လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါသည်ခင်ဗျား

Thursday, May 30, 2013

ပွဲကြိုက်တဲ့နိုင်ငံတွေထဲမှာ မြန်မာပြည်လည်း ထိပ်တန်းက ပါနိုင်ဖွယ် ရှိပါတယ်။

ဒီမနက် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်ရှေ့က ခုံးကျော်တံတားကြီးမှာ ပွဲတော်ကြီးတခုကို လမ်းပိတ်ဆို့ပြီး တခမ်းတနားကျင်းပခဲ့ပါတယ်။

ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့တဲ့ လှည်းတန်းခုံးကျော်တံတားဖွင့်ပွဲ အခမ်းအနားကြီးမှာ ပျော်ကြရွှင်ကြသူ အများအပြားကို တွေ့ခဲ့ရပါတယ်။

ပွဲကြီးအတွက် ပြင်ဆယ်ခြယ်သနိုင်ဖို့အတွက် တံတားကို မနေ့ကတည်းက ယာယီပိတ်ထားခဲ့တဲ့အတွက် အများရဲ့ မေတ္တာပို့ခြင်း အထူးသဖြင့် ကားမောင်းသူများ၊ ခရီးသည်များရဲ့ မေတ္တာပို့ခြင်းကို ခံခဲ့ရပါတယ်။

ဒီပွဲကြီးအတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိတယ်၊ ဘယ်ဘတ်ဂျက်ထဲက သုံးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဖွင့်ပွဲကို ကြီးကြီးကျယ်ကျယ် လုပ်လိုက်တဲ့အတွက်   ငါတို့ တိုင်းအစိုးရ တယ်အလုပ်လုပ်ပါလားလို့ ရန်ကုန်သူ ရန်ကုန်သားတို့က ယူဆကောင်း ယူဆနေကြဖွယ် ရှိပါတယ်။


တံတားတည်ဆောက်ဖို့ ကန်ထရိုက် ရခဲ့သူကတော့  ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီပါပဲ။ တံတားဆောက်ရေးအတွက် ၁၁ . ၃ . ၂၀၁၂ မှာ စတင် ပန္နက်ရိုက်ပြီး တနှစ်ကျော် အကြာမှာ လုပ်ငန်း အပြီးသတ်နိုင်ခဲ့တာပါ။

ဧပြီလ ၁၀ ရက် နံနက် ၆နာရီကစလို့ ခုံးကျော်တံတားပေါ် ယာဉ်များ ဖြတ်သန်းမောင်းနှင်ခွင့်ပြုခဲ့ပါတယ်။ ဒီအကြောင်း ဧရာဝတီဘလော့မှာ အသက်ရှူချောင်သွားတဲ့ လှည်းတန်းလမ်းဆုံ ဆိုပြီး ဖော်ပြပြီးပါပြီ။
လင့်က http://blog.irrawaddy.org/2013/04/blog-post_7491.html  ဖြစ်ပါတယ်။

ဒီနေ့မေလ ၃၀ မှာတော့ အထက်မှာ ဆိုခဲ့သလိုပဲ တံတားဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။



လှည်းတန်းခုံးကျော်တံတား အချက်အလက်များ


တံတားအရှည် ၂,၅၀၇ ပေ၊
ယာဉ်သွားလမ်းအကျယ် ၄၄ ပေ၊ ၈လက်မ

ပလက်ဖောင်းအကျယ် ၂ပေ ( နှစ်ဘက် )
တံတားအကျယ် ၅၀ပေ၊ ၈လက်မ

ယာဉ်တစီးချင်း ခွင့်ပြုတန်ချိန်က တန်(၆၀)အထိ
တည်ဆောက်မှု ကုန်ကျစရိတ် စုစုပေါင်း ၁၄.၄၈၇ ဘီလီယံ

ခုံးကျော်တံတားဖွင့်ပွဲသို့ ကြွရောက်ကြသော လူကြီးမင်းများ


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ နဲ့ ၀န်ကြီးများ၊ 
မြို့တော်ဝန် ဦးလှမြင့်၊ တရားသူကြီးချုပ် ဦးမင်းဆွေ၊

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ နဲ့ ဒု ဥက္ကဌ၊
ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊


လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော်/စည်ပင် အရာရှိကြီးများ၊
ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ဥက္ကဌ ဦးအိုက်ထွန်း၊

 တံတားတည်ဆောက်ရေးအဖွဲ့ အင်ဂျင်နီယာများ
 ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ







ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဦးလှမြင့်



.

1 comments :

  1. Unknown said... :

    ဘယ်နှစ်နှစ်ခံသောတံတားဖြစ်ပါသနည်း။ ဆောက်ပြီးပြီးရောထားခဲ့ပြီး ထိန်းသိမ်း
    မှုမလုပ်ဘဲနေမည်လော။ ဆောက်တာထက်ထိန်းသိမ်းတာ
    ပိုအရေးကြီးကြောင်းကိုရန်ကုန်တိုင်းအစိုးရ သိပါသလား။အလွန်သိချင်ပါသည်
    ဖြေပေးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved