DKBA မှာ လုပ်တဲ့ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ

Sunday, June 16, 2013


 မြန်မာနိုင်ငံမှာသောင်မတင်ရေမကျဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဘို့အတွက် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်မှာရှိတဲ့ ကလို့ထူးဘော DKBA ဌာနချုပ်မှာ
စနေနေ့  မနက်ကစပြီး “ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတရပ်ကို စတင်ပြုလုပ်နေပါတယ်။

DKBA ကနေ ကမကထပြုတဲ့ဒီပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ကိုယ်စားလှယ်တွေနဲ့ မြေပေါ်မြေအောက် အဖွဲ့အစည်းအချို့က ကိုယ်စားလှယ်တွေ အကြိတ်အနယ်ဆွေးနွေးနေကြတာပါ။

သို့သော်လည်း  အဖွဲ့အစည်းတချို့က ကိုယ်စားလှယ် စေလွှတ်ရာမှာ  အဆုံးအဖြတ်ပေးနိုင်မယ့်သူတွေကိုအစား    အလယ်အလတ်အဆင့် တာဝန်ရှိသူတွေကိုပဲ စေလွှတ်ကြတယ်လို့  ဆွေးနွေးပွဲတက်နေတဲ့ ကိုယ်စားလှယ်တဦးကပြောပါတယ်။

DKBA အဖွဲ့ကတော့ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က ဟန်ချက်ညီညီနဲ့ ခိုင်မာမှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ချနိုင်ဘို့နဲ့ သောင်မတင်ရေမကျဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ် ငန်းစဉ်တွေကို စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးအဖြစ်၊ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဘို့အတွက် ဒီပွဲကို စီစဉ်တာလို့ ဆိုပါတယ်။

ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားရာမှာ အားနည်းချက်ရှိတယ်ဆိုပြီး ထောက်ပြသူတချို့လည်း ရှိနေပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တဦးက ”ဒီပွဲရဲ့ရည်ရွယ်ချက်ကသိတ်ကောင်းတယ်။ အချို့တိုင်းရင်းသားခေါင်းဆောင်တွေ ဆိုရင် လာချင်ကြပေမဲ့ ဖိတ်စာကိုသူတို့က စနစ်တကျ မဖိတ်တော့ တချို့ဆိုရင်လာလို့မရဘူး။
 ရှမ်းတိုင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်နဲ့ အခြား တိုင်းရင်းသားခေါင်းဆောင်တွေ လာချင်ပေမယ့် အခက်အခဲတွေဖြစ်ကြရတယ်၊
သူတို့က ဖိတ်စာကိုအင်တာနက်ကနေ ဝေနေယျတွေကို ဖိတ်သလိုမျိုးဖြစ်နေတယ်” လို့ သုံးသပ်ပါတယ်။

 KNU နှင့် KIO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ  အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီကြီးများကိုလည်း ဖိတ်ကြားသင့်ကြောင်း၊ သို့မှသာ ပြဿနာကို လက်တွဲညီညီ အဖြေရှာနိုင်မည်ဖြစ်ကြောင်း သူက   ဖြည့်စွက်ပြောဆိုပါတယ်။

ဆွေးနွေးပွဲကိုပြည်တွင်းက နိုင်ငံရေးအကျဉ်းသား မိသားစု ကူညီစောင့်ရှောက်ရေး ကွန်ယက်အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများ တိုင်းရင်းသားရေးရာအဖွဲ့၊ သံဃာ့ဂိုဏ်းပေါင်းစုံအဖွဲ့အပါအ၀င် တသီးပုဂ္ဂလတွေ အများ အပြား တက်ရောက်ခဲ့ကြပါတယ်။
 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာဆိုရင်လည်း DKBA ၊ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီအဖွဲ့တွေနဲ့ အခြားအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် ၃၀၀ လောက် တက်ရောက်ကြပါတယ်။

၃ ရက်တာကြာမဲ့ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်များ ဆွေးနွေးပြီးရင် လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အထောက်အကူဖြစ်မယ့် သဘောတူညီချက်တွေ ရမလဲ ဆိုတာကို  ဆွေးနွေးပွဲကိုလေ့လာစောင့်ကြည့်နေသူတွေက မျှော်လင့်နေပါတယ်။

မြန်မာအစိုးရနဲ့လက်ရှိငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တခုက ခေါင်းဆောင်တဦးက  ”ဒီနေ့ဒီကေဘီအေကလုပ်တဲ့ပွဲမျိုးကို မြန်မာအစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ကတော့ သဘောမတွေ့ဘူး” လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုပါတယ်။

ဆွေးနွေးပွဲကို ကရင်လက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့ရှိတဲ့အထဲက DKBA ဗိုလ်ချုပ်စောလားပွယ်နဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်ချုပ်ကြီးစောဌေးမောင်  ဦးဆောင်တဲ့ အဖွဲ့နှစ်ဖွဲ့ကဘဲ ဦးဆောင်တက်ရောက်တာကို တွေ့ရပါတယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တော့ အဆင့်မြင့်အရာရှိတွေ တက်ရောက်တာ မရှိပါဘူး။

ဆွေးနွေးပွဲသတင်းယူမယ့် ပြည်တွင်းပြည်ပ သတင်းသမား   ၅၀ နီးပါး တက်ရောက် သတင်းယူနေကြပါတယ်။


ဆုံဆည်းမြိုင်မှာ မနေ့က စတင်တဲ့ နှီးနှောဖလှယ်ပွဲ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)







 

 



1 comments :

  1. Anonymous said... :

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဒီလအတွင်းမှာ ရုရှားနိုင်ငံဆီသွားမယ်လို. ရုရှားက မြန်မာသံအမတ်ကြီးနဲ. နီးစပ်တဲ. ဗိုလ်မှုးကျော်ဇော်ရဲက လိုက်ပြောနေပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ.အတူ တပ်မတော်အဆင်.မြင်.အရာရှိကြီးတွေလည်း ပါမယ်။ ဗိုလ်မှုးကျော်ဇော်ရဲ ပြောပုံမှာ ဦးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံသို.လျှို.ဝှက်လာရောက်မှာပါ။ ရုရှားက စစ်ဗိုလ်တွေအတွက် ငွေကြေး အစားအသောက် ဂျာကင်အကျီတွေပါ ပေးမယ်ပြောပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved