သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေး ဆု ရတာနဲ့ပတ်သက်လို့

Wednesday, April 24, 2013

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ International Crisis Group - ICG က ငြိမ်းချမ်းရေး ဆုကို မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ပေးအပ်ပွဲ ကျင်းပခဲ့ရာမှာ ဦးသိန်းစိန်ကိုယ်စား သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယမန်နေ့က ကိုယ်စားလက်ခံရယူခဲ့ပါတယ်။ 

 ICG ရဲ့ ငြိမ်းချမ်းရေးဆုရသူ  သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်
 
ICG က ယခုနှစ်အတွက် ပေးတဲ့ ငြိမ်းချမ်းရေး ဆု ( In Pursuit of Peace Award) ကို သမ္မတ ဦးသိန်းစိန် ဟာ ဘရာဇီး သမ္မတဟောင်း လူးဝစ် အင်နာစီယို ဒါဆေးလ်ဗား နဲ့အတူ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုဟာ ကမ္ဘာတလွှားက ပဋိပက္ခတွေကို ထိန်းချုပ်နိုင်စေဖို့နဲ့ အဆုံးစေဖို့အတွက် ချီးမြှင့်တဲ့ ဆုလည်းဖြစ်ပါတယ်။ 

နယူးယောက်မြို့ The Pierre Hotel မှာ ကျင်းပတဲ့ အခမ်းအနားကို ကမ္ဘာကျော် ငွေမုဆိုး သူဌေးကြီး ဂျော့စ်ဆိုးရော့စ်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီအခန်းအနားကို ငြိမ်းချမ်းရေး ဆုရှင် သမ္မတ ဦးသိန်းစိန်က ခရီးစဉ်တွေ အတွက် အခက်အခဲဖြစ်လို့ လူကိုယ်တိုင် မတက်ရောက်နိုင်တဲ့အတွက် ဗီဒီယို မိန့်ခွန်းပို့ပေးခဲ့ပါတယ်။ 

တချို့သုံးသပ်သူတွေက ဒီကနေ့ ဒီအချိန်မှာ ရခိုင်ပြည်နယ်မှာ မနှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ၊ ကချင်ပြည် နယ် က ပဋိပက္ခတွေနဲ့ မကြာသေးခင်က မိတ္ထီလာမြို့နဲ့တခြားမြို့တချို့မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ အကြမ်းဖက် မှုတွေကြောင့် ICG အနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ညှိနှိုင်းပြီး သူ့ကိုယ်စား သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း သာ လက်ခံယူဖို့ စီစဉ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ဝေဖန်ပြောဆိုနေကြပါတယ်။ 



မိန့်ခွန်း အပြည့်အစုံကို သမ္မတရုံး ၀က်ဆိုက်မှာ ဖော်ပြထားခဲ့တာကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ 


- ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား- 

ပထမဦးစွာ ကျွန်တော့်အနေနဲ့ ICG အဖွဲ့နဲ့အတူ Madam Louise Arbour နဲ့ ဆုရွေးချယ်ရေး ဘုတ် အဖွဲ့ဝင် များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ 

မစ္စတာလူလာနဲ့ ဂုဏ်ပြုအမှာ စကားပြောကြားပေးတဲ့ မစ္စတာ ဂျော့ဆို ရော့စ်ကိုလည်း ကျေးဇူးတင်ရှိ ပါတယ်။ 

ဒီကနေ့ ကျွန်တော်ဒီဆုကို လက်ခံရရှိတဲ့အကြောင်းရင်းဟာ ကျွန်တော်နဲ့ မြန်မာပြည်သူတွေ အတူ ပူးပေါင်းပြီး ပိုမိုလွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို လက်တွဲညီညီ ချီတက်ခဲ့ကြလို့ ပဲဖြစ်ပါတယ်။ 

ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီမိုကရေစီအရေး ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ကိုယ်စား ကျွန်တော့်အနေနဲ့ ဒီဆုကို လက်ခံရယူတာပဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် အစိုးရအဖွဲ့ဟာ သက်တမ်းနှစ်နှစ် အတွင်း နိုင်ငံရေးအရ ဖြေလျှော့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုများနဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုတို့အတွက် ပြုပြင်ပြောင်းလဲမှုများ စွာကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒီလို ပြုပြင်ပြောင်းလဲမှုများစွာကို သမ္မတတစ်ယောက်အနေနဲ့ စွမ်းအား ရှိသလောက် ဆောင်ကြဉ်း ခွင့်ရတဲ့အတွက်ရော၊ ပြုပြင်ပြောင်းလဲမှုတွေကို ကိုယ်တိုင်တွေ့ကြုံ ပါဝင်ပတ်သက်ရတာတွေရော ကျွန်တော့်အတွက်တော့ ကံကောင်းမှုတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

 ဒီဆုကို ရရှိနိုင်ဖို့အတွက် ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပဲ ပါဝင်တယ်ဆိုတာ နားလည်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်နဲ့အတူ လက်တွဲပါဝင်ခဲ့ကြတဲ့သူတွေ၊ အခုလက်ရှိအတူတကွ မျှဝေခံစားပြီး လက်တွဲချီတက်နေကြတဲ့သူတွေ၊ ဆက်လက် ပြီးတော့လည်း ဒီမိုကရေစီခရီးအတွက် လက်တွဲချီတက်ကြ ဦးမယ့်သူတွေ အားလုံးဟာ ဒီဆုနဲ့ သက်ဆိုင်ကြသူများ ဖြစ်ပါတယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်။ 

ကျွန်တော့် ပြည်သူပြည်သားများအပေါ်မှာ ကျွန်တော့်အနေနဲ့ ထားရှိနိုင်ခဲ့တဲ့ မြန်မာနိုင်ငံတော် သစ် ကို ဆောင်ကြဉ်းနိုင်မယ်ဆိုတဲ့ ဒီယုံကြည်ချက်အတွက် ကျွန်တော့်ရင်ထဲက ပျော်ရွှင်မှု အားလုံးကို စကားလုံးအနေနဲ့ ဘယ်လိုမှ မဖော်ပြနိုင်ပါဘူး။ 

ကျွန်တော်တို့ အားလုံးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေကြပါပြီ။ ကျွန်တော်တို့ဖြစ်ချင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ကျွန်တော်တို့အားလုံး အစွမ်းကုန် ဆက်လက် ကြိုးစားကြရမယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော့်အနေနဲ့ အစဉ်အမြဲ အမှတ်ရပါတယ်။ 

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခုရရှိဖို့၊ တိုင်းရင်း သား လူမျိုးအားလုံးစုံလင်ပြီး လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ရင်ဆိုင်ဖို့အတွက် အတိတ်ကကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကို အတူတကွ ပြန်လည် ကုစားကြရမှာ ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့မရနိုင်သလို ဒီမိုကရေစီမရှိဘဲနဲ့လည်း ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ 

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီမျှော်လင့်ချက်အသစ်တွေနဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာကြဖို့လည်း အားလုံးကို လှိုက်လှဲဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။ ဒီမိုကရေစီဆိုတာ မျှော်လင့်ချက်သက်သက်၊ အတွေးအခေါ်သက်သက်မဟုတ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ အခြေခိုင်ဖို့အတွက် လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ၊ ဒီိမိုကရေစီအလေ့အကျင့်တွေကို စတင်တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ 

ဒီမိုကရေစီရဲ့ နှုန်းစံတွေဖြစ်တဲ့ ညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးရင့်ကျက်မှု စတာတွေကို ပြုစုပျိုးထောင် နေတာဖြစ်ပါတယ်။ 

ဒီမိုကရေစီက ပေးအပ်ထားတဲ့ တစ်ဦးတစ်ယောက်ချင်း စီရဲ့ လွတ်လပ်မှုကို ကျင့်သုံးတဲ့နေရာမှာ တခြားသူ တစ်ယောက်ရဲ့အခွင့်အရေးကို မထိပါး မိစေဖို့၊ အနှောက်အယှက်မပြုမိစေဖို့အတွက်လည်း မိမိတို့ အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

အတိတ်က စိတ်ကူးယဉ်သက်သက်သာဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေဟာ ဒီအချိန်မှာတော့ လက်တွေ့ကျကျ အကောင်အထည်ဖော်လို့ရနေပါပြီ။ 

အရာအားလုံး ဖြစ်နိုင်တယ် ဆိုတဲ့ အချိန်တွေကို ရောက်ရှိနေတဲ့အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်တွေမှာ ဖြစ်နိုင်ခြေအားလုံးကို အနာဂတ်အတွက် အကျိုးရှိစေမယ့် လက်တွေ့ကျတဲ့ လုပ်ဆောင် မှုတွေ အဖြစ် ပြောင်းလဲနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ 

 မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့၊ နိုင်ငံရေးရင့်ကျက်မှုရှိတဲ့၊ အပြန်အလှန် လေးစားတတ်တဲ့၊ အားလုံးပါဝင်နိုင်တဲ့ ခေတ်မီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ရောက်ရှိအောင် ကျွန်တော်တို့ အားလုံးစုပေါင်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ဒီလိုကြိုးစားတဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိတာကိုလည်း မိမိအနေနဲ့ သဘော
ပေါက် ထားတဲ့နည်းတူ ပြုပြင်ပြောင်းလဲမှုတွေကို စေတနာမှန်ကန်စွာ၊ စိတ်အားထက်သန်စွာ ဆက်လက် လုပ်ဆောင်နိုင်ဖို့ အားပေးကူညီမယ့် မိတ်ဖက်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အများကြီးရှိတဲ့ အတွက်လည်း များစွာ အားတက်မိပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခရီးရှည်ကြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက်လက်ရှိနေပေးဖို့လည်း မျှော်လင့်ပါတယ်။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။ 

အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    ဘာလို့ငြိမ်းချမ်းရေး ဆု ကိုပေးမှန်းတော့မသိပါဘူး.....ဘယ်မှာငြိမ်းချမ်းသေးလို့လဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved