ရန်ကုန်ဆိပ်ကမ်းမှာ ၅ ရက် အိပ်မယ့် တရုတ်အစိုးရသင်္ဘော

Tuesday, July 23, 2013


တရုတ်အစိုးရရဲ့ သင်္ဘောတစီး ရန်ကုန်ကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်ဆိပ်ကမ်း ရောက်လာပါလိမ့်မယ် တဲ့၊ ရန်ကုန်မြို့တရုတ်သံရုံးရဲ့ ကြေညာချက်တစောင်မှာ အဲဒီလို ဆိုထားပါတယ်။ Haixun 01 လို့ အမည်ရတဲ့ သင်္ဘော ပင်လယ်ပြင်ခရီးလှည့်နေတာ အခုလောက်ဆိုရင် အင်ဒိုနီးရှားကနေ ထွက်လာပြီလို့ ယူဆရပါတယ်။


ဧပြီလက ရှန်ဟဲမှာ တွေ့ရတဲ့ Haixun 01 (ဓာတ်ပုံ - ဆင်ဟွာသတင်းဌာန)


ဒီသင်္ဘောကြီးက နိုင်ငံ ၄ ခုကို  ခရီးထွက်မယ်၊ ၆၂ ရက်ကြာမယ် လို့ ကြေညာချက်က ဆိုပါတယ်။

ရန်ကုန်ဆိပ်ကမ်းမှာ ၂၄ ရက်နေ့ကနေ ၂၈ အထိ နေပါမယ် တဲ့။

တရုတ်အစိုးရသတင်းဌာန ဆင်ဟွာရဲ့ သတင်းတပုဒ်မှာတော့ ... ဒီသင်္ဘောသစ်ကြီးက မီတာ ၁၃၀ နီးပါး ရှည်တယ်၊ ၁၆ မီတာ ကျယ်တယ်၊ တန်ချိန်အားဖြင့်
၅,ဝဝဝ ကျော်ပါတယ် တဲ့။ ဆီမဖြည့်ဘဲနဲ့ ကီလိုမီတာ နှစ်သောင်းနီးပါး ခုတ်မောင်းနိုင်မယ်လို့လည်း ဆိုထားပါတယ်။

ပင်လယ်ပြင်မှာ လူ ၂ဝဝ ကို ကယ်တင် ခိုလှုံခွင့်ပေးနိုင်တယ်၊ ဆေးကုသမှုပေးနိုင်တဲ့ ပစ္စည်းကရိယာများလည်း တပ်ဆင်ထားပါတယ် တဲ့။
ရှေးဦးသူနာပြုစုနည်းကနေ ထိခိုက်ဒဏ်ရာရသူကို ခွဲစိတ်ကုသမှုပေးနိုင်တဲ့အထိ စီစဉ်ထားတယ်၊ ရဟတ်ယာဉ် နဲ့ ရဟတ်ယာဉ်ကွင်းလည်း ရှိတယ်လို့ သိရပါတယ်။

သင်္ဘောအမည် Haixun ကို ဂူဂဲလ်မှာ ဘာသာပြန်ကြည့်တော့ ကမ်းခြေစောင့် လို့ အဖြေထွက်ပါတယ်။

တရုတ်သင်္ဘော မြန်မာပြည်ရောက်ချိန် ဆက်စပ် ဖတ်ကြည့်သင့်တာကတော့
အမေရိကန်၊ မြန်မာ၊ တရုတ် ဆက်ဆံရေးများ http://burma.irrawaddy.org/archives/3991 ဆောင်းပါး ဖြစ်ပါတယ်။



(ဓာတ်ပုံ - ရန်ကုန် တရုတ်သံရုံး)

သင်္ဘောအကြောင်း ပြန်ဆက်ရရင် .... ရှာဖွေရေး၊ ကယ်ဆယ်ရေး နဲ့ ကင်းလှည့်သင်္ဘော ဒေသတွင်း စင်္ကြန်လျှောက်နေရတာဟာ ပင်လယ်ပြင်အတွင်း သဘာဝဘေးဒုက္ခနဲ့ တခြား အန္တရာယ်တွေနဲ့ ကြုံတွေ့တဲ့အခါ အသုံးပြုဖို့ အသင့်ဖြစ်အောင်
လေ့ကျင့်တဲ့သဘော၊ မိတ်ဆွေနိုင်ငံများနဲ့ အဆင်ပြေအောင် ထိတွေ့ကြ လေ့ကျင့်ကြတဲ့သဘော လို့ ယူဆပါတယ်။

အရပ်ဘက် သင်္ဘောကို အသုံးပြုတယ် ဆိုပေမယ့် ဒါဟာ တရုတ်အစိုးရရဲ့ စစ်ရေးလှုပ်ရှားမှုတစိတ်တဒေသလည်း ဖြစ်နိုင်ပါတယ်။

ဒေသတွင်းမှာရော ကမ္ဘာမှာပါ သြဇာကြီးတဲ့ တရုတ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုလည်း ဖြစ်နိုင်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved