မြန်မာ့ မိုဘိုင်းဖုန်း ဘ၀ပြောင်းဖို့ အစပျိုးပြီ

Thursday, July 11, 2013

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်တဲ့ Telenor နှင့် Ooredoo ကုမ္ပဏီတွေက ဖုန်းခေါ်ဆိုခတွေကို အသိပေး ကြေညာလိုက်ပါတယ်။ ဒါဟာ မြန်မာ့မိုဘိုင်းဖုန်းရဲ့ ဘ၀ပြောင်းမှု အစပျိုးလိုက်တာပါ။ 



နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီက တမိနစ် ဖုန်းခေါ်ဆိုခမှာ ၂၅ ကျပ် ဖြစ်ပြီး ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီက ကွန်ယက်တူ တမိနစ်ခေါ်ဆိုခ ၃၅ ကျပ်နဲ့ အခြား ကွန်ယက်တွေအတွက် တမိနစ်ခေါ်ဆိုခ ၄၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ 

အခု လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကတော့ တမိနစ်ကို ကျပ် ၅၀ နှုန်း ကောက်ခံနေပါတယ်။ 

မြန်မာနိုင်ငံမှာ တလျှောက်လုံး ဆင်းမ်ကတ်က ဈေးအလွန်ကြီးခဲ့တာပါ။ မိုဘိုင်းဖုန်း စတင်ပေါ်ခါစကတော့ အစိုးရကို တရားဝင် ပေးသွင်းရတဲ့ ငွေကျပ် ၁၅ သိန်းကျော် ရှိပြီး အပြင်ပေါက်ဈေးက ဆင်းမ်ကတ်တခုကို ကျပ်ငွေ ၂၅ သိန်း ကနေ သိန်း ၃၀ ထိ ပေးဝယ် ခဲ့ကြရတာပါ။ 

အဲဒီကာလတွေက သာမန် လူတန်းစားတွေနဲ့ မိုဘိုင်းဖုန်းဆိုတာ အိပ်မက်ပင် မက်လို့ မရတဲ့ အခြေအနေပါ။ 

နိုင်ငံခြားက မြန်မာနိုင်ငံကို ဖုန်းခေါ်ဆိုခ ကလည်း ဈေးအကြီးဆုံး စာရင်းဝင် နိုင်ငံ အနည်းငယ်ထဲ မှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေမှာတောင် ဆင်းမ်ကတ် အခမဲ့ပေးဝေမှုတွေ လုပ်နေချိန်မှာ မြန်မာပြည်က ဆင်းမ်ကတ် ဈေးနှုန်းက အလွန် မြင့်မားတာကြောင့် နိုင်ငံတကာက အံ့အားသင့်ရတဲ့ အဖြစ်ပါ။ 

မနှစ်ကတော့ ဆင်းမ်ကတ်တခုကို ၂ သိန်းနဲ့ ရောင်းချပေးလာခဲ့ပါတယ်။ ဒီအပြင် လွန်ခဲ့တဲ့ လပိုင်းကစပြီး ဆင်းမ်ကတ် တခုကို ၁၅၀၀ ကျပ်နဲ့ပဲ မဲစနစ်နဲ့ ရောင်းချပေးလာနေပါပြီ။ ဒီအတွက် သာမန်လူတွေ မိုဘိုင်းဖုန်း သုံးခွင့်တွေရလာနေပြီ။ ဒါပေမယ့် အပြင်ပေါက်ဈေးကတော့ ၇ သောင်းလောက် ဖြစ်နေတာတွေ ရှိတယ်။ 

အခုတော့ Telenor နဲ့ Ooredoo ကုမ္ပဏီတွေက ဆင်းမ်ကတ်တခုကို ၁၅၀၀ ကျပ်နဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ ဆိုပြီး နောက်ပိုင်း ဆင်းမ်ကတ်ကို အခမဲ့ပေးဖို့ အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။ 

အခုလို နိုင်ငံခြားက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာတော့မှ ပဲ ဈေးချိုချိုနဲ့ ဆင်းမ် ကတ်တွေ ၀ယ်သုံးလို့ရတော့မှာဖြစ်သလို ဖုန်းခေါ်ဆိုခနှုန်း သက်သက် သာသာနဲ့ အသုံးပြုရတော့မှာပါ။ 

တချိန်ကတော့ မိုဘိုင်းဖုန်းဆိုတာ လူချမ်းသာနဲ့ အာဏာရှိသူတို့ရဲ့ အဆောင်အယောင်တန်ဆာ တခုဖြစ်ခဲ့ပါတယ်။ အခုတော့ မိုဘိုင်းဖုန်းဆိုတာ လူတွေရဲ့ အသုံးတည့်တဲ့ သာမန်ပစ္စည်းတခုအနေနဲ့ ဘ၀ ပြောင်းရ ပါတော့မယ်။ 

အိမ့်သံစဉ် ~ 

ဆက်စပ်သတင်း

ဆက်သွယ်ခ ဈေးများ Telenor နှင့် Ooredoo တို့ ထုတ်ပြန်



1 comments :

  1. Anonymous said... :

    When will they start to sell their Sim Card? Any idea???

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved