ကွယ်လွန်သူ လော်စစ်ဟန် အကြောင်းတစေ့တစောင်း

Monday, July 8, 2013


မြန်မာနိုင်ငံက ဘိန်းဘုရင်ဟောင်းအဖြစ်နာမည်ကြီးတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးဖြစ်သူ လောစစ်ဟန် ဟာ ရန်ကုန်က သူ့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးရဲ့ အတည်ပြုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

 ဓာတ်ပုံ- docstoc.com

ပြီးခဲ့တဲ့ စနေနေ့က ဘိန်းဘုရင်ဟောင်းလော်စစ်ဟန်က ရန်ကုန်နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး အဆိုပါ သတင်းကို အတည်ပြုပေးသူက အကြောင်းကြောင်းကြောင့် အမည်ဖော်ပြမရဘူးလို့ ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။ 

ကွယ်လွန်ချိန်မှာ အသက် ၇၀ ကျော်ပြီဖြစ်ပြီး ဘာကြောင့် သေဆုံးတယ်ဆိုတာတော့ ချက်ချင်း မသိနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ကိုးကန့်ဒေသက ဘိန်းဘုရင် လောစစ်ဟန်ဟာ မူးရစ်ဆေးဝါး လောကမှာ နှစ်ပေါင်း ၄၀ ကျော်လောက် ကျင်လည်ခဲ့တယ် လို့ ဆိုကြပါတယ်။ 

၁၉၆၀ ခုနှစ်ကျော်ကာလတုန်းက မြန်မာအာဏာရှင် ဦးနေ၀င်းလက်ထက် ကိုးကန့်ဒေသတွင်းက ကွန်မြူနစ်တွေကို သူက ကူညီတိုက်ပေးခဲ့လို့ တရာဝင် ဘိန်းကုန်ကူးခွင့် ရတာလို့ သတင်းစာဆရာ ဘာတေးလစ်တနာက ဆိုပါတယ်။ 

အစကတော့ လော်စစ်ဟန်ဟာ ကိုးကန့်ဒေသက ပြည်သူ့စစ် ကိုယ်ပိုင်တပ်မှူးတဦးအဖြစ် မထင်မရှား ရှိနေရာက ဘိန်း ရာဇာကြီး အဖြစ် တဖြည်းဖြည်း ကြီးထွားလာပြီး ဒေသတွင်းမှာလည်း အတော်သြဇာညောင်းခဲ့သူပါ။ 

မြန်မာအစိုးရက ပြည်သူ့စစ်တွေကို ဖျက်သိမ်းပြီး ကိုးကန့်ပြည်သူ့စစ်လည်း တရားမ၀င် အဖွဲ့ဖြစ်လာပြီးနောက် လော်စစ်ဟန်ကို ထိုင်းနိုင်ငံ မြောက်ပိုင်းတနေရာမှာ ထိုင်းရဲတွေက ၁၉၇၃ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး မြန်မာအစိုးရဆီကို လွှဲ ပြောင်းပေးခဲ့ပါတယ်။

အဲဒီမှာ လော်စစ်ဟန်ဟာ မူးယစ်မှုနဲ့မဟုတ်ပဲ ပုန်ကန်မှုနဲ့ သေဒဏ်ကျခံရပြီး နောက် တသက်တကျွန်း 
ထောင် ဒဏ် ပြောင်းလဲခံခဲ့ရပါတယ်။ 

ဒါပေမယ့် သူဟာ ဦးနေ၀င်းရဲ့ ၁၉၈၀ ခုနှစ်က ၂/၈၀ အမိန့်နဲ့ အကျဉ်းထောင်က ပြန်လည် လွတ် မြောက်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၉၂ ခုနှစ်မှာတော့ လော်စစ်ဟန်ဟာ သူ့သား စတီဖင်လော ခေါ် ဦးထွန်းမြင့်နိုင်နဲ့ အတူ အေးရှားဝါးလ်လို့ ခေါ်တဲ့ ကုမ္ပဏီလုပ်ငန်းစုကြီးကို တည်ထောင်ခဲ့ပါတယ်။ 

အဲဒီကုမ္ပဏီကိုတည်ထောင်တာကလည်း မူးယစ်ဆေးဝါး ရောင်း ၀ယ်ဖောက်ကားမှုတွေအတွက် ဗန်းပြ လုပ်တာလို့လည်း တချို့က ပြောဆိုကြပါတယ်။

ဒါပေမယ့် လမ်းတံတားတွေ၊ အမြန်လမ်းမကြီးတွေ၊ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေတည်ဆောက်ရေး ကန်ထရိုက်တွေ လုပ်ရင်း အေးရှားဝါးလ်ဟာ တမုဟုတ်ချင်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီလုပ်ငန်းစု ၂ ခုထဲမှာ တခုအပါအ၀င်ဖြစ်လာ ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနကတော့သူ့ကို God father of Heroin လို့ သတ်မှတ်ပြီး ၂၀၀၈ ခုနှစ်ကတော့ စီးပွား ရေး ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

ရှမ်းပြည်ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေး ပေးတဲ့ အကျိုးဆောင်တဦးလည်းဖြစ်တယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ရေးပါတယ်။

Observer သတင်းစာရေးသားချက်အရတော့ စိန်စီတဲ့ညအဖြစ် နာမည်ကြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး မင်္ဂလာပွဲကို ကြီးမှူးကျင်းပရာမှာ လော်စစ်ဟန် မိသားစု ပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။

လော်စစ်ဟန်ရဲ့ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်ကတော့ အေးရှားဝါး ကုမ္ပဏီလုပ်ငန်းစုကြီးကို အခုထိ ဦးဆောင်နေပြီး သူလည်းပဲ အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ထားမှု စာရင်းမှာ ရှိနေဆဲပါ။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved