ဦးသိန်းစိန်ရဲ့ လန်ဒန်မြို့ မိန့်ခွန်း

Tuesday, July 16, 2013

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ တတိယစာမျက်နှာ(သို့မဟုတ်)
လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့
အလုံးစုံ ငြိမ်းချမ်းရေး ရရှိရေး

 
(Chatham House ၌ ကျင်းပသည့် “မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု နောက်ကွယ်မှ စိန်ခေါ်မှုများနှင့် အကျိုးရလဒ်များ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်
ပြောကြားသည့် မိန့်ခွန်းမှ) 

[ မိန့်ခွန်းကို သမ္မတရုံး အွန်လိုင်းစာမျက်နှာကနေ ယူပါတယ်။ ဓာတ်ပုံကို ရန်ကုန် ဗြိတိသျှသံရုံး Facebook ကနေ ယူပါတယ် ]

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တတိယ မျက်နှာစာလည်း ဖြစ်တဲ့ အရေးကြီးဆုံးကဏ္ဍလို့လည်း ဆိုရမယ့် ကိစ္စကတော့ ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ အလုံးစုံ ငြိမ်းချမ်းရေး ရရှိရေးပဲ ဖြစ်ပါတယ်။

လုံခြုံရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး တော့လည်း မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံတကာ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။ မြန်မာနှင့် ဗြိတိန် တပ်မတော်တို့အကြား ရင်းနှီးချစ်ကြည်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်လိုပါတယ်။ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း လုံခြုံရေး ကိစ္စရပ်တွေကို ပိုမိုခိုင်မာစေရုံသာမက ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ကိုလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံတော် အစိုးရ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အရေးကြီး လုပ်ငန်းစဉ် တွေထဲက အဓိက လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာပိုင်း စွမ်းရည်တွေကို ဖြည့်ဆည်းခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန် မြှင့်နိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအစိုးရ အုပ်ချုပ်ရေး စနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ဖို့အတွက် တပ်မတော် အပါအဝင် နိုင်ငံတော်လုံခြုံရေး အင်အားစုတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး မြန်မြန်ဆန်ဆန် တိုးတက်ကောင်းမွန်လာဖို့နဲ့ ရရှိလာတဲ့ တိုးတက်မှုတွေကို ဆက်လက် ခိုင်မာနေစေဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီတွေ အကြံပြုချက်တွေကို ကြိုဆိုလျက် ရှိပါတယ်။ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ အတွက် အဓိကကျတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဂုဏ်ယူစွာ ပြောကြားလိုတာကတော့ ကျွန်တော်တို့ အစိုးရ တာဝန်ယူထားတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါးနဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ KIO အဖွဲ့အစည်းနဲ့ လည်း ပဏာမ ငြိမ်ချမ်းရေး သဘောတူညီချက် အချို့ကို ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လာမယ့်ရက်များအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ကို ကျော်ဖြတ် နိုင်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းမယ့်နေ့ ဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီလက်မှတ် ရေးထိုးနိုင်မှုဟာ အလွန်အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့ တစ်ခုဖြစ်ပြီး အားလုံးက ဝမ်းမြောက်ဂုဏ်ယူ ပျော်ရွှင်ကြရမယ့် ကိစ္စတခုလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ တရားမျှတပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရဲ့ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေကနေတစ်ဆင့် သဘောတူညီချက်တွေ ရရှိအောင် ခက်ခဲတဲ့ ဆွေးနွေးမှုတွေကို မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်မှုဟာ ပြည်သူလူထုအားလုံးကို ကိုယ်စား ပြုနိုင်တဲ့ မြန်မာ့အမျိုးသားရေး လက္ခဏာသစ် ( National Identity) တရပ် တည်ဆောင်နိုင်မှုနဲ့ တိုက်ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ တိုင်းရင်းသား မျိုးနွယ်စုများ အားလုံး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ စတဲ့ လူမျိုးဘာသာမရွေး မြန်မာနိုင်ငံသားများ အားလုံးသဘောတူညီ လက်ခံနိုင်တဲ့ National Identity သစ်တရပ်ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ယဉ်ကျေးမှု ဓလေ့စုံရှိတဲ့ မြန်မာနိုင်ငံမှာ မတူညီတဲ့ တိုင်းရင်းသား ဘာသာစကားပေါင်း အမြောက်အများကို ပြောဆိုတဲ့ လူမျိုးစုများနဲ့ ကမ္ဘာမှာ ကြီးမြတ်တဲ့ ဘာသာတရားကြီးများကို အသီးသီး ကိုးကွယ်ယုံကြည် သူများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံ တကာ အသိုင်းအဝိုင်း အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရပါတယ်။ ကျွန်တော့် အနေနဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ပေါ်ပေါက်အောင် သွေးထိုး လှုံ့ဆော်သူ မည်သူကိုမဆို လုံးဝ သည်းခံခွင့်လွှတ်သွားမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

လူကြီးမင်းများ သိထားကြတဲ့အတိုင်း အသွင်ကူးပြောင်းရေးကာလတွေမှာ ပေါ်ပေါက် လာတဲ့ နိုင်ငံရေး ပွင့်လင်း လွတ်လပ်မှုတွေကို ခုတုံးလုပ်၊ အမြတ်ထုတ်ပြီး မလိုလား အပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ကြသူများ ရှိတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ နုနယ်သေးတဲ့ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီဆိုတဲ့ အနေအထား တစ်ရပ်ကနေ ကိုင်တွယ်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေကို အာဏာရှင်စနစ်ဆီကို ပြန်ဦးတည်ဖို့ ခုတုံးလုပ် အသုံးချခံရခြင်းမျိုး မဖြစ်စေဖို့အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေး ပွဲတွေ ဖြစ်မြောက်အောင်၊ မတူညီတဲ့ လူ့အဖွဲ့အစည်း အသိုက်အဝန်းတွေကြားမှာ နားလည်ယုံကြည်မှုတွေ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ဒီတာဝန်ရဲ့ နက်နဲ သိမ်မွေ့မှုတွေကို အသိအမှတ်ပြု နားလည်ပေးဖို့၊ လိုအပ်တဲ့ စိတ်ရှည်သည်းခံမှုတွေ ထားရှိပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

လတ်တလော သတင်းခေါင်းစဉ်တွေ သက်သက်ထက် ကျော်လွန်ခဲ့တဲ့ နားလည်မှုတွေ ထားရှိပေးကြဖို့လည်း တိုက်တွန်း လိုပါတယ်။ လတ်တလောမှာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေရှိခဲ့ပေမယ့် မတူညီတဲ့ ရိုးရာဓလေ့တွေနဲ့ ကိုးကွယ် ယုံကြည်မှုတွေ ရှိကြတဲ့ မြန်မာနိုင်ငံသား အားလုံးဟာ သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ လုပ်ဖော်ကိုင်ဖက် တွေ အိမ်နီးချင်းတွေ အဖြစ် ရင်းနှီးချစ်ကြည်စွာနဲ့ နှစ်ပေါင်းရှည်ကြာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့လည်ခေါင်မှာ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ တည်ရှိလာတဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရားပုထိုးစေတီများ၊ ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ဂျူးဘာသာဝင်များရဲ့ ဘုရားရှိခိုး ကျောင်းများ၊ တရုတ်ဘုံကျောင်းများနဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ဗလီများဟာ ကွဲပြားမှုများ အပေါ်မှာ အစဉ်အလာအရ စိတ်ရှည်သည်းခံနိုင်စွမ်းရှိတဲ့ မြန်မာ့ လူ့အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ပြသနေတဲ့ သက်သေ သာဓကများပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ် အလာတွေ အပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကွဲပြားခြားနားတဲ့ ဝိသေသ တွေကို အားနည်းချက် မဖြစ်စေဘဲ အင်အားတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်

၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၅ ရက်၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့

1 comments :

  1. Anonymous said... :

    How many time do you(Mr. President) promise the world and peoples of Burma ;more than 10 months still going on religion tension, fake monks are doing anti-Muslims riot that nobody action to them but indirect way encourage to them whom are doing. I was born in Burma I never heard before like worse and worse. Shameful Burma.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved