မြန်မာ စစ်တပ်နဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေး တရုတ် တိုးမြှင့်လို

Tuesday, July 23, 2013

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ၂ ဦး၂ ဖက် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ချဲ့ထွင်ဖို့ စိတ်အားထက် သန်နေတယ် လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်က မနေ့က ပြောလိုက်ပါတယ်။ 

တရုတ်ကာကွယ်ရေး ဦးစီးချုပ် မစ္စတာ Fan Changlong ၊ ဓာတ်ပုံ- Zimbio.com

တရုတ်နိုင်ငံရဲ့ ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ  Fan Changlong ဟာ နေပြည်တော်ကို တရားဝင် အလည်အပတ် ခရီးစဉ် အဖြစ် ယမန်နေ့က ရောက်နေတုန်းပြောလိုက်တာဖြစ်ပြီး ဒီခရီးစဉ်ဟာ မြန်မာ- ထိုင်း၊ ကာဇစ်စတန် ၃ နိုင်ငံ ခရီးစဉ်ထဲက တခုလည်းဖြစ်တယ်လို့ UPI အွန်လိုင်း သတင်းတခုက ဖော်ပြပါတယ်။ 

တရုတ်နိုင်ငံရဲ့ တရားဝင်ဆင်ဟွာ သတင်းဌာနကတော့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေအတွက် ဆက်လက် ထိန်းသိမ်းရေးအတွက် အားထုတ်တဲ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ စစ်တပ်တွေနဲ့ တရုတ် စစ်တပ်တို့အကြား မဟာ ဗျူဟာမြောက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံက လွန်ခဲ့တဲ့ လက လွတ်လပ်ရေးလှုပ်ရှားမှု လုပ်နေတဲ့ ကချင် သူပုန်နဲ့ ငြိမ်းချမ်းရေး ပဏာမ ဆွေးနွေးမှုတွေ လုပ်ဖို့ မြန်မာကို ဖိအားပေးခဲ့တယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာအစိုးရကလည်း ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မပြေမလည်ဖြစ်နေပြီးနောက်မှာ ဇန်န၀ါရီလမှာတော့ တဖက်သတ် အပစ်ရပ်စဲရေး ကြေညာခဲ့တယ်။ 

မေ လ မှာ မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအုပ်စုကို မတရားသင်း စာရင်းက ပယ်ဖျက်ပေးခဲ့တယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူ ဦးအောင်မင်း ကပြောတာကိုလည်း အဆိုပါ သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနဲ့ စတင်ခဲ့တာပါ။ 

တိုင်းရင်းသားအရေး လှုပ်ရှားနေသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေကတော့ တချို့ ပြုပြင်ပြောင်းလဲရေး လုပ်ပြ နေ တာတွေသာဖြစ်တယ်လို့ စောဒက တက်နေကြပါတယ်။ 

ယနေ့ ဇူလိုင်လ ၂၃ ရက် အင်္ဂါနေ့မှာတော့ တရုတ် စစ်ကော်မရှင် ဒုဥက္ကဋ္ဌ Fan ဟာ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင် တွေနဲ့ တွေ့ဖို့ ရှိတယ်လို့လည်း အဆိုပါသတင်းက ဖော်ပြပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved