ဒု- ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်က ဒဏ်ခတ်မှု စာရင်းသွင်း

Thursday, July 4, 2013

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ပိတ်ပင်ထားသော ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယား ထံမှ လက်နက်ဝယ်ယူသည်ဟု စွပ်စွဲကာ တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်း လိုက် ပါတယ်။ 


ဒီလို စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည်ကောင်းမွန်လာနေတဲ့ အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး တမျိုးတဖုံ ပြောင်းလဲလာမည်လား။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနှင့် ငွေကြေး စုံစမ်းစစ်ဆေးရေး ဌာနခွဲက မြန်မာ့ တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ရုံးကို ကိုယ်စားပြုပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လ တွင် အရောင်းအဝယ်လုပ်ခဲ့သောကြောင့် နယ်စပ်ရေးရာဝန်ကြီးလည်းဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး သည် “မြောက်ကိုရီးယား၏ တရားမဝင် လုပ်ဆောင်ချက်များကို တိုက်ရိုက် ထောက်ပံ့သော ဝင်ငွေ ဖြစ်စေ သည့် စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းအား ပိတ်ပင်ထားမှုအပေါ် မလေးစား”ဆိုပြီး လွန်ခဲ့တဲ့ တနေ့က ထုတ်ပြန်ခဲ့တာပါ။ 

ယခုလို အရေးယူမှုကြောင့် အမေရိကန်နိုင်ငံသားတွေအနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ တွဲပြီး စီးပွားရေးလုပ်ငန်းလုပ်ခွင့်၊ ငွေကြေး အလွှဲအပြောင်း လုပ်ခွင့်တွေ မရှိတော့ဘဲ အမေရိကန်ပြည်ထောင်စုမှာ ရှိနိုင်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးရဲ့ ပိုင်ဆိုင်မှုများတွေကိုလည်း သိမ်းဆည်းထားမယ်လို့ ဆိုတယ်။

ပြီးတော့ အခုလို အရေးယူခြင်းဟာ ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကိုသာ ပစ်မှတ်ထား အရေးယူခြင်းဖြစ်ပြီး “မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုများမှ ကင်းကင်းနေလာခြင်းဖြင့် အပြု သဘောဆောင် ခြေလှမ်း များ ဆက်လက် လျှောက်လှမ်းနေသော မြန်မာအစိုးရနဲ့ မသက်ဆိုင်” ဘူးလို့ အမေရိကန်က ထုတ်ပြန်ခဲ့ တယ်။ 

သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ နယ်စပ်ရေးရာ ၀န်ကြီးလည်း လုပ်ခဲ့ဖူးတဲ့ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ နိုင်ငံ တကာ အဖွဲ့အစည်းတွေနဲ့ အဓိက ဆက်ဆံခဲ့ဖူးပြီး အထူးသဖြင့် ရခိုင်ပြည်နယ်ကိစ္စမှာ လူမြင်ကွင်းမှာ အတော် တွေ့ခဲ့ရသူဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်မှာ စကားလက်ဆုံကျနေတဲ့ ဓာတ်ပုံတွေနဲ့လည်း လူသိများသူပါ။ 

ဒီအကြောင်း အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ရဲနည် တင်ပြထားတဲ့ ဒု- ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှုစာရင်းသွင်း http://burma.irrawaddy.org/archives/43554 ဆိုတဲ့ သတင်းဆောင်းပါးမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved