ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေလား

Sunday, July 21, 2013

ဒီဓာတ်ပုံဟာ မြန်မာငြိမ်းချမ်းရေး စင်တာ ( MPC ) က ဦးမင်းဇော်ဦး တင်ထားတဲ့ ဓာတ်ပုံတပုံပါ။ ဒီဓာတ်ပုံဟာ အဓိပ္ပာယ်တွေ အများကြီးကို ဖော်ဆောင်နေသလို ရှိပါတယ်။ 

 MPC  မှာ ယနေ့ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးပွဲအပြီး မြင်ရပုံ၊ ဓာတ်ပုံ - Min Zaw Oo 
ဒီဓာတ်ပုံဟာ ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ MPC မှာ စုပေါင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်းဖြစ်ပါတယ်။ 

တချိန်က နာမည်ကြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စစ်ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အပါအ၀င် လွှတ်တော်ဆိုင်ရာ ခေါင်းဆောင်တွေ MPC မှာ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးကြအပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ 

သမ္မတ ဦးသိန်းစိန်နဲ့ အဓိက နီးစပ်ပြီး သမ္မတရုံး ၀န်ကြီး တဦးဖြစ်တဲ့ ဦးအောင်မင်း ပတ်သက်တဲ့ ဒီ MPC ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် သေနတ်သံ မစဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ စစ်တပ် တို့ကြား စစ်ပွဲတွေကနေ အပစ်အခတ်ရပ်စဲရေးတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးကို အဓိက ဖော်ဆောင်နေတယ်လို့ လူတွေက သိထားကြပါတယ်။ 

ဒါကြောင့် အခုလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးထဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါဝင်စေလိုတဲ့ အတွက် တောင်းဆိုမှုတွေ ရှိနေသလို ဒေါ်အောင်ဆန်းစုကြည်က လည်း ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မိမိတတ်နိုင်တဲ့ ဘက်က ပါဝင်လိုကြောင်း အခါခါ ပြောခဲ့ဖူးပါတယ်။ 

တခါ စစ်ဗိုလ်ကြီးတဖြစ်လဲ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် လွှတ်တော်ခေါင်းဆောင် ပိုင်းတွေလည်း ဒီ MPC မှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှုတွေ မှာပါဝင်လာသလို ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင် လာနေတာကြောင့် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေများ ပေါ်ထွက်လာမ လားလို့ တွေးမိပါတယ်။ 

သမ္မတ ဦးသိန်းစိန်ကလည်း ဗြိတိန်၊ ပြင်သစ် ဥရောပ ၂ နိုင်ငံ ခရီးစဉ်အတွင်း ဒီရက်ပိုင်းတွေအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးမှုကြီး ဖော်ဆောင်ကြိုးစား သွားမယ်လို့  ကမ္ဘာသိ ပြောဆိုခဲ့ပါတယ်။ 

ဒါတွေဟာ အဆက်အစပ်တွေဖြစ်ပြီး အခုလို ဒီကနေ့ MPC က ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေး မှု ဖြစ်ပေါ်ခဲ့တာလား ဆိုတာ တွေးမိပါတယ်။

တိုင်းရင်းသားတွေဘက်တော့ရော တနိုင်ငံ အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲကြီးအတွက် အဆင်သင့်ဖြစ်နေကြပြီလား ။ 

ဟိုရက်ပိုင်းက မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား မှားယွင်း ပစ်ခတ်မှုတွေနဲ့ အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ သံသယတွေ ဆက်ရှိနေသေးလား ဆိုတာတော့ မေးစရာ 
မေးခွန်း တခု ဖြစ်နေပါသေးတယ်။ 

သံသယတွေ အမှန်ပျောက်ဖို့ ဆိုတာ အစိုးရ၊ စစ်တပ်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား
တွေ၊ နိုင်ငံသားတွေ အားလုံးက လက်တွေ့ လုပ်ရပ်များနဲ့ ယုံကြည်မှု တည်ဆောက်နိုင်မှ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 


အိမ့်သံစဉ် ~

2 comments :

  1. Anonymous said... :

    ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးမှာ...ဒေါ်အောင်ဆန်းစုကြည်က...ဘာလုပ်နှိုင်မှာလဲ?တိုက်နေတာကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ စစ်တပ်။ဒေါ်အောင်ဆန်းစုကြည်နဲ့တိုက်နေတာမဟုတ်ပါဘူး။

  1. Anonymous said... :

    လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကို နိင်ငံသားတယောက်အနေနဲ.အကြံပြုချင်တာကတော. ၊ တိုင်းပြည်မှာလက်ရှိဖြစ်ပျက်နေတဲ. ပြသနာတွေကို နိင်ငံရေးအမြတ်ထုတ်ဖို.မကြိုးစားဘဲ ၊ လက်ရှိနေရာကနေတတ်နိင်သလောက်ပြည်သူလူထုအတွက် အကျိုးရှိမယ်.လုပ်ငန်တွေကိုပဲ တစိုက်မတ်မတ်လုပ်စေချင်ပါတယ် ၊ ဟိုလူနဲ.ပေါင်းမယ် ၊ ဒီပါတီနဲ.လက်တွဲမယ် ၊ ပူးပေါင်းဆောင်ရွှက်မယ်ဆိုတဲ. လူပိန်းကြိုက် နိင်ငံရေးလမ်းစဉ်တွေကို ဒီခေတ် ဒီအခါမှာ ဘယ်သူမှလက်မခံတော.ဘူး ၊ အဲဒီတော.ကိုယ်.ပါတီတွင်းမှာပဲ ထောက်ခံမူရအောင်အရင်လုပ်ပါ ၊ NLD ကလည်းသူ.ပါတီလုပ်ငန်းတွေသူလုပ်နိင်ပါတယ် ၊ ဘာမှကူညီဖေးမနေစရာမလိုပါဘူး၊ ဒါမှဘဲ ကျွန်တော်တို.လို ဘယ်ပါတီမှမ၀င်တဲ. ပြည်သူလူထုတွေအနေနဲ. ဘယ်ပါတီကောင်းတယ် ၊ ဘယ်ပါတီကို မဲပေးထောက်ခံသင်.တယ်ဆိုတာဆုံးဖြတ်လိုလွယ်ကူမှာပါ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved