စဉ်းစားဖို့လိုတဲ့ ဘ၀နေထိုင်မှုပုံစံ

Wednesday, April 3, 2013

မန်ကျည်းလွင်ပြင်မှာ တွေ့ရတဲ့ ရွှံ့အိမ်တွေပါ

ရွှံ့နဲ့ဆောက်ထားတဲ့ အိမ်သာ

မန်ကျည်းလွင်ပြင်မှာ တွေ့ရတဲ့ ရွှံ့အိမ်တွေပါ

ရွှံ့နဲ့စပါးခွံကိုရောပြီး ခြေနဲ့နင်းနေကြပုံ

ရွှံ့အုတ်လုပ်တဲ့ပုံစံခွက်

သဘ၀အတိုင်း စိုက်ပျိုးထားတဲ့ စိုက်ခင်း

ရွှံ့အိမ်နံရံမှာ ကျွန်းသစ်တုံးတတုံးကို မြှုပ်ပြီး အလှဆင်ထားပုံ

ရွှံ့အိမ်ဆောက်နည်း လာရောက်သင်ယူသူတွေ ကိုယ်တိုင် လက်တွေ့ဆောင်ရွက်နေပုံ

ရွှံ့အိမ်ဆောက်နည်း သင်ကြားပေးတဲ့ ကိုသက်နိုင်

ဒီကနေ့ခေတ် ဘ၀နေထိုင်မှုပုံစံကိုကြည့်ရင် နေ့စဉ် ကုန်ပစ္စည်းအသစ်တွေကို သုံးစွဲဖို့ ကြိုးစားနေကြရတာမျိုးပါ။ အဲဒီအတွက် ငွေကြေးတွေ၊ အချိန်တွေလည်း ရင်းနှီးရပါတယ်။ကားစီးနိုင်တဲ့သူက နောက်ထပ် မော်ဒယ်အသစ် ကားအမျိုးစားကို ပြောင်းစီးချင်တယ်။ လက်ကိုင်ဖုန်း ပြောသူတွေလည်း ခေတ်နောက်မကျအောင်လို့ နောက်ဆုံးပေါ် ဖုန်းအမျိုးအစားကို ၀ယ်ယူသုံးစွဲဖို့ ကြိုးစားကြပါတယ်။

ဈေးကွက်စီးပွားရေးစနစ်က လူတွေကို မောင်းနှင်းနေတယ်။ လူတွေအတွက် အခြေခံ လိုအပ်ချက်ထက် ပိုပြီး လိုချင်အောင်လုပ်တယ်။ လူဆိုတာက လောဘရှိတယ်။ တခုပြီးတခု လိုချင်နေတာမျိုး၊ ကိုယ့်မှာရှိတဲ့ အရာထက် တခြားအရာတွေက ပိုပြီးကောင်းနေတယ်လို့ ထင်တတ်တာမျိုးဆိုတော့ ကုန်ပစ္စည်းအသစ်တွေကို ၀ယ်ယူ သုံးစွဲဖို့ အမြဲကြိုးစား နေကြတာ မဟုတ်လား ?

ဒါပေမဲ့ ဒီလို လူမှုပုံစံတွေကနေ ပြောင်းလဲ ပြီးရိုးရှင်းတဲ့ ဘ၀ပုံစံနဲ့ နေထိုင်သူတွေလည်း ရှိပါတယ်။ မှော်ဘီမြို့၊ ၀ါးနက်ချောင်း ကျေးရွာအုပ်စုအတွင်းက ရေတာရှည်ရွာ (အရပ်အခေါ် ကျွဲကော်ခြံ) မှာ ၁၀ ဧကလောက် ကျယ်ဝန်းတဲ့ခြံတခု ရှိပါတယ်။ အဲဒီခြံထဲမှာရှိတဲ့ လူတွေကတော့ မြို့ပြရဲ့ မွန်းကျပ်မှုတွေက ကင်းလွတ်ပါတယ်။ အဲဒီခြံကို မန်ကျည်း လွင်ပြင်လို့ နာမည်ပေးထားပါတယ်။
ဒီခြံထဲမှာ နေထိုင်သူတွေရဲ့ မျက်နှာတွေက ပကတိအေးချမ်းပါတယ်။ ဒီနေရာလေးကို အလင်းအိမ် မီဒီယာက ပိုင်တာဖြစ်ပါတယ်။ အဲဒီနေရာမှာ စားသုံးသူ အခွင့်အရေးနဲ့ဆိုင်တဲ့ သင်တန်းတွေ၊ သဘာဝကို အခြေခံပြီး လက်တွေ့သင်ကြားတဲ့ ပညာရေးပုံစံတွေကို ဆောက်ရွက်ကြပါတယ်။

ထူခြားတာက ခြံထဲမှာရှိတဲ့ အိမ်တွေအကုန်လုံးက ရွှံ့နဲ့ဆောက်လုပ်ထားတဲ့ အိမ်တွေဖြစ်တာတွေ့ ရပါတယ်။ ဒီအိမ် အမျိုးအစားက ကုန်ကျစရိတ် သက်သာတယ်၊ ကျန်းမားရေးနဲ့ ကိုက်ညီတယ်၊ဘယ်သူမဆို အလွယ်တကူ ဆောက်လုပ်နိုင်တယ်ဆိုတဲ့ အားသာချက်တွေရှိပါတယ်၊ ဒီလို အိမ်မျိုးတွေဆောက်ပြီး နေချင်သူတွေ အတွက်လည်း မန်ကျည်းလွင်ပြင်မှာရှိတဲ့ လူတွေက နည်းပေးလမ်းပြ ဆောင်ရွက်ပေးနေပါတယ်။
ရွှံ့အိမ်ဆောက်ဖို့အတွက် အရင်ဦးဆုံး ရွှံ့အုတ် လုပ်ရပါတယ်။ ရွှံ့မြေ ၂ ဆကို စပါးခွံ ၁ ဆနဲ့ရောပြီး ခြေနဲ့နင်းရပါတယ်။ နာရီဝက်လောက် နင်းပြီးရင် ပုံစံခွက်ထဲ ထည့်ပြီး နေပူလှန်းရင် အိမ်ဆောက်ဖို့အတွက် ရွှံ့အုတ်ရပါပြီ။ အိမ်ဆောက်ဖို့အတွက် အောက်ခြေ ဖောင်ဒေးရှင်းကိုတော့ သာမန်အုတ်တွေကိုပဲ အသုံးပြုပါတယ်။ အဲဒီအပေါ်ကနေ ရွှံ့အုတ်တွေကို စီပြီးဆောက်တာပါ။ ပုံစံကိုတော့ ကိုယ်လိုချင်တဲ့ပုံစံ စိတ်ကြိုက်ဆောက်လို့ရပါတယ်။ ကုန်ကျစရိတ်ကလည်း ကိုယ်ဆောက်မယ့်အိမ်ရဲ့ အရွယ်အစားပေါ်မှာပဲ မှုတည်ပါတယ်။ ဒီအိမ်တွေရဲ့ အပူအချိန်က အတွင်းနဲ့အပြင် ၂ ဒီဂရီ ကွာပါတယ်။ ဒါကြောင့်မို့ အပြင်မှာ ပူနေပေမယ့် အိမ်ထဲမှာတော့ အေးအေးလူလူ နေနိုင်ပါတယ်။

မကျည်းလွင်ပြင်က တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသက်နိုင်က “ဒီနေရာမှာ လာနေတာက မြို့ပေါ်မှာ မ၀ယ်နိုင်တာရယ်၊ မနေချင်တော့တာရယ်ကြောင့်ပါ” လို့ ပြောပါတယ်။ မြို့ပြမှာ မရနိုင်တဲ့ အေးချမ်းဆိတ်ငြိမ်မှုကလည်း ဒီနေရာမျိုးမှာပဲ ရတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
    ခြံထဲမှာ သဘာဝမြေသြေဇာကိုပဲ အသုံးပြုပြီး စိုက်ထားတဲ့ သီးနှံတွေကိုလည်း တွေ့ရပါသေးတယ်။ အခုခေတ် စားသောက်ကုန်တွေက လူတွေရဲ့ကျန်းမားရေးကို ထည့်တွက်တာမျိုး မဟုတ်ဘဲ ဈေးကွက်မှာ အသာစီးရဖို့ကို ဦးစားပေး နေရတာကြောင့် စားသောက်ကုန်တွေကို စားသုံးနေကြသူတွေဟာ ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာပါတယ်။ ဒီအတွက် ကိုယ်တိုင် စိုက်ပျိုးပြီး စားသောက်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ ခြံမှတာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှံ့အိမ်ဆောက်တဲ့ နည်းလမ်းကို ဝေငှပေးနေသူတဦးဖြစ်တဲ့ ကိုသက်နိုင်ဟာ သူလက်ခံထားတဲ့ ဘ၀နေထိုင်မှုပုံစံကို ရှင်းပြပါတယ်။

“လူတယောက်အတွက် စားဝတ်နေရေးဟာ အရေးကြီးပါတယ်။ နေဖို့အတွက် ရွှံ့အိမ်ဆောက်တတ်ရင် ဖြစ်တယ်။ စားဖို့အတွက် အပင်တွေ စိုက်တက်ရင် ဖြစ်တယ်။ ၀တ်ဖို့လည်း အ၀တ်ဟောင်း နှစ်စုံလောက်ရှိရင်ကို လုံလောက်ပါတယ်” လို့ ပြောပါတယ်။

ရွာသားတွေအားလုံး ဟမ်းဖုန်းကိုင်နိုင်တာ တခုတည်းနဲ့ ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှု မဟုတ်ပါဘူး။ လူတွေက ခေါက်ရိုးကျိုးနေတဲ့ ရှင်သန်မှုတွေထဲမှာပဲ အလွယ်တကူ အပင်ပမ်းခံနေကြတယ်။ ကိုယ်နေထိုင်တဲ့ ဘ၀ပုံစံက ကိုယ်တိုင် ရွေးချယ်ထားတဲ့အရာ ဟုတ်ရဲ့လား၊ စနစ်တွေ၊ ဖြားယောင်မှုတွေ အောက်မှာပဲ ရုန်းကန်နေရတာလား ဆိုတာကို သေချာစဉ်းစားဖို့ လိုနေပြီးဆိုတာကို မန်ကျည်းလွင်ပြင်ဆိုတဲ့ နေရာလေးက စဉ်းစားခိုင်းနေသလိုပါပဲ။

ရွက်စိမ်း

1 comments :

  1. Anonymous said... :

    ဘယ်သူတွေလာနေလို့ရပါသလဲ ဝယ်ရပါသလား ဘာတွေလိုအပ်ပါသလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved