ရန်ကုန်အတွက် KFC ကြက်ကြော်

Saturday, March 2, 2013

ရန်ကုန်မြို့ နဝဒေးလမ်းမှာ KFC ကြက်ကြော်ဆိုင် ဖွင့်မလိုလို ဘာလိုလို ကြားပါတယ်။
နဝဒေးလမ်းကို လန်ကစ္စတာလမ်း လို့ ခေါ်ပါတယ်။ အထက ၁ ဒဂုံ ကျောင်းနားကလမ်းပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဲဒီဆိုင်မြင်ကွင်းကို ဓာတ်ပုံ မှတ်တမ်းတင်တော့ ဆိုင် ဆိုင်းဘုတ်ကို ဖုံးကွယ်ထားတာ တွေ့ရပါတယ်။

ဆိုင်က အဲဒီလမ်းထဲက ကုံးထက် ကြက်ဆီထမင်းဆိုင်နဲ့ ကပ်လျက်ပါပဲ။

ကမ္ဘာကျော် KFC ဆိုင်ခွဲ မြန်မာပြည်မှာ ပထမဆုံး ဖွင့်တော့မှာလား?
အများကြီး ဖြစ်နိုင်ချေရှိပါတယ်။
ရန်ကုန်မြို့အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာမှာလည်း ဒီဆိုင်ဓာတ်ပုံ တင်ထားပြီး-
KFC ဆိုင် ရန်ကုန်ရောက်နေပြီလား (A KFC restaurant in Yangon???) လို့ မေးခွန်းထုတ်ထားပါတယ်။ဆိုင်တံခါး ပိတ်ထားတော့ ဆိုင်ရှင် သို့မဟုတ် ဆိုင်ဝန်ထမ်းတွေကို ဆက်သွယ်မေးမြန်းဖို့ မဖြစ်နိုင်ပါ။

KFC ကြက်ကြော်က ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။
နိုင်ငံတကာ KFC ဆိုင်တွေမှာ ကြက်ကြော် အဓိက ရောင်းပါတယ်။
ထိုင်းက
KFC  ဆိုင်ခွဲတွေထဲ ဝင်ကြည့်ရင် ဘာဂါ၊ ထမင်း တို့နဲ့လည်း တွဲရောင်းတာ တွေ့ရမှာပါ။

fast food  လို့ ခေါ်တဲ့ ကပျာကယာ အစားအစာ တမျိုး ဖြစ်တာနဲ့အညီ
KFC ကြက်ကြော်ကို လူတွေ နှစ်သက်အောင် စီမံထားပါတယ်။

KFC (Kentucky Fried Chicken) ကြက်ကြော်ဆိုင်တွေက နိုင်ငံပေါင်း တရာကျော်မှာ ဆိုင်ခွဲတွေ ရောက်နေပါပြီ။

တရုတ်ပြည်မှာတော့ ဆိုင်ခွဲတွေ လေးထောင်ထက် မနည်း ရှိနေတယ် လို့ သတင်းတွေက ဆိုပါတယ်။
မကြာသေးခင်လပိုင်းအတွင်း  တရုတ်ပြည် KFC ဆိုင်အများအပြားကိုသွင်းတဲ့ ကြက်တွေမှာ ပဋိဇီဝဆေး လိုအပ်တာထက် ပိုများနေတာကို စစ်ဆေးတွေ့ရှိရကြောင်း အစိုးရရုပ်သံက ကြေညာပါတယ်။ ရလဒ်ကတော့ KFC ကြက်ကြော် အရောင်းကျသွားတာပါပဲ။ ခုတော့ နာမည်ကောင်း ပြန်ရဖို့ ကြိုးစားနေပါတယ် လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
နာမည်ရပြီးသား ဆိုတော့ ရောင်းအား ပုံမှန် ပြန်ဖြစ်လာဖွယ်ရှိပါတယ်။

fast food  လို့ ခေါ်တဲ့ ကပျာကယာ အစားအစာတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆို သိပေမယ့်လည်း စားလို့လည်းကောင်း၊ နာမည်လည်းကြီးတာကြောင့် ထိုင်းက KFC ဆိုင်တွေမှာတော့ အမှန်တကယ် စားသုံးသူတွေနဲ့ စည်ကားနေတတ်ပါတယ်။

အခုတော့ ရန်ကုန်ကိုလည်း KFC ဆိုင်းဘုတ်တော့ ရောက်နေပါပြီ။ မကြာခင် အမေရိကန်ကြက်ကြော်တွေ ရောက်လာတော့မယ်လို့ ယူဆရပါတယ်။

(ဓာတ်ပုံ - ဘလော်ဂါရွက်စိမ်း)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved