ကိုးရီးယားကြောင့် ဘေထုပ်လည်း မခံနိုင်

Wednesday, July 31, 2013



အ၀တ်အစားတွေကို ဘေထုပ်တန်းမှာရှာရင် အမှန်အကန်တွေရတယ်ဆိုပြီး ၀ယ်ကြတဲ့ ထုံးစံ တချိန်က ရှိခဲ့ပါတယ်။  LEVI’s လို နာမည်ကြီး ဂျင်းဘောင်းဘီတွေကို ဒီလို အဟောင်းတန်းမှာ ရှာဖွေ ၀ယ်ယူကြတာပါ။
နာမည်ကြီး သရုပ်ဆောင် တချို့တောင်မှ ဒီဘေထုပ်တန်းနဲ့ မလွတ်ဘူးလို့ ဆိုကြပါတယ်။


အခုတော့ ဒီအစဉ်အလာက ပြောင်းလဲသွားပါပြီ။ ဟိုအရင်ကလို Levi’s နဲ့  Lee တို့လို အထင်မကရ တံဆိပ်တွေကို ရှာဖွေ ၀ယ်ယူတဲ့ သူတွေက နည်းပါးလာပြီး
အခုခေတ်စားတဲ့ ဖက်ရှင်တွေဘက်ကို ဘေထုပ်ဝယ်ယူသူတွေက မျက်စိကျလာပါတယ်။
ခေတ်ရေစီးပြောင်းလဲလာတာနဲ့အမျှ လူတွေစွဲလမ်းတဲ့ ဝတ်စားမူဖက်ရှင်တွေကလည်း ပြောင်းလဲလာပါပြီ။

“ဒီဘက်ခေတ်မှာ ရေပန်းအစားဆုံးကတော့ ကိုရီးယားပေါ့၊   လူငယ်ယောက်ကျား၊ မိန်းမ အကုန်လုံး ကြိုက်တဲ့ ဖက်ရှင်လည်း ကိုရီးယား ဖြစ်နေတယ်။
ကျွန်တော်တို့ ဒီဈေးမှာ စရောင်းတုန်းက ကိုယ်တိုင်လည်း ပစ္စည်းကောင်းတွေ ၀တ်ချင်တယ်။ Brand တွေကို ကြိုက်တယ်။
ဝယ်ဖို့လည်း မြန်မာပြည်ဈေးကွက်မှာ မလွယ်နိုင်တာရယ်၊   အသစ် ၀ယ်ပြန်ရင်လည်း ဈေးကြီးလွန်းတာရယ်ကြောင့် ဘေထုပ်ကို ကြိုက်သွားတယ်” လို့ ဘေထုတ် ရောင်းတဲ့ ကိုထွန်းမြင့်က ဆိုပါတယ်။

ကိုယ်တိုင်လည်း ၀တ်တယ်၊ ရောင်းလည်း ရောင်းတယ်။ ဒီလိုနဲ့ ဒီဈေးထဲမှာ ဆယ်နှစ်ကျော်လာတယ်။
ဒီဘက်နှစ်တွေမှာတော့ တော်တော်လေး ပြောင်းသွားတယ်၊   ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ကြတဲ့ဂျင်းတွေကို ဒီဘက်ခေတ် လူငယ်တွေက ကိုရီးယားနဲ့ အစားထိုးလိုက်တယ်။ 
ဈေးဖြစ်လို့သာ ရောင်းနေရတာ၊ ကိုယ်တိုင်အနေနဲ့တော့မကြိုက်ဘူး” လို့ မင်္ဂလာဈေးသစ်ဘေထုပ်တန်းမှာရှိတဲ့ ကိုထွန်းမြင့်က ဆက်ပြောပါတယ်။

အခုနောက်ပိုင်း ခေတ်စားတဲ့ ကိုရီးယားဖက်ရှင်တွေက လူငယ်တွေကြားမှာ တော်တော်လေး နေရာယူပါတယ်။ အလှကုန်နဲ့ ဖက်ရှင်ဈေးကွက်ကို
ကိုရီးယားပစ္စည်းတွေက ထိုးဖောက်နိုင်ပါတယ်။
ဈေး သိပ်မကြီးတဲ့ ကိုရီးယားဝတ်စုံတွေက ဘေထုပ်တန်းက ကမ္ဘာကျော် အမှတ်တံဆိပ် အ၀တ်အစား အဟောင်းတွေကိုလည်း လွှမ်းမိုးပါတယ်။

“အခု ဘေထုပ်ဈေးလို့သာ ပြောနေကြတာလေ၊ ကိုရီးယားနဲ့ လူငယ်ကြိုက် ဖက်ရှင်ပစ္စည်းအသစ်တွေ ရောင်းတဲ့ ဆိုင်တွေ ဒီဈေးမှာ ဖွင့်လာကြတယ်။
အရင်ကလို လိုင်းထဲက ပစ္စည်း အမှန်တွေကို ကြိုက်တဲ့သူတွေ မရှိတော့ဘူး၊  
ကျွန်တော်တို့တုန်းက Levi’s တောင် ဂျပန်ဆိုရင် မ၀တ်ချင်ဘူး၊   USA မှ ၀တ်တာ၊  
အခုခေတ် လူငယ်တွေက ဒါတွေကို သိပ်မကြည့်တော့ ပစ္စည်းအရည်အသွေးကိုလည်း သူတို့ မသိကြဘူး၊
  သူတို့က ဒီနေ့ခေတ်စားတဲ့ဖက်ရှင်ကိုပဲ သိတာလေ။
 ဒါကြောင့် ဈေးကွက်ကလည်း လိုက်ပြောင်းရတယ်၊   သူတို့အကြိုက်ပေါ့” လို့ သူကဆက်ပြောပါတယ်။

     အရင်က ဘေထုပ်ဈေးပေါ်တက်လိုက်တာနဲ့ ဂျင်းတွေမြင်ရမယ်၊   အခုတော့ အရောင်တောက်တောက် ကိုရီးယားအင်္ကျီ ဘောင်းဘီတွေ၊  
အမျိုးသမီး လက်ကိုင်အိတ်တွေကို အရင်တွေ့ရပါလိမ့်မယ်။ ဒီလိုဖြစ်ပေမယ့်လည်း ဂျင်းတွေကိုကြိုက်တဲ့သူတွေကတော့ ဘေထုပ်မှာ အားပေးနေတုန်းပါပဲ။
ဈေးသက်သာလို့ ဆိုတာထက် ဂျင်းတွေ၊   ပစ္စည်းကောင်းတွေကို ကြိုက်တက်ကြတဲ့သူတွေကတော့ ဘေထုပ်တန်းကို အမြဲအားပေးပါတယ် တဲ့။

 “ကျွန်တော်တို့ဆီမှာ နှစ်တွေ အကြာကြီး လာဝယ်တဲ့သူတွေ ရှိတယ်။ သူတို့ကတော့ မပြောင်းလဲဘူး၊   Levi’s တွေ၊   ဂျင်းတွေကို ကြိုက်တုန်းပဲ” လို့ ကိုထွန်းမြင့်က ရှင်းပြပါတယ်။

အခုလောလောဆယ်မိုးတွင်းကာလမို့ အရောင်းပါးပေမယ့် မင်္ဂလာဈေးသစ် ဘေထုပ်တန်းမှာ မိုးကာအင်္ကျီ၊   ဘောင်းဘီတွေတော့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။

ဘေထုပ်တန်း ဈေးကွက် အခြေအနေကတော့ ဒီဘက်ခေတ်မှာ အတော်လေး ပြောင်းလဲသွားတယ်ဆိုတာကတော့ သေချာပါတယ်။

ဒါပေမယ့် ဘေထုပ်တန်းမှာ ဂျင်းတွေ ပစ္စည်းကောင်းတွေကို ကြိုက်လို့ အမြဲအားသူတွေ ရှိနေသမျှတော့  ဘေထုပ် အ၀တ်အစားများကလည်း အရောင်းအ၀ယ် ဖြစ်နေဦးမှာပါပဲ။

ရွက်စိမ်း ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved