မူးယစ်ဆေး နဲ့ လူငယ်

Saturday, July 20, 2013

 
ရန်ကုန်မြို့က ကျောင်းသား လူငယ်တွေကြား မကောင်းတဲ့အရာတွေထဲမှာ မူးယစ်ဆေး သုံးစွဲမှုလည်း ပါဝင်နေပါတယ်။  
 အထူးသဖြင့် ဆေးခြောက်နဲ့ WY စာတန်းပါ စိတ်ကြွဆေးပြားတွေပါပဲ။
ဘိန်းဖြူ သုံးစွဲမှုက   များများစားစား မရှိပါဘူး၊ ဒါကလည်း ဈေးကြီးတာနဲ့ ၀ယ်ယူရရှိမှု ခက်ခဲတာကြောင့် ဖြစ်ပါလိမ့်မယ်။



ဆေးခြောက်နဲ့ ဆေးပြားတွေကတော့ ပိုပြီးတော့ အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ အတွက် မူးယစ်ဆေးသမား လူငယ်တွေ ပိုပြီး အသုံးများနေတာပါ တဲ့။

ဆေးခြောက်နဲ့ ပတ်သက်ပြီး လူငယ်တယောက်ရဲ့ ပြောဆိုချက်ကိုလည်း နားထောင်ကြည့်ပါ -

    “ဆေးခြောက်က ဆေးလိပ်(အရပ်ခေါ်ဖက်ကြမ်း)ထဲကို ထည့်ပြီး သောက်တာ ဆိုတော့ ဆေးခြောက်သုံးနေတယ်ဆိုတာကို လူတိုင်းမသိဘူး၊
အနံ့ကိုတော့ ဒါနဲ့နီးစပ်တဲ့သူတွေကတော့ သိတယ်” လို့  တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပါတယ်။

    တက္ကသိုလ်ကျောင်းတွေ ဝန်းကျင်မှာ ဘယ်လို သုံးစွဲနေကြပါသလဲ - ဘယ်က ဝယ်ကြပါသလဲ - ကြည့်ကြရအောင် ...

“တချို့ ကျောင်းကားပေါ်မှာ လိုက်တဲ့စပယ်ယာတွေဆီကနေ ကျောင်းသားတွေက ၀ယ်ကြတယ်။
တချို့ ကွမ်းယာဆိုင်တွေကလည်း ရောင်းတော့ ကျောင်းသားတွေက အလွယ် ဝယ်လို့ရနေကြတယ်” လို့ ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်နေသူတဦးရဲ့  မိဘတစ်ဦးကပြောပါတယ်။

ဒါက ဥပမာ တချို့ပါ။
မူးယစ်ဆေး ရနိုင်တဲ့ တခြား ရင်းမြစ်တွေ ရှိကောင်း ရှိပါလိမ့်မယ်။

ကျောင်းသားတချို့ ကျောင်းသင် ပညာရေးမှာ အာရုံမပြုနိုင်လောက်အောင် ဖြစ်နေတဲ့အထိ မူးယစ်ဆေးက ရန်ကုန်က တက္ကသိုလ်တချို့ရဲ့ ဝန်းကျင်မှာ ရောက်နေတာပါ။
နယ်ဘက်မှာလည်း မူးယစ်ဆေးမျိုးစုံက ဒေသအများအပြားမှာ ရှိနေပါတယ်။

အာဏာပိုင်တွေကတော့ မူးယစ်ဆေးရောင်းဝယ်မှုတွေကို အရေးယူဖမ်း ဆီးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာသလို ဘိန်းစိုက်မှုတိုက်ဖျက်ရေးလည်း လုပ်ဆောင်နေတာပါ။

သို့သော်လည်း  အာဖဂန်နစ္စတန်ပြီးရင်   ကမ္ဘာ့ ဘိန်း ထုတ်လုပ်မှု အများဆုံးနိုင်ငံ ဆိုတဲ့ အဆင့်ကနေ  လျှော့ကျသွား ဖို့တော့ မလွယ်ကူနိုင်သေးပါဘူး။                                                            

နိုင်ငံတခုမှာ မူးယစ်ဆေး တလွဲ အသုံးပြုမှု လျော့နည်းရေး ဆောင်ရွက်ရတာဟာ အာဏာပိုင်တို့အတွက် လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါ။

တရားဥပဒေစိုးမိုးရေး ပိုမို ဖြစ်ထွန်းလာချိန်မှ မူးယစ်ဆေး တလွဲသုံးမှုလည်း တဖြည်းဖြည်း လျော့နည်းလာမယ်လို့ ယူဆရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved