Made in Thailand, မြန်မာ့တိုက်ကြက်

Wednesday, March 20, 2013


မြန်မာတစ်ယောက်နဲ့ ပြည်ကြီးတရုတ်တစ်ယောက် စကားပြောရင်းနဲ့ ငြင်းခုံနေကြတယ်။

သူတို့တိုင်းပြည်က တိုက်ကြက်တွေ ဘယ်လောက်ကောင်းကြောင်း
စကားနိုင်လုကြရင်းနဲ့ နောက်ဆုံး တိုက်ကြက်ချင်းယှဉ်ခွပ်ဖို့ထိ စိန်ခေါ်လိုက်ကြတယ်။

 ရှုံးတဲ့ကြက်ဘက်ကလူက တနှစ်ကျွန်ခံကြေး တဲ့။

ဒါပေမယ့် ကြက်ခြင်းတိုက်ကြမှာက ခုချက်ခြင်းမဟုတ်ဘူး၊ နောက် ၅ နှစ်နေမှ တိုက်မှာ...

ဘာလို့လဲဆိုတော့ မိမိတို့ရဲ့ ကြက်တွေကို စိတ်ကြိုက်မွေးမြူပြီး အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးကြဖို့ ၅ နှစ် အချိန်ယူလိုက်တာလေ။

အဲ...၅ နှစ်လည်းပြည့်ရော... ...
တရုတ်ကြက်နဲ့ မြန်မာကြက် ခွပ်လက်ဆုံကြပြီခင်ဗျ..

တရုတ်ကြက်က အကောင်နည်းနည်းသေးပေမယ့် သွက်လက်ဖြတ်လတ်ဟန်ရှိတယ်။

 မြန်မာကြက်ကတော့ ကိုယ်လုံးကိုယ်ထည်ကြီးပြီး ထုံထိုင်းထိုင်းပုံ ထွက်နေတယ်။
 စ, လွတ်ပါပြီဆိုကတည်းက မြန်မာကြက်က ကွင်းလည်မှာ ငိုက်နေပါလေရော၊

ဒါပေမယ့် ကိုရွှေမြန်မာက မပူဘူး...အေးဆေးဘဲ သူ့ကြက်အခြေအနေကို ကြည့်နေတယ်။
  လျောင်ကီးတို့ရဲ့ ကြက်ကတော့ အတက်လေးတပြပြ အတောင်ပံလေး တမမနဲ့...

ကွင်းထဲဝင်လာပြီဆိုကတည်းက မြန်မာကြက်ကို ပြေးပြေးပြီး ခွပ်နေလိုက်တာ ခြေထောက်မှာ စက်တပ်ထားလားမှတ်ရတယ်...

အတောင်ပံခတ်သံကလည်း တဖျန်းဖျန်းနဲ့... ပြင်းမှပြင်း
ရန်သူကို ဘေးကတမျိုး၊ ရှေ့ကတဖုံ၊ နောက်ကတသွယ် ပယ်ပယ်နယ်နယ်ကို တီးနေလိုက်တာများ တရုတ်ကြက်ဘက်က အားပေးသူတွေရဲ့အော်သံ ဝက်ဝက်ကိုညံနေရော... ...
မြန်မာကြက်ကတော့ ဘာမှပြန်မလုပ်ဘူးခင်ဗျ။

အခွပ်ခံရလို့ တခါတခါ နဲနဲနာသွားရင် မျက်လုံးလေးတဖက်ဖွင့်ကြည့်ပြီး ပြန်အိပ်သွားတယ်။

အဲလို...ခွပ်ရင်းခွပ်ရင်းနဲ့ ကြာလာတော့ တရုတ်ကြက် သက်လုံကျလာတယ်.. သိပ်မကြာခင်မှာဘဲ တော်တော်လေးအမောဖောက်လာပြီး မြန်မာကြက်ရဲ့ အတောင်ပံကြား ခေါင်းထိုးပြီး နားနေပါလေရော...

ကံဆိုးချင်တော့ သူ့ဟာသူခွပ်ရင်းနဲ့ သူ့ခြေထောက်မှာ၊ ခေါင်းမှာ၊ ကိုယ်လုံးမှာ ထိခိုက်မိပြီး သွေးစသွေးန နဲနဲထွက်နေတာကိုး...

သွေးညှီနံ့လဲရရော မြန်မာကြက် ခေါင်းထောင်လာတယ်...ဘေးဘီဝဲယာ လှည့်ပတ်ရှာလိုက်တော့ သွေးညှီနံ့က သူ့အတောင်ပံကြား ခေါင်းလျှိုနေတဲ့
တရုတ်ကြက်ဆီက လာတာကိုး ...
ဘာမှပြောမနေဘူး... တရုတ်ကြက်ရဲ့ခေါင်းကို ဖမ်းပြီး ဆိတ်လိုက်တာ တစ်ချက်ထဲနဲ့ ကိစ္စပြတ်ပါလေရော…

မြန်မာပရိတ်သတ်တွေရဲ့ အော်သံ စီကနဲ ထွက်လာတယ်...၊

“ဝေး...ဟေး...ဟေး... ...”

မြန်မာကြက်ပိုင်ရှင်ကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့။

ခဏနေတော့ ရှုံးတဲ့ကြက်ရှင် မောင်တရုတ်တစ်ယောက် မြန်မာကြက်ရှင်ရဲ့ရှေ့  မျက်နှာငယ်လေးနဲ့ ရောက်လို့လာတယ်။
 ပြီးတော့ ဇဝေဇဝါမျက်နှာလေးနဲ့ မေးတယ်.. ...

"ငါတော့ နားကိုမလည်တော့ဘူးကွာ၊ မရှုမလှရှုံးမဲ့သာရှုံးတာ ငါ့ကြက်က နယ်နယ်ရရ ကြက်မဟုတ်ဘူး၊
အိန္ဒိယ စစ်တကောင်းနယ်ဘက်က အရက်စက်ဆုံး အကြမ်းတမ်းဆုံး တိုက်ကြက်ဖနဲ့ မွန်ဂိုလီယားကြက်မကို မျိုးစပ်ပြီး ပြည်မကြီးကဓါတ်ခွဲခန်းမှာ  အကောင်းဆုံး စမ်းသပ်မွေးမြူခဲ့တာ
၊ ဒီ ၅ နှစ်အတွင်း တရုတ်ပြည်မှာတော့ သူ့ကိုနိုင်တဲ့ကြက် တစ်ကောင်မှ မရှိတော့ဘူး၊
မင်းတို့ကြက်ကိုရော ဘယ်လိုများမွေးမြူခဲ့ပြီး ဘယ်လောက်တောင်လေ့ကျင့်ပေးခဲ့ရသလဲ"

ဒီတော့ မြန်မာကြက်ပိုင်ရှင်က ပြန်ဖြေတယ်... ...

"လဒ တစ်ကောင်ဖမ်းပြီး တိုက်ကြက်ဖနဲ့တူအောင် ယိုးဒယားမှာ ပလပ်စတစ်ဆာဂျရီ သွားလုပ်လိုက်တာ ၂ ရက်ပဲ ကြာတယ်"...တဲ့။

အားလုံးနည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ… 

သန်၎ကို

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved