ဟစ်တလာပုံကြောင့် ထိုင်းတက္ကသိုလ် တောင်းပန်စာထုတ်

Tuesday, July 16, 2013

ထိုင်းနိုင်ငံရဲ့ အထင်ကရ အဖြစ်ဆုံး တက္ကသိုလ် လို့ ဆိုနိုင်တဲ့ ချူလာလောင်ကောင် ယူနီဗာစီတီက ဘွဲ့နှင်းသဘင် အခမ်းအနားတွေအတွင်းချိတ်ဆွဲခဲ့တဲ့ ပိုစတာတွေထဲက တခုမှာ ဟစ်တလာရဲ့ရုပ်ပုံကို တခြား ကာတွန်းဇာတ်ကောင်များကြားထဲ ရောက်နေပုံ   ရေးဆွဲဖော်ပြခဲ့မိတဲ့အတွက် တနင်္လာနေ့မှာ တောင်းပန်လိုက်ပါတယ်။

ဒီပိုစတာကို ဖန်တီးခဲ့တဲ့ ဘန်ကောက်မြို့က အဲဒီတက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေက ဟစ်တလာပုံကို ထည့်သွင်းခဲ့တာဟာ မတော်တဆ ဖြစ်ရပ်တခုပါ၊ ဘယ်သူ့ကိုမှ စော်ကားလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး တဲ့။

ပုံမှာ တွေ့ရတဲ့အတိုင်း စူပါမင်း၊ လင်းနို့လူသား စတဲ့ ထင်ရှားလူသိများတဲ့ဇာတ်ကောင်တွေထဲမှာ ဟစ်တလာကြီးက ပြူးနေပါတယ်။
ဟစ်တလာ့ပုံရှေ့မှာ သူ့စတိုင်နဲ့ အလေးပြုဟန် ဓာတ်ပုံရိုက်သူလည်း ရှိပါတယ်။

ကန့်ကွက်တာတွေ ရှိတဲ့နောက်ပိုင်း ဒီပိုစတာကို စနေနေ့က ဖယ်ရှားလိုက်ပြီလို့ ဆိုတယ်။

ဒီအကြောင်း ဧရာဝတီ ပင်မစာမျက်နှာမှာ Thai University Apologizes for Hitler Banner
 http://www.irrawaddy.org/archives/40096 ဆိုပြီး ဖော်ပြထားပါတယ်။
            
ပိုစတာမှာ ဟစ်တာကြီးပုံ ပါဝင်နေရတာကတော့ လောကကြီးမှာ လူဆိုးရော လူကောင်းပါ ရှိနေတာကို ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရကြောင်း
 ကျောင်းသား/ကျောင်းသူတွေကို ခေါ်ယူ မေးမြန်းခဲ့တဲ့ ချူလာလောင်ကောင်က တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို သတင်းထဲမှာ ဖတ်ရမှာပါ။

ဟစ်တလာပုံကိစ္စ ကန့်ကွက်သူများကြားထဲမှာ The Simon Wiesenthal Center လို့ အမည်ရတဲ့ ဂျူးလူမျိုးတို့ရဲ့ လူ့အခွင့်အရေးအဖွဲ့တခုလည်း ထိပ်ဆုံးက ပါပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ပုံကို အဲဒီအဖွဲ့က မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ရဲ့ ထိပ်သီးလူဆိုးဟစ်တလာက အခုခေတ်လူတချို့အတွက် ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် တချို့အတွက်တော့ ဒီပုံဟာ သေချာပေါက် အင်မတန် အကဲဆတ်ဖွယ် ဖြစ်လိမ့်မယ် ဆိုတာကို ဒီသတင်းက သက်သေပြနေပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved