ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသည့် မိတ္ထီလာမြို့ပုံရိပ်များကို ဧရာဝတီ သတင်းထောက် မန်းသားလေးက ရေးဖွဲ့ထားသည်။

“အူ…..အူ…..၀ူ….”
သွေးပျက်ခြောက်ခြားစရာကောင်းသော ခွေးအူသံနှင့်အတူ မြို့၏ တဖက်စွန်းတွင် ထိတ်လန့်စရာ အဖြစ်ပျက်တို့သည် ကြက်သီးထဖွယ်ရာ ကြုံတွေ့နေကြရသည်။
ညနေရောက်ပြီ ဆိုလျှင် သံရှည်ဆွဲအော်နေသော ခွေးအူသံများက မိတ္ထီလာမြို့သူ၊ မြို့သားများကို ပိုမို သွေးပျက်စေသည်။
တချက် တချက် ငေါက်ခနဲ ထပျံတတ်ကြသော ကျီးအုပ်ကလည်း တစုံတခုကို ထိတ်လန့်နေဟန် ရှိလေ၏။
တိတ်ဆိတ်သော ညပိုင်းတွင် မိတ္ထီလာမြို့၌ မီးတောက်တို့က ဟိုတစ ဒီတစ ဟုန်းဟုန်းတောက် လောင်ကျွမ်းလျက် ရှိနေသည်။
ငြှိမ်းသတ်သူ ကင်းမဲ့သော မီးလောင် အိမ်များမှ ကယ်ပါ ယူပါနှင့် ငယ်သံပါအောင် အော်ပြီး ထွက်ပြေးကြသူများ ဒုနှင့်ဒေး။
ကိုယ့်အထုပ်ကို နိုင်သလောက် ပိုက်သယ်ပြေးကြသော်လည်း အသက်က ပိုမိုအရေးကြီးနေသည့်အတွက် များများစားစား မသယ်နိုင်ကြ။
တချို့ကလည်း အထုပ်အပိုး မဆွဲဘဲ အသက်အန္တရာယ်ကို ကာကွယ်ရန် လက်ထဲတွင် တုတ်၊ ဓားနှင့် ပုဆိန်များကို ကိုင်ဆောင်ထားကြသည်။
သားသည်မိခင်များကတော့ ခေါင်းတွင် အထုပ်ရွက်ပြီး လက်တဖက်တချက်စီတွင် သားငယ်များကို ဆွဲခေါ်ဆောင်ကာ ပြေးကြလေ၏။
အပြေးမတတ်လျှင် ၄င်းတို့၏ အသက်က ဖက်တရွက်မျှလောက် တန်ဖိုးရှိမည် မဟုတ်။

ကားရှိသူများက ပစ္စည်းများကို ကားပေါ်တင်၊ မိသားစုလိုက် ပြေးကြသည်။ တချို့လည်း ဆိုင်ကယ်နှင့်။
သို့သော်လည်း လိုရာခရီးရောက်ဖို့အတွက် အသွားတော်သည့် လမ်းဖြစ်ဖို့ လိုသည်။ အသွားမတော်လျှင်တော့ ၄င်းတို့၏ အသက်သည် မြေကျရမည့်ကိန်းပင်။
မိတ္ထီလာမြို့သည် ခုတော့ သွေးပျက်ခြောက်ခြားစရာ သုသာန် တစပြင်ကြီး ဖြစ်နေလေပြီ။ မြင်မြင်သမျှတို့သည် အနိဋ္ဌာရုံနှင့် ကင်းလွတ်သည်ဟူ၍ မရှိ။
ကားလမ်းလယ်ခေါင်တွင် မီးရဲရဲတောက်လောင်နေသော ဆိုင်ကယ်၊ ကားတို့က ဟိုတစ။ သည်တစ။
လူသွားလမ်းတွင် လူသေအလောင်းများကို ဒေါသအလျောက် မီးရှို့ထားသည်မှာလည်း မြင်လို့ပင်မကောင်း။
တရဲရဲ အရှိန်အဟုန်နှင့် တောက်လောင်နေသော မီးတို့မှာ နေရာအနှံ့။
မီးသတ်ကားများမှာလည်း အရှေ့ မီးလောင်ပြင်ကို ငြှိမ်းသတ်နေစဉ် တခြား နေရာ အများအပြားတွင် မီးလောင်လျက် ရှိသည်။
မီးတို့သည် မိတ္ထီလာတမြို့လုံးကို ၀ါးမြိုနေလေပြီ။ မြို့ကို ပြာပုံအတိနှင့် အရုပ်ဆိုး အကျည်းတန်အောင် ဖန်တီးကြလေသည်။

မြို့အတွင်း သွားလေရာ နေရာများက မီးလောင်ညှော်နံ့တို့နှင့် လူကို အော့အန် ခေါင်းမူးစေသည်။
မျက်လုံး မျက်ဖန်တို့မှာ မီးခိုးတို့ကြောင့် ကျိန်းစပ်နေသည်။
တခါတရံ မီးကျွမ်းလောင်နေသောရုပ်အလောင်းများက ပြာပုံထဲမှ ကုန်းထနေဟန် တွေ့မြင်ရသည်။
အသားရေ တပြင်လုံး ကျွမ်းလောင်ထားသည့်အတွက် မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းနိုင်တော့မည်မဟုတ်။
လူသားအချင်းချင်း စာနာတရား ကင်းမဲ့မှု အောက်တွင် ဒေသခံ အများအပြား ဓားစာခံ ဖြစ်ခဲ့ရလေပြီ။
လမ်းသွားလမ်းလာတို့က ကျီးကန်းတောင်းမှောက်အကြည့်နှင့် တဦးကို တဦး သံသယ၀င်နေကြသည်။
လက်ထဲတွင် လူကို သေစေနိုင်သော ဓားရှည်များ၊ သံတုတ်များ၊ သွေးစွန်းနေသော ရဲဒင်းများကို ကိုင်ဆောင်ထားကြသေးသည်။
မြို့ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်တို့မှာလည်း လူစုလူဝေးကို မထိန်းသိမ်းနိုင်။
ခရိုင်ရဲရုံးရှေ့မှာပင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး ဆိုင်ကယ် ကားနှင့် လူသွားလူလာများကို အကြောင်းမဲ့ ရိုက်နှက်မှုများ ဖြစ်ပေါ်နေသည်။
မိတ္ထီလာမြို့တွင်းရှိ မြင်မြင်သမျှ ဆိုင်တန်းများမှာ အပျက်စီးများနှင့်။
ပိုက်ဆံရှိသော်လည်း ၀ယ်စားစရာ ဆိုင်များမရှိ။
သောက်စရာရေပင် ပြာမှုန်များနှင့်။
စေတနာပြည့်သူတို့ လာရောက်လှူဒါန်းသော ရေသန့်ဗူးများက ပြဿနာဖြစ်ပြီး ၂ရက်ကြာမှ ရောက်လာသည်။

စားစရာဆိုသည်မှာက ပြောဖွယ်ရာမရှိတော့။
အိုးအိမ်များ မီးလောင်သွားသော လူများမှာ အစားအစာ သောက်ရေထက် ကိုယ့်အသက်ကို ကာကွယ်ရန် ကြိုးပမ်းနေကြရသည်။
ကလေးငယ်များက ဆာလွန်းလို့ တငိုငိုနှင့်။
အသက်ကြီးသူများမှလည်း ဗိုက်နှိပ်ကာ ခွေလဲလျောင်းနေကြသည်။
လူလတ်ပိုင်းများမှာတော့ မျက်မှောင်ကြုတ်ပြီး ဆာနေသည့် ဒဏ်ကို အံတုခံကြသည်။

နို့တိုက်သည့် သားသည်မိခင်များကတော့ အစာ အဟာရ မရှိသည့်အတွက် နို့ပင် ကောင်းကောင်းမထွက်တော့။
ဆာလောင်မွတ်သိပ်သည့်ကလေးငယ်မှာ မထွက်သည့် နို့ကိုပင် အငမ်းမရ စို့နေရှာသည်။
စို့လေ မထွက်လေ..မထွက်လေ စို့လေနှင့်။ အားမရသည့်ထင်။ ကလေးငယ်မှာ ဗြဲခနဲ အော်ငိုလေသည်။
ကလေးငယ် ငိုလေ မိခင်မှာ ရင်ဆို့ဝမ်းနည်းစွာဖြင့် မျက်ရည်ကျရသည်။
ကျသည့်မျက်ရည်ကြားထဲမှ မျက်ဝန်းတို့သည် စိုးရိမ်ထိတ်လန့်စွာနှင့်။
မိတ္ထီလာဒေသခံတို့မှာ ၎င်းတို့ မျှော်မှန်းမထားသည့် ဤအဖြစ်အပျက်ဆိုးကြီးကို ထိတ်လန့် တုန်လှုပ်စွာ ဖြတ်သန်းနေကြရလေတော့သည်။
.
0 comments :
Post a Comment