ငြိမ်းချမ်းရေးအတွက် စတစ်ကာ နဲ့ အနုပညာပြပွဲ

Monday, April 22, 2013


မိတ္ထီလာ အပါအ၀င် နယ်မြို့တချို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူအဖွဲ့အစည်း အတွင်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။



 ငြိမ်းချမ်းခြင်းအနုပညာပြပွဲမှာ တွေ့ရတဲ့ ပြကွက်တခု
(ဓာတ်ပုံများ - ရွက်စိမ်း)

ဒီလို အကြမ်းဖက်မှုတွေ ထပ်မံ မပေါ်ပေါက်စေဖို့အတွက်  ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံလူငယ်တွေရဲ့ လှုပ်ရှားမှု တခုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း  တွေ့ကြရမှာပါ။

သူတို့ရဲ့ လှုပ်ရှားမှုထဲမှာ
“ကျွန်ုပ်ကြောင့် လူမျိုးရေး၊  ဘာသာရေး၊  ပဋိပက္ခ မဖြစ်စေရ”
“ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား”  စာတန်းပါ စတေကာတွေကို
လှည်းတန်း၊   မြေနီကုန်း၊  တာမွေအစရှိတဲ့မြို့နယ်တွေမှာ လိုက်လံဖြန့်ဝေတာမျိုးလည်း ပါဝင်ပါတယ်။

အကြမ်းဖက်မှုတွေ အပါအ၀င်လူမှုအသိုင်းအ၀ိုင်းကြား ကောလဟာလတွေ ရပ်တန့်သွားစေဖို့ ရည်ရွယ်တဲ့ ဒီလှုပ်ရှားမှုမှာ  မဇ္ဈိမအဖွဲ့၊ Myanmar Youth Forum မှ လူငယ်တချို့လည်း ပါဝင်အားဖြည့်ထားကြပါတယ်။

ဆက်စပ်ဖတ်ရှုရန် - ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားခဲ့သည့် လူငယ်များနှင့် တွေ့ဆုံခြင်း -

http://burma.irrawaddy.org/archives/37339

 လူငယ်တွေရဲ့ ဒီလုပ်ရပ်ကို ရန်ကုန်ဒေသခံတို့ကလည်း အားပေးထောက်ခံခဲ့ကြပါတယ်။

လိုင်းကားတွေပေါ်မှာ ဒီလူငယ်တွေကိုယ်တိုင် လိုက်လံကပ်ထားတဲ့ စတေကာတချို့ကို တွေ့လို့ ယာဉ်မောင်းတယောက်ကို မေးကြည့်တော့ “ဒီလူငယ်တွေက အရမ်းကို ယဉ်ကျေးပါတယ်၊   ကျွန်တော်တို့ကို ခွင့်တောင်းပြီးမှ လုပ်တာဗျ၊  သူတို့ရေးထားတဲ့စာသားကိုလည်း သဘောကျတယ်”  လို့ သူက ပြောပါတယ်။

ဒီဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး Pray For Myanmar ကနေ ငြိမ်းချမ်းခြင်း အနုပညာပြပွဲနဲ့ စာနယ်ဇင်း ရှင်းလင်းပွဲတခုကို ဧပြီ ၁၀ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းသစ်မှာရှိတဲ့ Crystal Jade စားသောက်ဆိုင်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ 

 
ဒီပွဲကိုခေတ်ပေါ် ကဗျာဆရာ သစ္စာနီ၊  Blogger နေဘုန်းလတ်၊  အဆိုတော် စောဖိုးခွားတို့လည်း တက်ရောက်ခဲ့ပါတယ်။

`တိုင်းပြည် ငြိမ်းချမ်းရေးအတွက် လိုအပ်တယ်လို့ ယုံကြည်လို့ လုပ်တာပါ။ ဒီလိုစိတ်ဆန္ဒရှိတဲ့ ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်မျိုးနဲ့မဆို ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်´လို့ Pay For Myanmar မှာ ပါဝင်တဲ့ ကိုနိုင်ကပြောပါတယ်။ 

 
ဒီငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ ပါဝင်တဲ့ ကိုသန့်ဇင်ထွေးကလည်း “ကျွန်တော်တို့အားလုံး တိုင်ပင် နေကြပါတယ်။ နောက်ထပ်လုပ်မယ့် ဆောင်ရွက်ချက်တွေမှာ လူအများ လက်ခံ ပါဝင်လာအောင်ဆောင်ရွက်ဖို့ အစီစဉ်တချို့ကို ကျွန်တော်တို့  အားလုံး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ပြောပါတယ်။

 
 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved