ရန်ကုန်တိုင်း၊ ကျောက်တံတား မြို့နယ်က ထူးခြားဖြစ်စဉ်

Tuesday, June 4, 2013

 ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထူးခြားဖြစ်စဉ် တချို့ ရှိခဲ့ပါတယ်။ 

 လားရှိုးမြိ့မှာ မကြာသေးမီက အကြမ်းဖက်ဖျက်ဆီးမှုဖြစ်ပြီးနောက် ကျန်ရစ်ခဲ့သည့် မြင်ကွင်း၊ ဓာတ်ပုံ- ဧရာဝတီ

ဒါကတော့ သင်္ကန်းဝတ် ဗုဒ္ဓဘာသာ ရဟန်း ၂ ပါး ဟာ ကျောက်တံတားမြို့နယ်ထဲက ဗုဒ္ဓဘာသာဝင်  
နေအိမ်၊ တိုက်ခန်းတချို့ အပါအ၀င် မွတ်စလင် အိမ်တချို့ရှေ့မှာ မွန်းလွဲပိုင်းနဲ့ ညပိုင်းတွေမှာ ဆွမ်းရပ်ပါ ရစေဆိုပြီး ပြောလာတဲ့ အဖြစ်ပါ။ 

အိမ်ရှင်တဦးက အခုလို ပြောထားပါတယ်။ 

“ဘုန်းကြီး ၂ ပါး ကျွန်တော်တို့အိမ် အပါအ၀င် ကျွန်တော်တို့နေတဲ့ တိုက်မှာရှိတဲ့ မွတ်စလင်မ် အိမ် ၄ အိမ်၊ အက်ကမီး ဆန္ဒာထွန်း အပ်ချုပ်ဆိုင်၊ ကိုတင်ငွေ ပေါ်လစ်ဆိုင်၊ အပေါ်ထပ်က အိမ်တွေ တက်လာပြီး ဆွမ်း ရပ်ပါရစေ ဆိုပြီး လာပြော သွားတယ်။ လာပြောတဲ့ အချိန်က ၂၉ ရက်နေ့က ညနေ ၃ နာရီ။ ၃၁ ရက်နေ့က ည ၇ နာရီ” လို့ သူက ဆိုပါတယ်။ 

 ဒီလို ညနေဘက်၊ ညဖက်အချိန်မှာ ရဟန်းအသွင်နဲ့ ဆွမ်းရပ်တဲ့ ကိစ္စအပေါ် သတိထားမိလိုက်သူတွေ က စောင့်ကြည့်လိုက် ကြတယ်လို့ သူက ဆက်ပြောထားပါတယ်။ 

“ကျနော်တို့နဲ့ တရပ်ကွက်သားတည်း ကို….. ဆိုတဲ့ သူက အဲဒါကို သတိထားမိတယ်။ သူက အိမ်အောက် မှာရှိနေတာ၊၊ ဆင်း လာတဲ့ ဘုန်းကြီးတွေက အောက်ရောက်တာနဲ့ ကတ်ပြား တခုနဲ့ လိုက်မှတ်နေ တာ တွေ့တယ်တဲ့” လို့ သူက ဆက် ပြောပါတယ်။ 

ဒါနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြား၊ ရဲစခန်းအကြောင်းကြားပြီး မသင်္ကာလို့ မှတ်တမ်းတွေ လုပ်ကြတယ်လို့ အနီးအနားက လူတွေက ပြောပါတယ်။ ရဲစခန်းကတော့ အရပ်ဝတ်ရဲရော၊ ၀တ်စုံပြည့်ရဲပါ လုံခြုံရေး ချထားမယ်လို့ ရပ်ကွက်ကို နှစ်သိမ့်ပြီးပြောလိုက်တယ်လို့ သိရတယ်။ 

ထူးခြားတာက ဗုဒ္ဓဘာသာ ရဟန်းအသွင်နဲ့ ဆွမ်းလာရပ်တယ်ဆိုတာမှာ ထူးခြားနေတာတွေက မွန်းလွဲ ပိုင်း နဲ့ ညပိုင်းဖြစ်နေ တာ၊ နောက် မွတ်စလင်အိမ်တွေကိုပါ ဆွမ်းရပ်တာ၊ ပြီးတော့ သူတို့က ဘယ်ဟာက ဗုဒ္ဓဘာသာဝင်ရဲ့ အိမ်ခန်း၊ ဘယ်ဟာ က မွတ်စလင် ဘာသာဝင်ရဲ့အိမ်ခန်း စတဲ့ အမှတ်အသား တခုခု လုပ်သွားတာတွေဟာ ထူးခြားနေပြီး ဒီလို ရဟန်းအသွင် မျိုးဟာလည်း မျက်နှာစိမ်းဖြစ်နေတာကလည်း ထူးခြားနေတယ်လို့ အဲဒီရက်ကွက်နေသူတွေက ဆိုကြပါတယ်။ 

မိတ္ထီလာ၊ ဥက္ကံနဲ့ ပဲခူးတိုင်းတွင်းက မြို့နယ်တချို့၊ လားရှိုးစတဲ့ မြို့တွေမှာဖြစ်သွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးစောင်းပေး အကြမ်းဖက်ဖြစ်စဉ်တွေမှာ နောက်ကွယ်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသူတွေ ရှိတယ်ဆိုတာ ပေါ်လွင်တာကြောင့် အခု ထူးခြားဖြစ်စဉ် ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်တိုင်း၊ ကျောက်တံတားက ဗုဒ္ဓဘာသာရော၊ မွတ်စလင်တွေရောက စိုးရိမ်နေကြတယ် လို့ သိရပါတယ်။ 

အကြမ်းဖက်ဖြစ်စဉ်တိုင်းမှာ လူစိမ်းတွေက မီးရှို့ဖျက်ဆီးမှုတွေ လုပ်သွားခဲ့တာသာများပြီး ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်စလင်ဘာသာဝင်တွေပါ ဒုက္ခတွေနဲ့ ကျန်ရစ်ခဲ့ကြရတာချည်းပဲဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved