လာဘ်ပေး၊ လာဘ်ယူမှုတွေ သမ္မတရုံးက တကယ် အရေးယူမှာလား

Friday, July 12, 2013

လာဘ်ပေး လာဘ်ယူတွေနဲ့ ပတ်သက်ပြီး တိုင်ကြားနိုင်ကြောင်း သမ္မတ ရုံး ၀က်ဘ်ဆိုက်တွင် ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာပါတယ်။ 


တိုင်ကြားလိုသူဟာ နိုင်ငံသား စိစစ်ရေး ကတ်အမှတ်၊ နေရပ် လိပ်စာ အပြည့်အစုံနဲ့တကွ ခိုင်လုံသော အထောက်အထားများ အပြည့်အစုံ ဖော်ပြပြီး လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး 
ကော်မတီ၊ နိုင်ငံတော် သမ္မတရုံး ရုံးအမှတ် (၁၈) နေပြည်တော် သို့ လိပ်မူ၍ ပေးပို့ တိုင်ကြားနိုင်တယ်လို့ ဆိုထားပါတယ်။ 

အထောက်အထား ပြည့်စုံသည့် တိုင်ကြားစာတွေကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး မှန်ကန်မှု ရှိတယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

အရင်ကလည်း ပြည်သူ့ ရင်ဖွင့်စာကဏ္ဍကို သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖွင့်ခဲ့ပါသေးတယ်။ ဘယ် လောက် အလေးအနက်ထားပြီး အကောင်အထည်ဖော်ခဲ့တာတော့ သဲသဲကွဲကွဲ မရှိပါဘူး။ 

ဦးသိန်းစိန် သမ္မတ တာဝန်ယူလာကတည်းက ဒီ လာဘ်ပေး၊ လာဘ်ယူ တိုက်ဖျက်ရေးကို မကြာခဏ ထုတ် ဖော်ပြောဆိုခဲ့ပါတယ်။ 
သိသာတဲ့ အရေးယူမှုလို့ ပြောနိုင်တာက ပြီးခဲ့တဲ့ ဆက်သွယ်ရေး ၀န်ကြီးကို ရာထူးက အနားပေးလိုက်တာ တခုတော့ ပြောလို့ ရမလားပါဘဲ။ 

တကယ်တမ်း  လာဘ်ပေး၊ လာဘ်ယူမှုတွေကို အာဏာပိုင်တွေက အများဆုံး ကျူးလွန်ကြတာ လူတိုင်း အသိပါ။ ဥပမာအားဖြင့် ပြောရရင် ရာထူးတက်ဖို့အတွက် အထက်လူကြီးကို သိန်း ဘယ်လောက် ပေးမှ ဆိုတဲ့ အသိဟာ ၀န်ထမ်းလောကထဲမှာ အမြစ်တွယ်နေခဲ့တာကြာပါပြီ။ 

တိုင်ကြားမှုတွေ လုပ်နိုင်ပြီလို ပြောဆိုလာတာဟာ ကြိုဆိုစရာ တခုဖြစ်ပြီး တကယ်အကောင်အထည်ဖော်ဖို့ ကိစ္စကတော့ မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။ 

အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ လာဘ်စားမှုဆိုတာတွေကို ပပျောက်အောင် ကိုင်တွယ် အရေးယူဖို့ဆိုတာ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေအရ အတော်ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။ 

ဥပမာအားဖြင့် အခုတလော ထိုင်းနိုင်ငံ သတင်းလောကမှာ နာမည်ကြီးနေတဲ့ သတင်းတပုဒ်နဲ့ ဆက်စပ်ပြီး
ပြောပြချင်ပါတယ်။ 

တလောက ဟောင်ကောင်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီးတို့ လျှို့ဝှက်တွေ့ဆုံကြစဉ် မြန်မာကာကွယ်ရေး ဦးစီးချုပ်နဲ့ ပတ်သက်ပြီး ပြောဆိုထားတဲ့ အချက်တွေထဲမှာ အမေရိကန်၊ ၀ါရှင်တန် ဒီစီ အခြေစိုက် လွတ်လပ်တဲ့ အာရှ အသံ က အသံဖိုင်ရရှိတယ်လို့ ပြောပါတယ်။ 

အဲဒီအသံဖိုင်သတင်းနဲ့ပတ်သက်တဲ့ ဖော်ပြမှုမှာ RFA သတင်းဌာနက အခုလို ဖော်ပြသွားပါတယ်။ 

" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ယုံကြည်လေးစားမှုကို အရရှိဆုံးလူဖြစ်ပြီး ထိုင်းနဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ်တွေဟာ အင်မတန်ရင်းနှီးတဲ့အတွက် မိမိတို့ ထိုင်းနိုင်ငံက ထားဝယ် 
ရေနက်ဆိပ်ကမ်း လုပ်ငန်းတွေကိုလိုချင်ရင်  ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သာနာဆပ် General Thanasak Patimapakon ကို ဝန်ကြီးချုပ် ယင်းလတ်က ဆင့်ခေါ်ပြီး ပြောလိုက် ရုံမျှသာလို
ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရင် မြန်မာနိုင်ငံနဲ့  ပတ်သက်
ပြီး မိမိတို့လိုသမျှရနိုင်မှာဖြစ်ကြောင်း ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ယုသာဆပ်က ပြောကြား ထားပါတယ်။
သက်ဆင်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ သင်္ကြန်ကာလက သူတွေ့ဆုံခဲ့ကြောင်း၊ သူ့ကိုတောင် ရန်ကုန်မှာ မြေကွက်တစ်ကွက်ပေးထားကြောင်း စသဖြင့်ပြောပါတယ်။" လို့ RFA မှာ ဖော်ပြထားပါတယ်။ 

အဆိုပါ သတင်းကို RFA စာမျက်နှာက ဒီနေရာမှာ (http://www.rfa.org/burmese/news/secret-talking-about-minaunghlaing-07112013111816.html) လည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

အဲဒီမှာ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထားဝယ်
ရေနက်ဆိပ်ကမ်း ထိုင်းနိုင်ငံက လုပ်ပိုင်ခွင့် ရရေးအတွက် ဆက်ဆံရေး ကောင်းမွန်အောင် ရန်ကုန် မှာ မြေ တကွက်ပေးထားတယ်  လို့ ဆိုထားလေတော့ ဒါဟာ လာဘ်ပေး၊ လာဘ်ယူမှု တခုဖြစ်နေမယ်ဆိုရင် သမ္မတ ဦးသိန်းစိန် ဘယ်လို အရေးယူမလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါပြီ။ 

အဲဒီသတင်းစာသားအရဆိုရင် သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ မြေတွေ၊ အိမ်တွေ ၀ယ်ထားတဲ့ ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို လာဘ်ပေးမှုနဲ့ အရေးယူရမလိုဖြစ်နေပြီး ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာဘ်ယူမှုနဲ့ အရေးယူအပြစ်ပေးရမယ့် ပုံဖြစ်နေပါပြီ။ 

ဒါကြောင့် သမ္မတ ဦးသိန်းစိန်အနေနဲ့ တကယ်ပဲ လာဘ်ပေး၊ လာဘ်ယူမှုတွေကို အရေးယူအပြစ်ပေးတော့ မလားဆိုတာ စောင့်ကြည့်ရတော့မှာပါဘဲ။ 


လင်းသန့် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved