ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်

Saturday, July 27, 2013





ရန်ကုန်မြို့မှာဖွင့်ထားတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်မှာ ဘာတွေရသလဲ။
သုံးဆောင်နိုင်တာတွေကတော့ အများကြီးပါပဲ။
နံရံချိတ် အစားအသောက်စာရင်းကို ပူးတွဲပါ ပုံများမှာ ကြည့်နိုင်ပါတယ်။

ဆိုင်ရှင် ဦးခင်ညွန့်ကိုယ်တိုင်လည်း ကော်ဖီနှစ်သက်သူတဦးပါပဲ။
သူ ဘာတွေသောက်လေ့ရှိပါသလဲ??
အဘက ကက်ပချီနို၊ အမေရိကန်နိုတို့ကို သောက်ပါတယ်လို့ ဆိုင်ဝန်ထမ်းတဦးက ဆိုပါတယ်။
စစ်အရာရှိကြီးတွေဟာ တာဝန်ထမ်းချိန်မှာရော၊ အရပ်ဘက်ရောက်သွားချိန်မှာပါ "အဘ" ဆိုတဲ့ နာမ်စားနဲ့ အညွှန်းခံကြရသူများပါ။

မေလလယ်ပိုင်းက ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းဦးခင်ညွန့်နဲ့ အင်တာဗျူးကို http://www.irrawaddy.org/archives/34854 နဲ့ http://burma.irrawaddy.org/archives/39785 တို့မှာ ဖတ်နိုင်ပါတယ်။
တခြား နှပ်ကော်ဖီဆိုင်များလိုပါပဲ၊ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်မှာလည်း ကော်ဖီကို သကြားမထည့်ဘဲ စီမံပေးပါလိမ့်မယ်။
သောက်သုံးသူက ကိုယ်နှစ်သက်သလောက် အချိုထည့်စပ်သောက်ပေတော့။
လာပေးတဲ့အတိုင်း သောက်ချလိုက်ရင်တော့ ကော်ဖီရဲ့ မူရင်းအရသာကို တွေ့ရှိမှာပါ။

အစားအသောက်စာရင်းမှာ ပါတဲ့ Coffee Freezes ဆိုတာ ဘာများလဲ လို့ မေးလိုက်တော့ ကော်ဖီကို စမူးတီးပုံစံလုပ်ထားတာပါ တဲ့။
အရည်မဟုတ် အခဲမဟုတ် ခပ်အေးအေးကော်ဖီဖြစ်ပါလိမ့်မယ်။

လူသောက်များတဲ့ကော်ဖီတွေကို အပူ/အအေး နှစ်သက်ရာ မှာယူ နိုင်ပါတယ်။

အပေါ်ကပုံမှာ တွေ့ရတာကတော့ ဒိန်ချဉ် ဖြစ်ပါတယ်။
ဖန်ခွက်ပိန်ပိန်ထဲ ရေခဲတုံး ၃ တုံးထည့်၊ ပြီးတော့ ရေခဲသေတ္တာထဲ လှောင်ထားတဲ့ ဒိန်ချဉ်ကို ထည့်လိုက်တာပါပဲ။
ပိုက်တချောင်း နဲ့ ဇွန်တချောင်း တပ်လိုက်ပါတယ်။
သကြားရည်လို့ယူဆရတာကို ခွက်ကလေးနဲ့ ထည့်ပေးပါတယ်။ ဒိန်ချဉ်က အနေတော်မို့ သကြားရည်ကို အားမပြုလည်း ရပါတယ်။
အရသာကောင်းတဲ့ အဲဒီဒိန်ချဉ်တခွက်အတွက် ၁,၅၀၀ ပေးရပါလိမ့်မယ်။
အလှစား၊ အဆာပြေစားလို့သင့်တော်တဲ့မုန့်တချို့ကိုလည်း တွေ့ရပါတယ်။

ဘယ်လိုလဲ ..... ၊ နဝဒေး ကော်ဖီကော်နာ လို့ အမည်ပေးထးတဲ့ အဲဒီကော်ဖီဆိုင် သွားဖို့ အစီအစဉ် ရှိပါသလား။
ရန်ကုန်မြို့ န၀ဒေးရုပ်ရှင်ရုံနားက န၀ဒေးလမ်းထဲမှာ ဒီဆိုင်ကို တွေ့ရမှာပါ။
မိုးဇလရုံးကြီးဘေးနားမှာပါ။ 
ဆိုင်ဖုန်းနံပါတ် ၀၉ ၄၃၁၉ ၉၈၉၈ ဖြစ်ပါတယ်။

မနက် ၉ နာရီဖွင့် ည ၉ နာရီပိတ်တဲ့ ဒီဆိုင်မှာ ကြိုးမဲ့အင်တာနက် အခမဲ့သုံးနိုင်အောင် စီစဉ်ပေးထားတာ တွေ့ရမှာပါ။
ကေဘယ်ကြိုး ပင်လယ်ရေထိသွားတာကြောင့် အင်တာနက်မြန်နှုန်း ပြုတ်ကျသွားတဲ့ဒဏ်ကို ဒီဆိုင်မှာလည်း ခံရပုံပါပဲ။
ဆိုင်ထဲ အင်တာနက်သုံးရင်  ဘယ်စာမျက်နှာကိုပဲဖွင့်ဖွင့် အဖြူရောင်ပဲ တွေ့ရဖွယ်ရှိပါတယ်။


ကော်ဖီစုံ


စမူးတီး နဲ့ အအေးဗူး။
စမူးတီးတွေက သဘာဝအသီးများနဲ့လုပ်တာ ဖြစ်နိုင်သလို နိုင်ငံတကာသုံး ဖျော်ရည်မှုန့်နဲ့လုပ်တာလည်း ဖြစ်နိုင်ပါတယ်။
ဘာနဲ့ဖျော်သလဲ မေးဖို့ မေ့သွားသလို ၀ယ်လည်း မသောက်ဖြစ်ခဲ့ပါ။

ဒိန်ချဉ် နဲ့ ဖျော်ရည်


ချောကလက်၊ နို့

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved