ကျနော့်ဘ၀မှာ မရည်ရွယ်ဘဲ ဖြစ်ခဲ့ရတဲ့ အခြေအနေ၊ အကြောင်းအရာ၊ ဖြစ်ရပ်တွေလည်း အကြိမ်ကြိမ်ပါပဲ၊ အဲဒီထဲကမှ အမှတ်ထင်ထင် ဖြစ်ခဲ့ရတာတခုကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းက စာသင်ပေးခဲ့ဖူးတဲ့ ဖြစ်ရပ်လေးတခုပါပဲ။
ကျနော်တောထဲရောက်ပြီး သိပ်မကြာခင်မှာပဲ ၁၉၈၉ လောက်မှာ KNU တပ်မဟာ (၆) ရဲ့ စစ်ရေးအရ အချက်အခြာကျပြီး ကူးသန်းရောင်းဝယ်ရေးအရ အားထားရတဲ့ အခွန်အကောက် ဂိတ်တခုဖြစ်တဲ့ ဖလူးစခန်းကို န၀တ တပ်တွေက ၀ိုင်းပိတ်ထားပြီး ထိုးစစ်ဆင်နေတာမို့ စစ်ကူသွားရပါတယ်။
ဖလူးစခန်းဆိုတာက မြ၀တီမြို့ရဲ့တောင်ဘက် ကီလို ၆၀ ကျော်လောက်မှာ ရှိမယ်ထင်ပါတယ်။ ထိုင်းနိုင်ငံ ဖုပ္ဖရမြို့နယ်နဲ့ မျက်နှာချင်းဆိုင် သောင်ရင်းမြစ်ကမ်းမှာ တည်ရှိပါတယ်။ မြန်မာဘက်က ကုန်သည်တွေ ကျွဲ၊ နွားတွေ ထိုင်းဘက်လာရောင်း၊ ပြီးရင် ထိုင်းဘက်က ကုန်တွေ မြန်မာပြည်ထဲ ပြန်သွင်းနဲ့ အတော်လေး ရောင်းရေးဝယ်တာ စည်ကားခဲ့တဲ့ နေရာတခုလို့ ဆိုကြပါတယ်။
အဲဒီအချိန်က ABSDF ရဲ့ ကျနော်တို့တပ်ရင်း (၂၀၆) မှာ တပ်ခွဲ ၅ ခွဲရှိပြီး ကျနော်က တပ်ခွဲ ၂ မှာ တာဝန်ကျပါတယ်။ ကျနော်တို့ တပ်ရင်းမှာက မော်လမြိုင်မြို့နဲ့ မနီးမဝေး ဒေသကလူတွေ၊ မွန်ပြည်နယ်၊ မုဒုံမြို့နဲ့ မနီးမဝေး ချောင်းနှစ်ခွ ကျေးရွာဘက်ကလူတွေ များပါတယ်။ ချောင်းနှစ်ခွဆိုတာကလည်း မှောင်ခိုတခေတ်မှာ အတော်လေး ခေတ်ကောင်းခဲ့တဲ့ အချက်အခြာနေရာ တခုဖြစ်တယ်လို့ဆိုတယ်။ ကျနော်တို့တပ်ခွဲမှာ ထူးထူးခြားခြား ရန်ကုန်ကဆိုလို့ ကျနော်တို့ ၃ ယောက်ပဲရှိတယ်။
ဖလူးစခန်းရောက်တော့ ကျနော်တို့ တပ်ရင်းရော၊ သေဘောဘိုးစခန်းက တပ်ရင်း (၂၀၄)၊ (၂၀၅) က ကျောင်းသားရဲဘော်တွေပါ သူ့နေရာနဲ့သူ KNU ရဲဘော်တွေနဲ့ ပေါင်းပြီး န၀တ တပ်တွေ ထိုးစစ်ဆင်တာကို ရင်ဆိုင်ရတာပါ။ တိုက်ရတာလို့ ဆိုတာထက် ခံရတာဆိုရင် ပိုမှန်ပါတယ်။ အဲဒီအချိန်က န၀တ တပ်တွေက စခန်းကိုရဖို့ အနီးအနားက ဗျူဟာကျတဲ့ တောင်ကုန်းတွေမှာ တပ်စွဲထားပြီး ၁၂၀ မမ လက်နက်ကြီးတွေနဲ့ စခန်းထဲကို တရစပ် ပစ်ထည့်နေတဲ့ အချိန်ပေါ့၊ စခန်းထဲမှာ လူအယောက် ၅၀၊ ၆၀ လောက် ၀င်ပြီး ဗုန်းခိုနိုင်တဲ့ ကွန်ကရစ်တထပ်၊ သစ်လုံးတွေတထပ်နဲ့ အထပ်ထပ် ဖို့ထားတဲ့ ကတုတ်ကျင်း၊ ဘန်ကာတွေ အများအပြားရှိပြီး န၀တ ဘက်က လက်နက်ကြီးတွေ တရစပ်ပစ်တဲ့ နေ့မျိုးဆို အားလုံး အဲဒီ ကတုတ်ကျင်းတွေထဲ ၀င်နေရပါတယ်။
စစ်တိုက်တာကို ရုပ်ရှင်တွေထဲမှာသာ ကြည့်ဖူးတဲ့ ကျနော့်အဖို့တော့ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်တဲ့ ဒဏ်ကို နဖူးတွေ့၊ ဒူးတွေ့ ကြုံရတဲ့ အတွေ့အကြုံကတော့ အတော်လေး သည်းထိတ်ရင်ဖို နိုင်လှတယ်။ လက်နက်ကြီးကျည်တွေ ကတုတ်ကျင်းအပေါ်မှာ လာပေါက်ကွဲတဲ့အသံ တဂျိမ်းဂျိမ်း၊ တဂွမ်းဂွမ်းက နားကွဲလောက်မတတ် ဆူညံပြင်းထန်ပါတယ်။ လက်နက်ကြီးကျည်ပေါက်ကွဲပြီး အရှိန်နဲ့လွင့်လာတဲ့ ကျည်စတွေ၊ မြေကြီးခဲတွေ၊ ဖုန်မှုန့်တွေကလည်း ၀င်ဝင်လာတတ်သလို ပေါက်ကွဲရာက ထွက်လာတဲ့ အပူဟပ်တဲ့ဒဏ်ကိုလည်း ခံရတယ်။
အားလုံးလည်း ကိုယ့်သေနတ် ကိုယ်ကိုင်ထားပြီး အခြေအနေကို စောင့်ကြည့်ရုံကလွဲလို့ ဘာမှလုပ်လို့မရတဲ့ အနေအထားမျိုးမှာ လက်နက်ကြီးပစ်တာ စဲသွားတဲ့အချိန်ကိုပဲ စောင့်နေရတယ်။ သူတို့ အပစ်ရပ်သွားမှဘဲ ကိုယ့်လူကိုယ်စစ်၊ ဘယ်သူဘာဖြစ်သွားသေးလဲ လိုက်ကြည့်နဲ့ ပြန်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတတ်တယ်။
ဖလူးစခန်းမှာ န၀တ တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နေရာရှိတယ်၊ ထိပ်တိုက်လို့ခေါ်တာပေါ့။ အဲဒီနေရာမှာလည်း ဆက်သွယ်ရေးမြောင်းတွေ၊ ကတုတ်ကျင်း အသေးလေးတွေတူးပြီး ၂ ယောက်တတွဲ၊ ၃ ယောက်တတွဲ နေရာယူထားရတယ်။ ထိပ်တိုက်နေရာကိုတော့ KNU ရဲဘော်တွေရော၊ ကျောင်းသား ရဲဘော်တွေရော တပ်စိတ်လိုက် အလှည့်ကျသွားရပြီး သက်ဆိုင်ရာ တပ်မှုးတွေက ကွပ်ကဲတယ်။ ကျနော်တို့လည်း အလှည့်ကျ ထိပ်တိုက်နေရာကို သွားလိုက်၊ ပြီးရင် စခန်းနောက်ပိုင်းမှာရှိတဲ့ ကတုတ်ကျင်း အကြီးကြီးတွေဆီ ပြန်နားလိုက်ပေါ့။
အဲဒီလိုနဲ့ ကျနော် ထိပ်တိုက်ကို သွားရတဲ့အလှည့်မှာ လက်နက်ငယ် ကိုင်တွယ်ပစ်ခတ်နည်းကို ကျနော်နဲ့အတူ ကတုတ်တခုတည်း အတူနေရတဲ့ KNU ရဲဘော် တယောက်က သင်ပေးတယ်။ အဲဒီအချိန်အထိ ကျနော့်ဘ၀မှာ တကယ့် သေနတ်အစစ်ကို ဘယ်လိုကိုင်တွယ် ပစ်ခတ်ရမယ်မှန်း မသိသေးဘူး။ KNU ရဲဘော်က “ယောက်ဖ ဒီလိုဖြုတ်၊ ဒီလိုပြန်တပ်” ဆိုပြီး M-16 တလက်ကို တစစီဖြုတ်၊ ပြီးရင် ပြန်ဆင်ပြတာပေါ့၊ ဒီသင်ခန်းစာလည်း တခါတည်းနဲ့ အောင်သွားတယ်။
ဒါနဲ့ နောက်သင်ခန်းစာ အသစ် ပြန်စတယ် “ယောက်ဖ ဒီလို ကျည်ရှင်း၊ ပြီးရင် ဒီလိုပစ်ကြည့်” ဆိုပြီး ပစ်လည်းပစ်ပြလိုက်တာ “ဒိုင်း” ကနဲဆို ကျည်တတောင့် ကျနော့်မျက်နှာနားက ဖြတ်သွားတော့ ကျနော်လည်း လန့်ဖြန့်သွား၊ သူလည်း မျက်စိမျက်နှာပျက်ပြီး အကြိမ်ကြိမ် တောင်းပန်နေတယ်။
တကယ်က သူလည်း လောသွားလို့ပါ။ ကျည်အိမ်ကို ဖြုတ်၊ ကျည်ရှင်း၊ ကျည်မရှိတာ ကျိန်းသေပြီဆိုမှ ပစ်ကြည့်ရမှာကို သူက ကျည်အိမ်ကို မဖြုတ်ဘဲ ကျည်ရှင်းလိုက်တာ မောင်းတင်ပြီးသား ဖြစ်သွားတော့ ပစ်လိုက်တဲ့အခါ ကျည်က ထွက်သွားတာကိုး။ ကံကောင်းလို့သာပေါ့၊ ပြောင်းဝက ကျနော့်တည့်တည့်ဆို တိုက်ပွဲတောင် မ၀င်လိုက်ရဘဲ တခါတည်း ကိစ္စပြီးသွားမယ့် သဘောပဲ။
တကယ်တော့ ကျနော်ဆိုတဲ့ လူကလည်း တောခိုပြီး သေနတ်ပစ်ဖို့သာ လုပ်နေတာ သတ္တိက ခပ်ကောင်းကောင်းရယ်။ ငယ်ငယ်ကဆို သီတင်းကျွတ်ပွဲတွေမှာ ရွယ်တူတွေ ဗျောက်အိုးတို့၊ ပေသီးတို့ ပစ်ဖောက်ကစားရင် ကျနော်ကိုယ်တိုင် တခါမှ ပစ်မကြည့်သလို၊ အဲဒီပေါက်ကွဲသံတွေ ကြောက်လို့ ဝေးဝေးမှာ သွားနေတတ်သူ။
အဲဒီလိုနဲ့ ကျနော်တို့ တပ်စိတ်တွေ ထိပ်တိုက်ကနေ စခန်းနောက်ပိုင်းမှာရှိတဲ့ ကတုတ်ကျင်းကြီးတွေမှာ ပြန်နားနေချိန် ထွေထွေထူးထူး လုပ်စရာမရှိရင် ကျနော်က တပ်ရင်းကနေ ယူလာတဲ့ အင်္ဂလိပ်စကားပြော စာအုပ် အဟောင်းလေးကို ပုခက်ထဲမှာ ဖတ်နေလေ့ရှိတယ်။ တရက်တော့ ကျနော်တို့တပ်ခွဲက ချောင်းနှစ်ခွရွာသား မွန်လူမျိုး ကိုနိုင်ဦးက သူ့ကိုလည်း အင်္ဂလိပ်စာ သင်ပေးဖို့ ပူဆာတယ်။ သူ့ကို အေဘီစီဒီ သင်ဖူးလားဆိုတော့ မသင်ဖူးဘူးပြောတယ်။
ဒါနဲ့ပဲ ကိုနိုင်ဦးလည်း ဘာပညာသင် အထောက်အပံ့ (Scholarship) မှ လျှောက်စရာမလို၊ အရည်အချင်းစစ် စာမေးပွဲလည်း ဖြေစရာမလိုဘဲ ကျနော့်ဆီမှာ အင်္ဂလိပ်စာ လေ့လာတဲ့ ကျောင်းသားတဦး ဖြစ်လာသလို၊ ကျနော်လည်း ဘာဘွဲ့လက်မှတ်၊ အထောက်အထား အောင်လက်မှတ်မှ ပြစရာမလိုဘဲ တဦးတည်းသော ကျောင်းသားကို စာသင်ပေးရတဲ့ ကိုယ့်ဖာသာခန့် ကျောင်းဆရာ ဖြစ်လာတယ်။ ဒီလိုနဲ့ပဲ ကျနော်တို့ရဲ့ (ကြီးကြီးကျယ်ကျယ် ပြောရရင်) အလွတ်သင် ပညာရေး အစီအစဉ် (Informal Education Program) ကို ဘာအဆိုပြုလွှာ (Proposal) မှ တင်စရာမလိုဘဲ ကတုတ်ကျင်းထဲမှာ စလိုက်ကြတယ်။
ထုံးစံအတိုင်း A ကနေ Z အထိ ကိုနိုင်ဦးကို တရက် နည်းနည်း ရေးပြ၊ ရွတ်ပြ၊ သူက ကျနော် သင်ပေးသလောက်ကို ပုခက်ထဲမှာ အော်ကျက်ပေါ့။ ဒီလိုနဲ့ ကျနော်တို့ နေတဲ့ ကတုတ်ထဲမှာ ကိုနိုင်ဦးရဲ့ မွန်သံဝဲ၀ဲနဲ့ အေဘီစီဒီ အော်ကျက်နေတဲ့ အသံတွေ ဝေစီနေခဲ့တယ်။ ကျန်တဲ့ရဲဘော်တွေက သူစာကျက်နေတာကို နောက်တဲ့သူနောက်၊ ပြောချင်တာပြော သူကတော့ ဂရုမစိုက်ဘူး သူ့စာသူ ကျက်နေတာပဲ။
တခါတလေ တိုက်ပွဲတွေ အေးနေတဲ့ အခါမျိုးဆို ကတုတ်ကျင်းနဲ့ မနီးမဝေးမှာရှိတဲ့ ပျဉ်ထောင်ကာ၊ ခင်းထားပြီး သွပ်မိုးထားတဲ့ ရင်ကွဲ ဘားတိုက်တွေက ကျနော်တို့အတွက် စာသင်ခန်းတွေဖြစ်သွားတယ်။ အဲဒီ ဘားတိုက်တွေလည်း လက်နက်ကြီးကျည်သင့်ထားလို့ ခေါင်မိုးက သွပ်တွေနဲ့ ပျဉ်နံရံတွေလည်း ဆန်ကာပေါက် ဖြစ်နေတာပေါ့၊ အဲဒီ ကျည်သင့် နံရံတွေထဲကမှ စာနည်းနည်း ရေးလို့ရတဲ့ နံရံပေါ်မှာ မီးသွေးခဲနဲ့ ကျနော်က စာရေးပြ၊ အသံထွက်ပြ၊ ကိုနိုင်ဦးက လိုက်ဆို၊ နောက် သူ့ဘာသာ နံရံတွေမှာ ပြန်ရေးပေါ့။
ကိုနိုင်ဦးက မဆိုးရှာပါဘူး၊ အဲဒီအချိန်က ကျနော် ဆေးလိပ်သောက်ပေမယ့် ကျနော်တို့အတွက် ခွဲတမ်းရတဲ့ ဆေးရွက်ကြီးကို သတင်းစာနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို သူများတွေလို အဆင်ပြေပြေ မလိပ်တတ်သေးတော့ သူကပဲ ကျနော့်အတွက် ပွတ်ချွန်းတွေ လိပ်ပေးပါတယ်။ သူ့ကို စာသင်လိုက် သူလိပ်ပေးတဲ့ ပွတ်ချွန်းတွေ ဖွာလိုက်နဲ့ပေါ့။ သူကလည်း ကြိုးစားရှာပါတယ်။ သိချင်၊ တတ်ချင်စိတ်လည်း ရှိတော့ အေဘီစီဒီ အစအဆုံး ရတဲ့အခါ၊ စာလုံးကြီး၊ စာလုံးသေးတွေသင်၊ အဲဒါတွေရတော့ A-Apple တို့ B-Ball တို့ပေါ့၊
ဒါတွေရလာတော့ အရောင်တွေ၊ အကောင်တွေ၊ အသီးတွေဘက်လှည့်၊ အဲဒီကမှတဆင့် ခန္ဒာကိုယ် အစိတ်အပိုင်းတွေပေါ့။ သူကလည်း အဆင့်မကျော်ပါဘူး မျက်နှာမှာရှိတဲ့ အစိတ်အပိုင်းတွေစသင်၊ လက်တို့ ပခုံးတို့ရောက်လာ။ ဒါနဲ့ တနေ့တော့ သူက ပြုံးဖြဲဖြဲနဲ့ (အရပ်အခေါ်နဲ့သုံးပြီး) “မိန်းမကိုယ်” ကို ဘယ်လိုခေါ်သလဲဆိုပြီး စပ်စုလာပါတယ်။ ကျနော်လည်း ပြောလိုက်တော့ သူသေချာ ရေးမှတ်သွားပါတယ်။ သူ့အတွက်လည်း ကျက်မှတ်စရာ စကားလုံးတလုံး တိုးသွားပါတယ်။
ထုံးစံအတိုင်း သူသင်ထားတာတွေ ပုခက်ထဲမှာ အော်ကျက်ရင်း အဲဒီစကားလုံး အလှည့်ရောက်တော့ မွန်သံဝဲ၀ဲ အာလုပ်သံကြီးနဲ့ အားရပါးရ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အရပ်ခေါ်အတိုင်း အော်ထည့်လိုက်တာ အနီးအနားက ရဲဘော်တွေလည်း ၀ါးကနဲ ဖြစ်သွား၊ ကျနော်လည်း ပုခက်ထဲကနေ တခွီးခွီးဖြစ်နေ၊ တချို့ရဲဘော်တွေကလည်း “ဟေ့ကောင် နိုင်ဦး၊ မဟုတ်တာတွေ ဆိုမနေနဲ့ လက်နက်ကြီးစာ မိနေဦးမယ်” ဆိုပြီး ဟန့်တဲ့သူကဟန့်ပေါ့။ ဘယ်သူဘာပြောပြော ကိုနိုင်ဦးက ဂရုမစိုက်ပါဘူး၊ သူ့စာသူ အော်ကျက်မြဲပါပဲ။
ကျနော်သင်ပေးလိုက်တဲ့ အဲဒီစကားလုံးအမှုက နောက်ပိုင်းမှာ မျက်နှာပူစရာတွေ ဖြစ်လာပါသေးတယ်။ ဖလူးစခန်းထဲမှာပဲ ဒဏ်ရာရတဲ့သူတွေနဲ့ နာဖျားမကျန်း ဖြစ်တဲ့သူတွေကို ကုသဖို့ ဆေးခန်းရှိပြီး KNU က ကရင်ဆရာမလေးတွေက ပြုစုကုသပေးကြပါတယ်။
ထုံးစံအတိုင်း စခန်းတခုလုံးမှာ ရှိတာက ရဲဘော်တွေချည်းပဲ။ မိန်းကလေးတွေနဲ့ အထိအတွေ့ မရှိသလောက် ဖြစ်နေတော့ “ကျွဲမကြီး မြင်ရင်တောင် လှနေတဲ့”၊ “အုန်းပင်မှာ ထမီပတ်ထားရင်တောင် ရင်ခုန်နေတဲ့” ကာလဆိုတော့ ရတောင့်ရခဲ အခြေအနေမှာ ဆေးခန်းကို မရှိ၊ ရှိတဲ့ ရောဂါတွေ သွားပြပြီး ကရင်ဆရာမလေးတွေကို လူပျိုလှည့်ကြတာပေါ့၊ အခုခေတ်စကားနဲ့ဆို သွား “ကြောင်” ကြတာပေါ့။
ကတုတ်ကျင်းထဲမှာ နေရတာရယ်၊ တကိုယ်ရေသန့်ရှင်းရေးကို ပုံမှန်မလုပ်နိုင်တာရယ်ကြောင့် အရေပြားရောဂါတွေ ဖြစ်တဲ့၊ ပွေး၊ ၀ဲ၊ ညှင်းတွေ ပေါက်ကြပါတယ်။ ကံကောင်းတဲ့သူမှ ပေါက်တယ်လို့ ဆိုနိုင်တဲ့ အဲဒီအရေပြားရောဂါတွေ သွားပြကြ၊ ဆေးတောင်းကြ၊ ဆရာမလေးတွေနဲ့ စကားတွေပြောကြပေါ့။ တချို့ဆို ၀က်ခြံပေါက်တာတောင် သွားပြကြတယ်။ ကျနော်က ကံကောင်းတာလား၊ ကံဆိုးတာလားမသိဘူး အဲဒီ အရေပြားရောဂါတွေ မရလိုက်ဘူး။
တခါတလေလည်း ကရင်ဆရာမလေးတွေက ကတုတ်ကျင်းတွေဘက် လှည့်ပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေ လုပ်ကြပါတယ်။ တရက်တော့ ကျနော်တို့ ကတုတ်ကျင်းဘက် လှည့်လာတဲ့ ဆရာမလေးတွေ ကိုနိုင်ဦးရဲ့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ မတော်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို အော်ဆိုတဲ့ စာကျက်သံကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။
ဆရာမလေးတွေလည်း ကိုနိုင်ဦး အသံကြားကြားချင်း ပထမတော့ ဘာမှန်းမသိ ကြောင်အမ်းအမ်း ဖြစ်နေတယ်။ နောက်မှ ကိုနိုင်ဦး စာဖတ်နေတာ တွေ့သွားပြီး “ဘာလုပ်နေတာလဲ” လို့ လှမ်းမေးတယ်။ ကိုနိုင်ဦးလည်း “စာကျက်နေတာ” ဆိုပြီး စပ်ဖြဲဖြဲနဲ့ ဖြေတယ်။ ဆရာမလေးတွေက ဘာမှ ထပ်မမေးတော့ပေမယ့် ဆရာကို ဆရာမှန်း အသိအမှတ်ပြုချင်သူ ကိုနိုင်ဦးက ဒီလို ခက်ခဲ၊ နက်နဲတဲ့ စာပေ၊ ကျမ်းဂန်တွေ သင်ပေးနေတာ “ဟောဒီက ကျနော့်ဆရာပေါ့” ဆိုတဲ့ပုံစံနဲ့ ပုခက်ပေါ်မှာ ပွတ်ချွန်းဖွာနေတဲ့ ကျနော့်ကို လက်ညှိုးထိုးပြရင်း “သူသင်ပေးတာလေ” လို့ ထပ်ပြောပါတယ်။ ဆရာမလေးတွေလည်း ကျနော့်ကိုကြည့်ရင်း ပြုံးစိစိ၊ ပုခက်ပေါ်က ကျနော်လည်း ဘာလုပ်ရမှန်းမသိနဲ့ပေါ့။
ဒီလိုနဲ့ပဲ အရှိန်ရလာနေတဲ့ ကျနော်တို့ရဲ့ အလွတ်သင်ပညာရေး အစီအစဉ်ကြီး ရပ်ဆိုင်းဖို့ အကြောင်း ဖန်လာပါတော့တယ်။ တပ်ရင်းကို ပြန်လာမယ့် တပ်ခွဲ (၂) က ရဲဘော်တွေကို သွားကြိုဖို့ ကျနော့်ကို တာဝန်ပေးလိုက်တော့ ကျနော်လည်း ဖလူးစခန်းက ထွက်၊ တပ်ခွဲ (၂) က ရဲဘော်တွေသွားကြို၊ နောက်တဆက်တည်းပဲ ဆရာဦးကြူလှိုင်တို့၊ ကိုစိုးလွင်တို့ ဦးစီးတဲ့ အခြေခံ စစ်ပညာသင်တန်းကို တပ်ရင်းမှာပဲ ဆက်တက်ရတာနဲ့ ဖလူးစခန်းကို မရောက်တော့ပါဘူး။
ကျနော်တို့ သင်တန်းပြီးကာစ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဖလူးစခန်း ကျသွားပါတယ်။ အဲဒီအချိန်က ဖလူးစခန်းမှာ ကျနော်တို့ တပ်ရင်းက ဦးမျိုးချစ် (ရဲဘော်တွေက သူ့ကို ဗိုလ်မှူးမျိုးချစ် ဆိုပြီး ခေါ်တတ်တယ်) ဦးဆောင်တဲ့ တပ်ခွဲ (၅) က တပ်စု တစုဘဲ KNU တပ်တွေနဲ့ ဆက်ကျန်ခဲ့တယ်။ ဖလူးကို န၀တ တပ်တွေက အတင်းဝင်သိမ်းတဲ့ နံနက်မှာ ရုပ်ရှင်ဆန်ဆန်ပဲ ရန်သူနဲ့ လက်တကမ်းအကွာ သူပစ်၊ ကိုယ်ပစ် ပစ်ပြီး ဆုတ်ခွာခဲ့ရတယ်လို့ တပ်ရင်းကိုပြန်ရောက်လာတဲ့ ရဲဘော်တွေပြောလို့သိရတယ်။
ကံကောင်းထောက်မစွာပဲ ကျနော်တို့ ကျောင်းသားရဲဘော်တွေ အသေအပျောက် မရှိဘဲ သောင်ရင်းမြစ်ကိုဖြတ်၊ ထိုင်းဘက်ကိုကူးပြီး ဆုတ်ခွာနိုင်ခဲ့ပေမယ့် ထိုင်းဘက်ရောက်တော့ အသင့်စောင့်နေတဲ့ ထိုင်းစစ်တပ်က သူတို့နယ်မြေထဲ လက်နက်တွေနဲ့ ဖြတ်ခွင့်မပြုဘူး၊ လက်နက်တွေ ထားခဲ့ရမယ်လို့ တားမြစ်တော့ ၂ ဖက် တပ်တွေ ပစ်မယ်၊ ခတ်မယ်အထိ တင်းမာပြီးမှ ထိုင်းတပ်တွေက လိုက်လျောလိုက်လို့ တပ်ရင်းအထိ ကိုယ့်လက်နက်တွေနဲ့ကိုယ် ပြန်ရောက်လာကြတယ်။
စစ်ရေးအရ အချက်အခြာကျတဲ့ ဖလူးစခန်း ကျပြီးတဲ့နောက် သေဘောဘိုး၊ ဝေါလေ စခန်းတွေ ဆက်ပြီး လက်လွှတ်ရပါတယ်။ ကျနော်တို့လည်း တပ်မဟာ (၆) က အခြေခံဒေသတွေဖြစ်တဲ့ အဇင်းတို့၊ ကျိုက်ဒုံတို့ဘက် ဆင်းလာပြီး တပ်တွေ စုဖွဲ့မှုတွေ ပြန်လုပ်ပါတယ်။ အဲဒီအချိန်မှာတော့ ကျနော့် ကျောင်းသား ကိုနိုင်ဦးက တပ်ကထွက်ပြီး ကျိုက်ဒုံရွာမှာပဲ သူတတ်ကျွမ်းတဲ့ ပန်းထိမ် အလုပ်လုပ်ပြီး အခြေချနေပါတော့တယ်။ ကိစ္စရှိလို့ ကျနော် ကျိုက်ဒုံရွာဘက် ရောက်တဲ့အခါတိုင်း ကိုနိုင်ဦးက ကျနော့်ကို လက်ဖက်ရည်တို့၊ စီးကရက်တို့နဲ့ ဧည့်ခံနေကျပေါ့။
နောက်ပိုင်း မာနယ်ပလောကို ကျနော်တို့ ကျောင်းသားတပ်တွေ စစ်ကူသွားရင်း တပ်မဟာ (၆) ကို ပြန်လို့ မရတော့ဘဲ၊ ဒေါင်းဂွင်မှာ အခြေချရပါတော့တယ် (ကျနော်တို့ ဒေါင်းဂွင်ဘက် ရောက်သွားတဲ့ အတွေ့အကြုံတွေကို “မူကထ” ဆိုပြီး ဧရာဝတီမြန်မာပိုင်းက အောက်မေ့ဖွယ်မှာ ရေးထားတာ ကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်)။
တပ်မဟာ (၆) က ကျိုက်ဒုံအပါအ၀င် ဒေသအတော်များများလည်း အစိုးရတပ်လက် ကျသွားတော့ ကျနော့် မိတ်ဆွေ ကိုနိုင်ဦးလည်း သေသလား၊ ရှင်သလား၊ သူ့ဇာတိပြန်ပြီး ပန်းထိမ်လုပ်နေလား၊ သူရတဲ့ အင်္ဂလိပ်စာတွေပဲ အော်ဆိုနေသးလား ဆိုတာတော့ ကျနော်လည်း မသိတော့ပါဘူး။
ဟန်ပိုင်
0 comments :
Post a Comment