အချိန်ဆင်းရဲသော မြန်မာပြည်နှင့် ပညာရေးကဏ္ဍ

Saturday, July 20, 2013



 

ကျွန်မအနေဖြင့် ဤဆောင်းပါးမျိုးကို ရေးရန် အကြိမ်ကြိမ် စဉ်းစားခဲ့ဘူးသော်လည်း မရေးဖြစ်ခဲ့ပါ။ ဤခေါင်းစဉ်မျိုးသည်လည်း ဆောင်းပါးတစ်စောင်ထက် ပိုမိုလေးနက်သော ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင် ဖြစ်သင့်ပါသည်။ စာတမ်းတစ်စောင်ဖြစ်ပေါ်လာစေရန် တိကျမှန်ကန်သော အချက်အလက် များစွာလည်း လိုအပ်ပါသည်။ ကျွန်မအနေဖြင့် စာတမ်းတစ်စောင်ပေါ်ထွက်လာရန် ကြိုးပမ်းလိုသော်လည်း ယခုအခါ တိုင်းပြည်တည်ဆောက်ရေးအတွက် အချိန်သည် အံ့သြစရာကောင်းလောက်အောင် ဆင်းရဲပါသည်။ ကျွန်မမှာ လွှတ်တော်ကဏ္ဍကို ရုပ်မြင်သံကြားတွင် ကြည့်သည့်အခါ လွှတ်တော်ကိုယ်စားလှယ် ကြီးများ စတင်ဆွေးနွေး သည့်အခါတွင် ဂါရ၀ပြုနိဒါန်းစကားလေးတွင် မင်္ဂလာပါဆိုသည့်စကားထက် ရှည်လျားသွားလျှင်ပင် စိတ်ထဲတွင် မချင့်မရဲ ဖြစ်ကာ အချိန်တွေကုန်လိုက်တာ ဟု တွေးမိပါသည်။

ဤရွေ့ဤမျှ အချိန်ဆင်းရဲနေသော တိုင်းပြည်အတွက် ပညာရေးကဏ္ဍတွင် ကျွန်မ ထင်မြင်ယူဆသော အချက်အလက်များကို အချိန်ကုန်ခံမနေတော့ဘဲတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ child center approach  (
CCA) ပုံစံဖြင့် သင်ကြားပုံနည်းစနစ်များကို နိုင်ငံတော်က ပညာရေးတက္ကသိုလ်တွင် ပို့ချပြီး မည်ရွေ့မည်မျှ လက်တွေ့ တွင် အသုံးချသင်ကြားခြင်းရှိ မရှိမသိရသေးကြောင်းကို Voice ဂျာနယ်တွင်ဖတ်ရှုရပါသည်။ CCA စနစ်သည် ကလေးကို ဗဟိုပြုသင်ကြားသောစနစ်ဖြစ်၍ သင်ကြားသူ ဆရာ၊ဆရာမနှင့် ကလေးမှာ အချိုးကျမှသာ ဤစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဆိုသည့် အဓိကအချက်ကို ဦးစွာ ဖြေရှင်းပြီးမှသာလျှင် လက်တွေ့ ကျင့်သုံးနိုင်မည်ဖြစ်ပါသည်။

ဦးစွာ စဉ်းစားရမည်မှာ ကျွန်မတို့နိုင်ငံတွင် အခြေခံပညာကို သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူဦးရေနှင့် သင်ကြားပြသပေးနေသော ဆရာ၊ ဆရာမ အချိုး၊ ကျောင်းသားကျောင်းသူဦးရေ နှင့် ကျောင်းစာသင်ခန်းအချိုး ဖြစ်ပါသည်။ ထို့ပြင် မြို့ပြနေကျောင်းသား၊ ကျောင်းသူဦးရေ နှင့် ကျေးလက်နေ ကျောင်းသားကျောင်းသူတို့၏ အချိုးကိုလည်း တိကျသေချာစွာ ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါသည်။ ကျွန်မတို့ မြို့ကြီးပြကြီးနေကျောင်းသားကျောင်းသူများမှာပင် အရည်အသွေးမြင့်မားအောင်ပံ့ပိုးနိုင်သော မိဘ နှင့် မြို့ကြီးပြကြီးတွင်နေထိုင်လျက် မပံ့ပိုးနိုင်သော မိဘများကိုလည်း အချိုးညီညီ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။


ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ် တနေရာမှ လုပ်အားပေးဆရာမများ (ဓာတ်ပုံ - ဧရာဝတီ)

လွန်ခဲ့သော နွေရာသီက ကျွန်မသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စီစဉ် ပေးမှုဖြင့် ခတ္ထိယ ကျေးရွာရှိ ဘုန်းတော်ကြီးပညာသင်ကျောင်းသို့  အင်္ဂလိပ်စာသင်တန်းပေးရန် သွားရောက်ခဲ့ပါသည်။ ၄င်းရွာသည် ရန်ကုန်မြို့နှင့် အလှမ်းမကွာလှပါ။
ရန်ကုန်မြို့နှင့် ညောင်တုန်းမြို့အကြားတွင် ရှိပြီး နှစ်နာရီကျော် ကျော်မျှသာ ကားဖြင့် သွားရပါသည်။ သို့သော် မိုးရာသီတွင်မူ ရွာအ၀င်လမ်းသည် မြေသားလမ်းသက်သက် ဖြစ်၍ ဗွက်ပေါက်ကာ ကားဖြင့် မ၀င်နိုင်ပါ။ နွေရာသီဆိုလျှင် ရေလမ်းကိုသာ အားကိုးရသောရွာဖြစ်ပါသည်။
ထိုကျောင်းတွင် ဦးစီးဦးဆောင်ပြုနေသော ကျောင်းထိုင်ဘုန်းကြီးနှင့်ရော ကျောင်းအုပ် ဘုန်းကြီးနှင့်ပါ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါသည်။ ကျောင်းထိုင်ဘုန်းကြီးက ဆရာ၊ ဆရာမများသည် ဖတ်စာအုပ်အပြင်ကိုထွက်၍ စာမသင်နိုင်ကြောင်းကို မိန့်ကြားသည့်အခါ ဘုန်းဘုန်းမိန့်ကြားနေသည်မှာ  CCA ပုံစံပင်ဖြစ်ကြောင်း အံ့သြတကြီး သိခဲ့ရပါသည်။
ဘုန်းဘုန်းသည်ပင်လျှင် ၄င်းမိန့်ကြားနေသည့် စာသင်နည်းသည် ကျောင်းသားကို ဗဟိုပြုသည့် နည်းစနစ်မှန်း သိဟန်မတူပါ။ သို့သော် စာသင်သားတို့အတွက် အလွန် အကျိုးရှိမည့် စနစ်ဖြစ်သည်ကိုတော့ ဘုန်းဘုန်းက သိပါသည်။ 

ထို့နောက် ဘုန်းဘုန်းကပင် ကျွန်မတို့ အနေနှင့် ဖြစ်နိုင်လျှင် ဆရာ၊ ဆရာမများကိုပါ မွမ်းမံသင်တန်းလေးပေးစေလို၍ ကျွန်မတို့ ဆရာ၊ ဆရာမများနှင့် ညပိုင်းတွင် သင်တန်းလေးလုပ်ဖြစ်ခဲ့ပါသည်။ ဆရာ၊ ဆရာမများမှာ နီးနီးနားနားတွင် နေသူများမဟုတ်ပါ။
ကုန်းတတန်၊ ရေတတန်လာရသူများ ရှိသော်လည်း အချိန်မီအကြောင်းကြားခဲ့ပြီး ၄င်းဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် သင်ကြားသမျှ ဆရာ၊ ဆရာမ များအားလုံး ညနေဖက်ကို အရောက်လာကာ တက်ရောက်ခဲ့ကြပါသည်။
ကျွန်မတို့ပြုလုပ်သော မွမ်းမံသင်တန်းကို ကျောင်းထိုင်ဘုန်းဘုန်းရော၊ ကျောင်းအုပ် ဘုန်းဘုန်းပါ တက်ရောက်ခဲ့ပါသည်။ ကျွန်မတို့သည် တက်ရောက်လာသော ဆရာ၊ဆရာမများအား အပြန်အလှန်ဆွေးနွေးကြပါရန် ပြောသော်လည်း ဆွေးနွေးမည့်သူဟူ၍ ကျောင်းထိုင်ဘုန်းဘုန်းမှ တစ်ပါး အခြားမည်သူမှ ဆွေးနွေးခြင်းမရှိပါ။
ဆွေးနွေးရန်ဖိတ်ခေါ်သောအခါ ဆရာ၊ ဆရာမများ၏ မျက်လုံးထဲတွင် ဘာကို ဆွေးနွေးရမှာလဲ ဟူသော တွေဝေခြင်းမျိုးသာမြင်ခဲ့ရပါသည်။
ဆရာ၊ဆရာမများအနေနှင့် အပြန်အလှန် ဆွေးနွေးခြင်းကိစ္စရပ်ကို တစ်ကြိမ်တစ်ခါမျှ လုပ်ခဲ့ဖူးဟန် မရှိပါ။
ကျွန်မတို့လူမျိုး၏ ယဉ်ကျေးမှုဖြစ်သော လူကြီးကို ရိုသေခြင်းနှင့် ငြင်းခုံခြင်းသည် ဆန့်ကျင်ဖက်သဘောများဖြစ်နေသည့်အခါ အပြန်အလှန်ဆွေးနွေးခြင်းသည်လည်း မလေးစားရာကျသည့်သဘော သက်ဝင်သယောင် ဖြစ်နေသလားဟု ကျွန်မ စဉ်းစားမိပါသည်။

တဖန် ၄င်းဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူနေသော ကလေးငယ်များရရှိသော စာသင်ခန်းနှင့် ကျောင်းသုံးပရိဘောဂသည် အလွန်ပင်ဆင်းရဲလှပါသည်။
ကျွန်မသင်ကြားပေးခဲ့သောစာသင်ခန်းသည် အမှန်တကယ်တော့ စာသင်ခန်းမဟုတ်ပါ။
 အတော်အတန်ကြီးမားသော ဗုဒ္ဓဆင်းတုတော်များ ကိန်းအောင်းရာ ဇရပ်ကြီးတစ်ခုဖြစ်ပါသည်။ (ယခင်က သိမ်ဟောင်းဟုဆိုပါသည်။)
ကလေးများအတွက် စာသင်စားပွဲရှည်များသာရှိပြီး ကုလားထိုင်မရှိပါ။ ကလေးများသည် ကြမ်းပြင်တွင်ထိုင်ကာ သင်ယူရပါသည်။
ထိုင်ရသော ကြမ်းပြင်သည်လည်း  ပျက်စီးနေသော အင်္ဂတေခင်းကြမ်းပြင်ဖြစ်ပါသည်။ သို့သော် ကလေးများ၏ သိချင်တတ် ချင်သော မျက်ဝန်းများကတော့ တဖိတ်ဖိတ်လက်နေပါသည်။
 


ရန်ကုန်တိုင်း ကော့မှူးမြို့နယ် အထက်တန်းကျောင်းရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
          ကျွန်မတို့သည် လူသားလေးများကို ပညာသင် ပေးသည့်အခါ လူသားနှင့် ထိုက်တန်သော အဆောင် အယောင်များ လိုအပ်ပါသည်။
ထိုအဆောင်အယောင်များသည်လည်း မိမိနိုင်ငံအဆင့်အတန်းနှင့် ထိုက်တန် သော အဆောင်အယောင်မျိုးမျှသာ ဖြစ်ရန်လိုပါသည်။ ကလေးသူငယ်များ၏ ပတ်ဝန်းကျင်သည် ကလေး၏ စိတ်ကို ပြောင်းလဲ စေသည်မှာ အထူးပြောရန်မလိုပါ။ သို့သော် မြို့ပြတစ်ခုတည်းမှာပင် တစ်ကျောင်းနှင့် တစ်ကျောင်း အဆောင်အယောင်တို့က မတူပါ။ ကျွန်မတို့က ပညာရေးဟု ဆိုလျှင် ထိုထှိုမျှသော ကိစ္စ အရပ် ရပ်တို့သည် အချိုးညီညီ တစ်ရှိန်ထိုး ပြောင်းလဲပစ်ရန် အရေးကြီးလှပါသည်။

ခတ္ထိယကျေးရွာဘုန်းတော်ကြီးစာသင်ကျောင်းကို ကျွန်မက တစ်နိုင်ငံလုံးကို ကိုယ်စားပြု၍မြင်ပါသည်။
လက်တစ်ဆုပ်စာမျှရှိသော အဆင်မြင့်စာသင်ကျောင်းများသည် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြု၍ မရပါ။ ကျွန်မတို့ ပညာရေးလောကပြုပြင်ပြောင်းလဲမှုကို ထိရောက် လျင်မြန်စွာ မလုပ်နိုင်လျှင် နိုင်ငံတော်တိုးတက်ရေး သည် မြိုပြတိုးတက်ရေးမျှသာဖြစ်ပါလိမ့်မည်။ မြို့ပြတိုးတက်ရေးဟု ဆိုလျှင်လည်း မြို့ပြတစ်ခုလုံး တိုးတက်ရေး မဟုတ်ဘဲ မြို့ပြအတွင်းရှိ လက်တစ်ဆုပ်စာမျှ တိုးတက်ရေးပင် ဖြစ်ပါလိမ့်မည်။ လူနေမှုအဆင့်အတန်းကို ကျေးလက်၊ မြို့ပြဟု ခွဲခြားပြောဆိုနိုင်သော်လည်း ပညာရေးအဆင့်အတန်းကိုမူ လူနေမှုအဆင့်အတန်းကဲ့သို့ ခွဲခြားမရသည်ကိုလည်း သတိပြုဆင်ခြင်ရပါမည်။ 

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဆရာ ဆရာများနှင့်  ဒေါ်အောင်ဆန်းစုကြည်  တွေ့ဆုံပွဲတခု (ဓာတ်ပုံ - ဧရာဝတီ) 
 ထို့အပြင်ပညာရေးဟူသည် သင်ယူသူများနှင့်သာ သက်ဆိုင်သည်ဟု မပြောနိုင်သလို သင်ကြားသူများနှင့်သာ သက်ဆိုင်သည် ဟူ၍မဆိုနိုင်ပါ။
သင်ယူသူနောက်ကွယ်က မိဘများသည်လည်း အရေးပါသော ကဏ္ဍ တစ်ရပ်တွင် ပါဝင်ပါသည်။ ပညာရေးသည် သားသမီးများ၏ နောင်ရေးအတွက် မျက်စေ့ကျစရာ ဖြစ်လာလျှင် မိဘများ၏ ပံ့ပိုးမှုသည် မြင့်မားလာမည်ဖြစ်ပါသည်။
ကျွန်မတို့တိုင်းပြည်တွင် ပညာရေးကို မျက်စေ့ကျသော မိဘများသည် လက်ရှိအခြေအနေအရ တိုင်းပြည်တ၀ှမ်းအနေဖြင့် ကြည့်လျှင် လက်တစ်ဆုပ်စာမျှသာရှိသည် ဟုပြောနိုင်ပါသည်။ နိုင်ငံတော်တစ်ဝှမ်းရှိ စာသင်ခန်းများကို မိဘများ ယုံကြည်မှုရှိလာစေရေးသည်လည်း ပညာရေးကို မျက်စေ့ကျစေသော အချက်တစ်ချက်ဖြစ်ပါသည်။

ထို့ကြောင့်ပညာရေးတိုးတက်မြင့်မားရေးသည် အပြောလွယ်သလောက် အလုပ်ခက်သည့် ကဏ္ဍ ဖြစ်ပါသည်။
ဆယ်စုနှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေသော ပညာရေးလောကကို ပြုပြင်ပြောင်းလဲရန် ကဏ္ဍ ပေါင်းများစွာကို ပြောင်းလဲပစ်ရမည်ဖြစ်ပါသည်။
ကဏ္ဍတစ်ခုပြီးတစ်ခု ပြောင်းလဲ၍လည်းမရပါ။ ကဏ္ဍတိုင်းကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း စတင်ပြောင်းလဲပစ်ရမည်ဖြစ်ပါသည်။
အင်္ဂလိပ်အုပ်ချုပ်စဉ်က မြန်မာနိုင်ငံ ပညာရေးသည် အင်္ဂလိပ်အတွက် ၄င်းတို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်အောင်မျှသာ ဖြစ်ပါသည်။
သို့သော် ကျွန်မတို့သည်  အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင်မျှသာ တိုးတက်အောင်လုပ်၍ မရပါ။
နိုင်ငံတ၀ှမ်း တိုးတက်အောင်ပြုလုပ်ရမည်ဖြစ်၍ အချိန်ဆွဲနေလျှင် မျက်ကွယ်ပြုနေလျှင် လက်တစ်ဆုပ်စာ လူတန်းစား၏ တိုးတက်ဖွံ့ဖြိုးရေးကိုသာ ရှေ့ရှုရာကျမည်ဖြစ်ပါတော့သည်။

 ဘာရာဒွါဂျာ (မြန်မာပြည်)

 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved