောင်းမကြားပဲ ဒီလို လုပ်တဲ့အတွက် တရားမ၀င်တာကြောင့် မင်းတို့ကိုတရားစွဲပြီးဒဏ်ကြေးပေးဆောင်ခိုင်းလို့ရ တယ်။ ဒါကြောင့် အလုပ်ပြန်ဆင်းပါ ၊ မဆင်းရင် ပထမဆုံး ရက်ကို JD ၅၀ ဖြတ်မယ်။ နောက်ရက်တွေထပ်ပျက်ရင် တစ်ရက်ကို JD ၅ ကျပ်နှုန်းနဲ့ဖြတ် သွားလိမ့်မယ် '' ) ယင်းမှာ ဦးရဲထွန်း၏ စကားပြန်ပြောကြားချက်ဖြစ်ပါသည်။
                  နောက်တစ်ရက် (19.2.2013) (Tue:) တွင် အဆောင်၌ အထက်ပါသတိပေးစာလာ ကပ်ထားပါသည်။ အလုပ်သမားများ၏လစာရငွေမှာ ဒေါ်လာဖြစ်ပြီး ဖြတ်မည့်ငွေ မှာ JD ဟုဆိုသဖြင့် မတရားမှုမှာသိသာလှပါသည်။ 
အမှန်တွင် လစာရ သင့်သည်မှာ JDဖြစ်ပြီး ဒေါ်လာနှင့်နှိမ်ပေးခြင်းဖြစ်ပါသည်။
                  
ယင်းကိစ္စနှင့် ပတ်သတ်၍ မြန်မာလူမျိုးတို့၏ တာဝန်ခံဖြစ်သူ မြန်မာပြည်ပေါက် မွတ်စလင်လူမျိုး ဦးရဲထွန်းမှ company ပိုင်ရှင်သူဌေးနှင့် တွေ့ဆုံဆွေးနွေးပေးမည်ဟုဆိုကာ ခေါ်ဆိုသဖြင့် (25.2.2013) (Mon:) နေ့လည် 2:00 တွင် အစည်းအဝေးခန်းမသို့ အလုပ်သမား ၂၀ ကျော်မှ အလုပ်သမားများ၏ ကိုယ်စားသွားရောက်ခဲ့ပါသည်။
ဂျော်ဒန်နိုင်ငံအလုပ်သမားရုံးမှ တာဝန်ရှိသူ (၂)ဦး အရင် လာရောက်ခဲ့ရာ အလုပ်သမားများမှ မှတ်တမ်း တင် ဗွီဒီယို၊ဓါတ်ပုံရိုက်သောအခါတွင် လုံးဝလက်မခံပဲ ခါးသီးစွာငြင်းပယ်ခဲ့ပါသည်။ အစည်းအဝေး လာ 
ရောက်သူများမှာ ယောင်္ကျားလေးများဖြစ်သည်ကိုအကြောင်းပြ၍ မိန်းကလေး (၅) ဦး အားခေါ်ဆောင် ခိုင်းကာ အချိန်ဆွဲပြီး အစည်းအဝေးကိုခေတ္တရပ်ဆိုင်းထားပါသည်။ 
မိန်းကလေးများရောက်လာသော်လည်း ''သူဌေးက ၄င်း၏အလုပ်မပြီးသေးသဖြင့် ခဏစောင့်ပါ''ဟု ဦးရဲထွန်းနှင့် အားဝေ ဆိုသော စကားပြန်တစ်ယောက်ကပြောခဲ့ပါတယ်။
                  ထိုသို့စောင့်နေစဉ်တွင် အဆောင်မှကျန်ရှိနေခဲ့သောမိန်းကလေးတစ်ဦး အား ခေါ်ဆောင်လာ ခဲ့ ပါသည်။ ယင်းမိန်းကလေးမှာ မည်သည့်အကြောင်းကြောင့်ခေါ်လာမှန်းမသိပဲ အထက်လူကြီး မှခေါ် သဖြင့် လိုက်လာခဲ့ခြင်းသာဖြစ်ပါသည်။ 
အမှန်မှာ ဦးရဲထွန်း မှ ၄င်းတို့၏လူအဖြစ်ခေါ်ဆောင်လာခြင်းသာဖြစ်ပြီး အလုပ်သမားအချင်းချင်း သူ့ဘက်ကိုယ့်ဘက် သူ့လူကိုယ့်လူ ဤသို့ဖြစ်ကာ သွေးကွဲစေရန် လိမ်ညာမှုတစ်ခုသာဖြစ်ပါသည်။  
အလုပ်သမားများမှ ၂နာရီ စမည့်အစည်းအဝေးကို ၄နာရီအထိ စောင့်ဆိုင်းခဲ့သော် လည်း ဤသို့ အချိန်များဆွဲ ၊ သူဌေးလည်းရောက်မလာ ၊ ဦးရဲထွန်းမှလည်း မူမမှန်သော အပြုအမူ လုပ်ဆောင်မှု များကြောင့် မယုံသင်္ကာဖြစ်ကာ ဆက်လက်မစောင့်ဆိုင်းတော့ပဲပြန်လာခဲ့ကြပါတယ်။
ထိုအချိန်မှစ၍ မြန်မာတာဝန်ခံ ဦးရဲထွန်း ကို ယနေ့အချိန်ထိ မတွေ့ရတော့ပဲ ပုန်းရှောင်နေပါသည်။
                    (27.2.2013) (Wed:) နေ့လည် 12:00 အချိန်တွင် သူဌေးနှင့်တွေ့ပေးမည်ဟု အေးဂျင့် ကိုစိုင်း မှ ချိန်းဆိုသဖြင့် အဆောင်အောက်တွင်အလုပ်သမားများမှစောင့်ဆိုင်းနေစဉ် CMJ စက်ရုံမှ လွှတ် လိုက် သည်ဟုဆိုကာ ဤနိုင်ငံမှရဲများရောက်လာပါသည်။ ဤသည်မှာ တဖက်လှည့်ဖြင့် အလုပ်သမားများ ထိတ်လန့်ဆူပူပြီး အပြစ်ဖြစ်အောင်လုပ်ခြင်းဖြစ်ပါသည်။
                   အေးဂျင့် ကိုစိုင်းမှ အလုပ်သမားများအားမခေါ်ပဲ '' CMJ စက်ရုံသို့သွားရောက်ကာ သူဌေးနှင့်တွေ့ခဲ့ပြီးပြီ။ သူဌေးက အလုပ်သမားများအားအလုပ်ပြန်ဆင်းရန်နှင့် မဆင်းပါက မည်သို့မျှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ် ''ဟုဆိုသည့် ၄င်း၏နှုတ်ထွက်စကား ကိုသာကြားခဲ့ကြရပါ သည်။
အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးမှလူကြီးများအား တင်ပြအကုညီတောင်ခံရာတွင်လည်း (အစ္စရေးနိုင်ငံနဲ့  အာရပ်နိုင်ငံရဲ့ သံတမာန် ဆက်ဆံရေးကလဲ သိပ်အဆင်ပြေလှတာ မဟုတ်ဘူး။ အဲဒီတော့ကဂျော်ဒန်နိုင်ငံ ကိုလာဖို့ ကသိပ်မလွယ်လှဘူး၊ စိတ်ရတဲ့ အခါမှသာလိုင်းဖွင့်ပေးလို့ ဖုန်းဆက်လို့  ရတာ။ ငါတို့ တွေကလဲ ဒီ ကနေဖုန်းနဲ့ လှမ်းပြီးတက်နိုင်သလောက်မေတ္တာရပ်ခံပေးမှာပါ။ မင်းတို့ အနေနဲ့ လည်း သူများ နိုင်ငံမှာ ဆိုတော့ ကာ သူတို့ ခြံ၊ သူတို့ အိမ်၊ သူတို့ ပိုင်နက်ထဲမှာနေရတာ၊ လုပ်လို့ မရဘူးမထင်နဲ့ နောက်ဆုံး သူတို့ အနေ နဲ့ မောင်ဖြူပြန်၊ မောင်မဲပြန် ဆိုပြီး ခေါင်းခေါက်ပြီး ပြန်လွှတ်လို့  ရတယ်)လို့ သံရုံးမှ သံအမတ်ကြီး မှပြောပြသွါးပါတယ်။
 ( ပြဿနာဖြစ်ချိန်ကာလ(၁၄.၂.၂၀၁၃)မှစ၍ ယနေ့ (၁.၃.၂၀၁၃) အချိန်ကာလထိ သူဌေးဆိုသူနှင့် တိုက်ရိုက်တွေ့ဆုံပေးခြင်းမရှိပဲ ဦးရဲထွန်း ၊ အေးဂျင့် ကိုစိုင်း တို့၏ လိမ်ညာမှုများဖြင့်သာ အချိန်ဆွဲ လှည့်စားခံနေကြရပါသည်။ 
မည်သူ့ထံမျှလည်း ယခုအချိန်ထိ အကူအညီရရှိခြင်းမရှိသေးပါဘူးခင်ဗျာ။ထိုကဲ့ သို့ သော် အခက်အခဲ များအား ကူညီဖြေရှင်းပေးပါရန် အသနားခံတောင်းဆိုလိုက်ရပါသည်ခင်ဗျာ။)
                   

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ

ဆန္ဒပြ မြန်မာအလုပ်သမားများ တိုင်းတပါး ဂျော်ဒန်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ ရုပ်/သံ ဖိုင်ပါ။ 

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved