မဲဆောက်ရောက် မြန်မာများ နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့

Friday, May 24, 2013

 ယနေ့ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ်ရှိ မြန်မာဘုန်းတော် ကြီးကျောင်း ၅ ကျောင်းတွင် ဒေသတွင်းရောက် မြန်မာနိုင်ငံသားများ ကဆုန်ညောင်ရေသွန်းကုသိုလ်ပြုပွဲ စုပေါင်း ပြုလုပ်ခဲ့ကြသည်။

မဲဆောက်ကျောင်းကြီးတွင်ယနေ့ပြုလုပ်သည် ညောင်ရေသွန်းပွဲ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

မဲဆောက်မြို့လယ်ရှိကျောင်းကြီး မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် ညောင်ရေသွန်းလောင်းလှူပွဲကို ကမကထပြုသည့် မနောဖြူစင်ရေလှူအသင်းမှ ကိုထိုက်က ...
“ဂေါတမဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ဆိုတာက ညောင်ပင်ပါ၊  ဗုဒ္ဓသာသာဝင်တွေက ညောင်ပင်ကို ပရိဘောဂစေတီလို့ သတ်မှတ်တယ်။
 အထွတ်အမြတ်ထားကြတယ်၊ ပရိဘောဂစေတီဖြစ်တဲ့ ညောင်ပင်၊ အပူပြင်းဆုံးလဖြစ်တဲ့ကဆုန်လမှာ ညှိုးခြောက်ပျက်စီးသွားမှာ စိုးရိမ်တဲ့ အတွက် ညောင်သွန်းလောင်းကြတာပါ”

“နောက်ပြီး ကဆုန်လပြည့်ဆိုတာက ဗုဒ္ဓဘာသာဝင်မြန်မာတို့ရဲ့ ထူးခြားတဲ့ လမြတ်ဖြစ်တယ်။ ဒါတွေကိုနောင်လာနောက်သားတွေ သိရှိနိုင်ဘို့အတွက်  ပြုလုပ်တာဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ကဆုန်လပြည့်၏ ထူးခြားချက်များတွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘ၀က ဘုရားဆုပန်ခဲ့ခြင်း၊ ဖွားတော်မူခြင်းနှင့်ဗုဒ္ဓအဖြစ်သို့ရောက်တော်မူခြင်း၊
ပွင့်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းများသည် ကဆုန်လ ပြည့်နေ့တွင်ပင်ဖြစ်သည့်အတွက် ထူးခြားသည့်နေ့ဖြစ်သည်ဟုလည်း ကိုထိုက်က ဖြည့်စွက်ပြောကြားသည်။

မဲဆောက်ကျောင်းကြီးမှအရှင်ကုသလက ...
“တန်ကူးရေကုန် ကဆုန်ရေခန်းဆိုပြီး အဆိုရှိတယ်၊ ကဆုန်လဟာရေ ပြတ်လပ်တာတော့အမှန်ပဲ။
 မြန်မာ ၁၂ လရာသီမှာတော့ အပူပြင်းဆုံးလဖြစ်တယ်။ သစ်ပင်ပန်းမန်တွေဟာ ကဆုန်လမှာ ရေပြတ်ပြီး ခြောက်သွေ့သေဆုံးတာတွေ ရှိတယ်။
 မြန်မာဗုဒ္ဓဘာသာဝင်တွေကတော့ ပရိဘောကစေတီ ဖြစ်တဲ့ ဗောဓိညောင်ပင်တွေ ရေသွန်းလောင်းခြင်းဖြင့် ဗုဒ္ဓမြတ်စွာဘုရားကို ရည်သန်လှူဒါန်းရာရောက်တယ်” ဟု ယနေ့အလှူတွင် မိန့်ကြားသည်။

မဲဆောက်ဒေသတွင်းရှိ  ရှေးဟောင်းမြန်မာဘုန်းတော်ကြီး ၅ ကျောင်းဖြစ်သည့် ကျောင်းကြီးဘုန်းတော်ကြီးကျောင်း၊ တောရကျောင်းသစ်၊ တောရကျောင်းဟောင်း၊ 

မယ်တော်ကျောင်း၊ ထာ့အာကျောင်းများရှိ ဗောဓိညောင်ပင်များကို ထောင်နှင့်ချီသည့်မြန်မာများက  ညောင်ရေသွန်းလောင်းကာ ကောင်းမှုကုသိုလ်ပြုခဲ့ကြသည်။

 သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများတွင် ညောင်ရေသွန်းလောင်းပွဲများမရှိဘဲ၊ မြန်မာနိုင်ငံတွင်သာရှိသည့်အတွက် ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲ ယဉ်ကျေးမှုသည် သီးသန့်မြန်မာ့ယဉ်ကျေးမှုတခုဖြစ်သည်ဟုလည်း မဲဆောက်တွင် သီတင်းသုံးသည့် တောရကျောင်းဆရာတော်ကမိန့်ဆိုသည်။

မဲဆောက်ရှိမြန်မာဘုန်းတော်ကြီးကျောင်း ၅ ကျောင်းအနက် သက်တမ်း ၁၁၀ ရှိကျောင်း ၂ ကျောင်းနှင့် ကျန် ၃ ကျောင်းမှာ သက်တမ်း ၇၅ နှစ်အောက်ရှိ ကျောင်းများဖြစ်ပြီး၊  သီတင်းသုံးသည့်သံဃာတော်များသည် ပစ္စုပ္ပန်ကာလတွင်လည်း မြန်မာဘုန်းတော်ကြီးကျောင်းများ၏ ထေရ၀ါဒ ၀ိနည်းသိက္ခာများနှင့်အညီ ကျင့်ကြံနေထိုင် အားထုတ်ရသည်ဟု မယ်တော်ကျောင်း၏ ကျောင်းဒကာတဦးဖြစ်သည့် ဦးစိုးမြင့်ကပြောသည်။

မြို့တည်သက်တမ်း ၁၁၄ နှစ် ရှိလာသည့် မဲဆောက်မြို့နယ်တွင် ဒေသခံထိုင်းများ၊ အခြားဒေသမှ လာရောက်အခြေချသည့် ထိုင်းလူမျိုးများ အပါအ၀င် ထိုင်းလူမျိုး ၁ သိန်း ၇ သောင်းခန့် ရှိကြောင်း၊ မန်မာအလုပ်သမားများအပါအ၀င် မြန်မာလူမျိုး ၂ သိန်းခန့်ရှိသည်ဟု မဲဆောက်မြူနီစပယ်ရုံးမှ တာဝန်ရှိသူတဦးကပြောသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved