အမုန်းပွား ရေးသားမှုလျော့ပါးသွားဖို့ ဦးရဲထွဋ် ဘယ်လိုအကြံပေးသလဲ

Friday, June 28, 2013

အင်တာနက်မှာ အမုန်းပွားစေတဲ့ ပြောဆိုရေးသားမှု (hate speech) တွေ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူတွေရဲ့ လှုပ်ရှားမှု လိုတယ်လို့ ဒုဝန်ကြီးက  ပြောပါတယ်။


ဒီမနက် တွေ့ရတဲ့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် (Photo: Simon Roughneen / The Irrawaddy)


ဒီမနက် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာလုပ်တဲ့  အမုန်းပွားစေသော ပြောဆိုရေးသားမှုများ ဆိုင်ရာ  ဆွေးနွေးပွဲမှာ သူက ပြောလိုက်တာပါ။

ဒီလို လှုပ်ရှားမှုလုပ်ဖို့ ဆိုတာ အစိုးရရဲ့ အစီအစဉ် မဟုတ်ဘူး၊ သူ့ ကိုယ်ပိုင်အယူအဆတွေပါလို့ ဒုဝန်ကြီးက စကားခံခဲ့ပါတယ်။

ကဲ ... သူ့ အိုင်ဒီယာတွေက ဘယ်လိုပါလဲ။ ကြည့်ကြရအောင် ...
- အွန်လိုင်း hate speech နဲ့ ပတ်သက်လို့ လူတွေ ပိုပြီး နားလည်လာအောင် လုပ်ဖို့ လိုပါတယ်။

- မုန်းတီးမှုကို ဖြစ်စေတဲ့၊ ပဋိပက္ခကို လှုံ့ဆော်တဲ့ ပြောဆိုရေးသားမှုတွေကို ရပ်တည်ပြီးဆန့်ကျင်နေတဲ့သူတွေ ရှိရင် သူတို့ကို ကျနော်တို့က ဝိုင်းဝန်းပြီးတော့မှ ကူညီပေးရမယ်။

- hate speech တွေကို အွန်လိုင်းမှာ ပြောနေတာ လွယ်လွယ်ကူကူနဲ့ လက်ခံနေတဲ့ သူတွေ များနေတာကို နည်းသွားအောင် လျှော့ချပစ်ရမယ်။

- ပြီးရင်   hate speech ကို ဆန့်ကျင်သူတွေက အွန်လိုင်းမှာ ကွန်ရက်တွေ ဖွဲ့ရမယ်။  ပြီးရင် ဘယ်လို တုန့်ပြန်မလဲဆိုတာ လုပ်ရမယ်။

- တချို့နိုင်ငံတွေမှာ ဘလော်ဂါတွေ ကျင့်ရမယ့်အချက်တွေကို သတ်မှတ်သလိုပဲ အင်တာနက်မှာ ရေးသားပြောကြားတဲ့အခါ လိုက်နာရမယ့် အချက်တွေ  မသတ်မှတ်သင့်ဘူးလား။ ဒီလို သတ်မှတ်ရေးအတွက် လှုပ်ရှားဖို့ မလိုဘူးလား ဆိုတာလည်း စဉ်းစားဖို့ လိုပါတယ်။

- နောက်ဆုံးကတော့  ဖြစ်နိုင်မယ် ဆိုရင် online hate speech watch အဖွဲ့တခု ထူထောင်ရမယ်။ ဘယ်သူကတော့ ဘယ်လိုပြောတယ်၊ ဘယ် Facebook အကောင့်က ဘာဖြစ်နေတယ်၊ ဒီလို Complaint Mechanism  တခု လုပ်ဖို့ လိုအပ်ပြီလို့ မြင်ပါတယ်။


ဒါကတော့
၄၅ မိနစ်ကြာ ပြောကြားသွားတဲ့ထဲက ကောက်နုတ်ထားတာပါ။

မြန်မာပြည်မှာ Facebook အကောင့် အရေအတွက် ဘယ်လောက် ရှိတယ် ဆိုတာကိုလည်း သူက ပြောသွားပါတယ်။ ဒီအကြောင်း
http://www.irrawaddy.org/archives/38770 မှာ ဖတ်နိုင်ပါတယ်။

ဒုဝန်ကြီး ဦးရဲထွဋ်က
အမုန်းပွားစေတဲ့ ပြောဆိုရေးသားမှုတွေ လျော့နည်း ပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောဆိုဖို့ အသေအချာ ပြင်ဆင်ခဲ့မှန်း သိသာပါတယ်။
စိတ်ပါလက်ပါ ဆွေးနွေးသွားပါတယ်။

မြန်မာလို ဆွေးနွေးပေမယ့် ဆလိုက်ထိုးပြတဲ့ အချက်အလက်တွေကတော့ အင်္ဂလိပ်ဘာသာနဲ့ ဖြစ်နေပါတယ်။

အမေရိကန်သံရုံးက စီစဉ်တဲ့ပွဲဖြစ်တာကြောင့် အင်္ဂလိပ်ဘာသာနဲ့ ဆလိုက်ထိုးပြတယ်လို့ ထင်ပါတယ်။
hate speech လျော့နည်း ပပျောက်ရေးအတွက် အစိုးရ ဒုဝန်ကြီး ရှေ့ဆက်ပြီး ဘာတွေ ပြောဦးမလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

ဆက်စပ်

Fakebook in Burma: Half of All Accounts Use False IDs, Says President’s Spokesman

http://www.irrawaddy.org/archives/38770






.

3 comments :

  1. Anonymous said... :

    အော်.. ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုတဲ့ စကားပုံ ကို ကိုးကားမလား..။ ဒါမှမဟုတ်.. အကြံရခက်ပါသနော် သံလျက်တော်ယူတဲ့ သူခိုးကိုလ ဆိုတဲ့ လက်ဝဲသုန္တရ အမတ်လို ငိုချင်းဘဲ ချရမလား..။ မောင်ရဲထွဋ်ရယ် ခက်နေပါပေါ့..။

    မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုပြီး.. ဖေ့ဘုတ် နေ့စားတွေ.. လခစားတွေခန့် hate speech အမျိုးမျိုးကို ညာဖက်လက်နဲ့ တမျိုး ၊ ဘယ်ဖက်လက် နဲ့တမျိုးရေးခိုင်းနေတာ .. ကျုပ်တို့ မသိဘူးထင်ရင်တော့.. ခင်ဗျားသေလို့ရပြီ နော့။

    တစ်ခွန်းဘဲပြောလိုက်မယ်.. ဦးကျော်ဆန်းကို ဖမ်းလိုက်..။ ပြီးတော့ ကြံ့ဖွတ်ထဲက ဦးအောင်သောင်းရယ်.. ဦးမောင်သောင်းရယ်.. လမ်းတခြမ်းခင်း ဦးအောင်သိန်းလင်း ရယ်.. စုစုပေါင်း ၄ ယောက်ပဲ ဖြုတ်ထုတ်ရှင်း လုပ်လိုက်။ အကုန်ရှင်းသွားမယ်။ ကျုပ်ပြောတာယုံ..။

    ခင်ဗျားကိုယ်တိုင်လည်း တလှေထဲစီးနေရင် လိုက်သွားလိုက်ဦး။

  1. Anonymous said... :

    အမုန်းပွားစေတဲ့ ပြောဆိုရေးသားမှုတွေ လျော့နည်း ပပျောက်ဖို့အတွက်...အမုန်ပွားစေတဲ့အခြေအနေမျိုးမဖန်တည်းပါနဲ့..လူတွေကငတုံးတွေမဟုတ်ဘူးကိုရဲထွဋ်။၂၀၁၅ ရွေးကောက်ပွဲနီးလာလေလေ...ပြသနာကိုဖန်တည်းလေလေတော့မလုပ်ပါနဲ့....ဒီနည်းက..၁၉၈၈ တုံးကဗိုလ်ခင်ညွန့်လုပ်ခဲ့တာပါ။

  1. Unknown said... :

    တခုလိုသေးတယ် facebook တည်ထောင်သူနဲ့ facebook admin ကိုင်ဆောင်သူတွေကို ဗမာစာသင်ခိုင်းလိုက် ဒါမှသူတို့ Edit လုပ်နိုင်မယ်၊ ဒါမှမဟုတ်ရင်လည်း ဗမာစာ edit လုပ်ဖို့ ဗမာပြည်ကနေ ကိုယ်စားလှယ်လွှတ်လိုက်၊ ဟိုမှာက သူမသိဘူး ဗမာလိုဘယ်လိုရေးထားတယ်၊ ဘာအဓိပ္ပါယ်လဲဆိုတာ၊ ဦးရဲထွဋ်ကိုယ်တိုင်သွားတာယူရင်ပိုအဆင်ပြေမယ်ထင်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved