ပြည်တော်မြင့်ရဲ့ ရဲဘော်မောင်မောင်ကြီး

Saturday, April 27, 2013

ထိုင်း-မြန်မာနယ်စပ်မှာ ၁၉၈၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ပြီး တောင်လှန်ရေးနယ်ပယ်နဲ့ မဟာမိတ်တွေအကြားမှာ လူချစ်လူခင် များပြားခဲ့တဲ့ ရဲဘော်မောင်မောင်ကြီးတယောက် မဲဆောက်ဆေးရုံကြီးမှာ ကြာသပတေးနေ့ နံနက်ပိုင်းက ကွယ်လွန်သွားပါတယ်။

လုပ်သားကောလိပ်ကနေ ၁၉၈၈ ခုနှစ်အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှာ အောက်ခြေကနေ အဆင့်ဆင့် တက်လာပြီး စစ်ရုံးချုပ်ရုံးအုပ်ကြီး၊ ဗဟိုကော်မတီဝင် တာဝန်တွေကို ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။
ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု NDD မှာတော့ ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ် ၂၀၀၁ ခုနှစ်ကနေ ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူ့သဘောထားကတော့ တတိယနိုင်ငံထွက်ဖို့ ဆန္ဒမရှိဘဲ မကြာခင် အမိမြေပြန်ရဖို့ မျှော်လင့်နေတဲ့သူဖြစ်သလို မကြာမီကာလတခုအတွင်း  မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီစနစ် မဖြစ်မနေ ပေါ်ထွန်းလာမယ်လို့ ယုံကြည်ခဲ့သူတယောက်ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ကနေ နယ်စပ်တော်လှန်ရေးဒေသ သူ့ရဲ့ နောက်ဆုံးအချိန်ထိ တော်လှန်ရေးအပေါ်သစ္စာခိုင်မြဲခဲ့တဲ့သူ့ကို မဲဆောက်မြို့လယ်မှာရှိတဲ့ ကျောင်းကြီးဘုန်းတော်ကြီးကျောင်းမှာထားရှိပြီး ဒီနေ့ စနေနေ့မှာ မဲဆောက်မြို့မှာပဲ မီးသဂြိုလ်မှာဖြစ်ပါတယ်။

မဲဆောက်မြို့မှာနှစ်ပေါင်း ၄၅ ကြာသီတင်းသုံနေထိုင်ခဲ့တဲ့ မြန်မာဘုန်းတော်ကြီးတပါးက ...
”ဘုန်းကြီးတို့ ဦးနုပြည်ချစ်ပါတီခေတ်ကစလို့ ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာတော်လှန်ရေးသမားအထောင်အသောင်းကိုတွေ့ခဲ့ဖူးပါတယ်။
တောင်လှန်ရေးအပေါ်မှာ သီလခိုင်မြဲတဲ့လူရှိသလို သီလ မခိုင်မြဲတဲ့လူတွေလည်း ဒုနဲ့ဒေးပါ။
သေချာတာကတော်လှန်ရေးသမားတိုင်း လူကောင်းလို့တော့ ဆိုလို့မရဘူး။ ဒါမျိုးဆိုတာက လူတွေက ဆုံးဖြတ်တာဖြစ်တယ်”လို့မိန့်ကြားပါတယ်။

ထိုင်း-မြန်မာနယ်စပ်နဲ့တော်လှန်ရေးဒေသတွေမှာ ပညာရေး၊ လူမှုရေးတာဝန်တွေကို စေတနာ့ဝန်ထမ်းရွက်ခဲ့တဲ့သူက ဗမာတွေအပြင် တိုင်းရင်းသားအဖွဲ့အစည်းတွေကဆီက ချစ်ချင်းမေတ္တာတွေကိုရရှိထားတဲ့သူပါ။  သူကွယ်လွန်မှုအတွက် အားလုံးကစိတ်မကောင်းဖြစ်ကြပြီး   လူသားတန်ဘိုးရှိတဲ့သူလို့မှတ်ချက်ပေးကြပါတယ်။

အသက် ၅၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ရဲဘော်မောင်မောင်ကြီးမှာ ဇနီးသည် နော်လေးဒီ၊ သားစောရန်နိုင်နဲ့ စောဇင်မင်းတို့ ကျန်ရစ်ခဲ့ပါတယ်။

ရဲဘော်မောင်မောင်ကြီးနဲ့ပတ်သက်ပြီး အမှတ်တရဖြစ်စရာတခုကတော့ ထိုးစစ်ကြီးတခုကြောင့် မဟာမိတ်အဖွဲ့တွေ  လွတ်မြောက်နယ်မြေ မာနယ်ပလောဌာနချုပ်ကနေ ထိုင်းဘက်ခြမ်းကို စက်လှေတွေနဲ့ကူးပြီး ဆုတ်ခွာကြစဉ်ကဖြစ်ပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေက သူတို့ရဲ့ အရေးကြီးပစ္စည်းတွေကို ဦးစားပေးသယ်ယူကြပါတယ်။  ရဲဘော် မောင်မောင်ကြီးနဲ့ နော်လေးဒီတို့လင်မယားပိုင် စုံစီနဖာထည့်တဲ့ ကျွန်းသေတ္တာကြီးကတော့ ဦးစားပေးထဲမှာ မပါဘူး။
 ဒါနဲ့ သူက သေတ္တာပေါ်မှာ NLD လို့ စာလုံးကြီးနဲ့ရေးလိုက်တယ်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD L.A  အဖွဲ့ဝင်တွေက သူတို့ပစ္စည်းထင်ပြီး ထိုင်းဘက်ကို စက်လှေနဲ့ သယ်သွားကြတယ်။
ထိုင်း ဘက်ရောက်မှ သူက .... အဲဒါ ငါ့မိန်းမသေတ္တာ။ NLD ဆိုတာက သူ့နာမည် နော်လေးဒီကို အတိုကောက်ရေးထားတာ လို့ ဆိုလိုက်တော့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြရတာပါပဲ။

ရဲဘော်မောင်မောင်ကြီး ကောင်းရာသုဂတိလားပါစေ။

ပြည်တော်မြင့် ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved