သံတွဲက လယ်သမားတဦး အသတ်ခံရ

Thursday, July 11, 2013


မကြာခင်ရက်ပိုင်းအတွင်းက ပဋိပက္ခအချို့ဖြစ်ပွားခဲ့သည့် သံတွဲမြို့မှ တောင်ကုတ်မြို့သို့ သွားရာလမ်းရှိ နတ်မော်ကျေးရွာအုပ်စုတွင်  ဗုဒ္ဓဟူးနေ့က လယ်သမားတစ်ဦး လည်ပင်း ဓားဒဏ်ရာဖြင့်
  သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သံတွဲမြို့ မြေပုံ (မူရင်း - Google Map)

သေဆုံးသူမှာ နတ်မော်ကျေးရွာအုပ်စုရှိ သဗြုချိုင်ကျေးရွာ လယ်စောင့်တဲတခုတွင် ရှိနေသည့် ဦးအေးမြင့် ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

“လည်ပင်းကိုဓားနဲ့လှီးခံထားရတာပါ။  ဒီမနက် ၇ နာရီခွဲမှာ သတင်းရလို့ ရဲစခန်းကို အကြောင်းကြားပြီး သွားကြည့်မှ သိရတာပါ။ ဆရာဝန်စစ်ချက်ယူဖို့ အလောင်းကို ခွဲစိတ်ပြီး အခုတော့ အိမ်ကို ပြန်သယ်ထားပါပြီ။ တရားခံ အမြန်ဆုံးဖော်နိုင်အောင် လုပ်ဖို့အတွက် မြို့နယ်မှူး၊ စခန်းမှူးနဲ့ တပ်နယ်မှူးတွေလည်း ရောက်နေပါတယ်” ဟု
ဦးထွန်းထွန်းဝင်းက ဧရာဝတီသို့ပြောသည်။
 သေဆုံးမှု သတင်း ဒေသတွင်း ချက်ချင်း ပြန့်သွားပြီး  သံတွဲမြို့ပေါ်ရှိ ဈေးဆိုင်အချို့နှင့် စာသင်ကျောင်းအချို့ စောစောပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“နေ့လည် ၁ နာရီလောက်မှာ ဈေးဆိုင်တချို့က ကပျာကယာ ပိတ်ပြီး ပြန်ကြတယ်။ ဒီမှာက ဒီလိုပဲ ကျီးလန့်အစာစားဖြစ်နေတယ်။ ကောလဟလတွေကလည်း ရုတ်ရုတ် ရုတ်ရုတ်နဲ့ ခဏခဏဖြစ်နေတယ်။ လက်ရှိမှာတော့ အေးအေးဆေးဆေး အခြေအနေပါပဲ” ဟု သံတွဲမြို့မှ ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အမျိုးသမီးငယ်တစ်ဦးအား လူမျိုးခြား နှစ်ဦးက မတရားကျင့်ခဲ့သည့်အမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထို
အမှုနှင့်ပတ်သက်၍ သံတွဲခရိုင်တရားရုံးက တရားလိုနှင့် တရားပြိုင်တို့အား စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ထိုအမှုကြောင့် ဒေသတွင်း  ပဋိပက္ခတချို့ဖြစ်ပွားခဲ့ပြီး
ကောလဟလများလည်း နေ့စဉ် ထွက်ပေါ်လျက်ရှိကြောင်း သံတွဲမြို့နယ် ကောလဟလတိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစိုးမြင့်က ပြောသည်။

“ဒီနေ့ ရုတ်ရုတ်သဲသဲဖြစ်တော့ ကျောင်းသားမိဘတွေက ကလေးတွေကို ပြန်လာခေါ်ကြတယ်။ ဘယ်မှာတော့ လူသတ်မှုဖြစ်လို့ ရိုက်ပွဲဖြစ် ပြန်ပြီဆိုပြီး။ နေ့တိုင်းလိုလို သတင်းတွေက ၀င်တယ်။ ကျနော်တို့အဖွဲ့က နေ့တိုင်း ရုံးထိုင်ပြီး ၀င်လာတဲ့ ဖုန်းတွေကိုဖြေပေးတယ်။ သတင်း အမှန်ရအောင် အတတ်နိုင်ဆုံးကြိုးစားပါတယ်”ဟု  ဦးစိုးမြင့်က ရှင်းပြသည်။

သံတွဲမြို့တွင်လုံခြုံရေးအတွက် ညမထွက်ရ အမိန့်ကို ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သံတွဲရဲစခန်းထံမှ သိရသည်။



.

1 comments :

  1. Anonymous said... :

    သူတို့ သတ်တိုင်း လည်လှီး သတ်တယ်။
    လည်လှီး သတ်ခံရပြီဆိုရင် သူတို့ လက်ချက်ဆိုတာ သေချာပြီ။
    ဘယ်သူလွန်လဲ မလွန်လဲ စဉ်းစားကြည့်။
    ကမ္ဘာမှာ မြန်မာတွေကဘဲ သူတို့တွေကို အနိုင်ကျင့်နေသလို လန်ကြုပ်ဇာတ်တွေ ခင်းလို့။
    စွမ်းအားရှင်တွေ ဝင်ရှုပ်လို့ ပိုဆိုးကုန်တာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved